မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဘဏ်ဖွင့်ရက်တွေမှာ မွန်းလွဲ ၄ နာရီအချိန်မှာ ၎င်းရဲ့ ဝက်ဘ်ဆိုက်မှာ ကျပ်ငွေဖြင့် အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းကို ထုတ်ပြန်ဖော်ပြပေးမယ်လို့ ကြေညာခဲ့ပါတယ်။ အဲဒီ အမေရိကန်ဒေါ်လာ ငွေလဲနှုန်းဟာ ရည်ညွှန်း ငွေလဲနှုန်းသာ ဖြစ်ပြီး အဲဒီနှုန်းထားဖြင့် မဖြစ်မနေ ရောင်းကြဝယ်ကြရမယ်လို့ မဆိုလိုကြောင်းလည်း ရှင်းလင်းဖော်ပြထားပါတယ်။
အခုလို ကျပ်နဲ့ အမေရိကန်ဒေါ်လာတို့ရဲ့ ရည်ညွှန်းငွေလဲနှုန်း ထုတ်ပြန်ကြေညာပေးခြင်းကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေမှာ စတင်ကျင့်သုံးမယ်လို့လည်း အသိပေးထားပါတယ်။ အဲဒီ ငွေလွှဲနှုန်းထားကို တွက်ချက်သတ်မှတ်ဖို့အတွက် လိုအပ်တဲ့ အချက်အလက်တွေကို နိုင်ငံံခြား သုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လိုင်စင် (Authorised Dealer-AD License) ရယူထားတဲ့ ဘဏ်တေမှာ ဖြစ်ပေါ်တဲ့ နိုင်ငံခြားငွေ ရောင်းဝယ်မှုတွေထံမှ ရယူမှာ ဖြစ်ပါတယ်။
ထိုသို့ အချက်အလက်များ ရယူဖို့ အဆိုပါဘဏ်များက အရောင်းအဝယ် ဖြစ်ပေါ်ခဲ့တာတွေကို တစ်နေ့ ၄ကြိမ် သတင်းပေးပို့ရမှာ ဖြစ်ပါတယ်။ မနက်ပိုင်းမှာ ၁၀ နာရီမှာတစ်ကြိမ်၊ ၁၂ နာရီမှာတစ်ကြိမ်၊ မွန်းလွဲပိုင်းမှာ ၂နာရီမှာ တစ်ကြိမ်၊ ၃ နာရီ ဘဏ်ပိတ်ချိန်မှာ တစ်ကြိမ် စုစုပေါင်း ၄ ကြိမ်ကို သတ်မှတ်ချိန်မှ နာရီဝက်အတွင်း သတင်းပေးပို့ကြရမှာ ဖြစ်ပါတယ်။
ဈေးကွက်ထဲ နိုင်ငံခြားငွေ ရောင်းဝယ်ဖောက်ကားရာမှာ သုံးစွဲဖို့ မဟုတ်ဘဲ အကောက်ခွန်ကိစ္စ၊ စာရင်းအင်းကိစ္စတွေအတွက် ရည်ညွှန်းသုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာအပါအဝင် နိုင်ငံခြားငွေလဲလှယ်နှုန်းများကို forex.cbm.gov.mm မှာ ကြည့်ရှုနိုင်ပါတယ်။
မြန်မာနိုင်ငံ ဗဟိုဘဏ် လက်ရှိကျင့်သုံးနေတဲ့စနစ်က မနက်ပိုင်းမှာ ရည်ညွှန်း ငွေလဲနှုန်း ထုတ်ပြန်ပေးပြီး အဲဒီနှုန်းထားကို ပြီးခဲ့တဲ့ရက်ကို အလေးပေးထားတာဖြစ်ပါတယ်။ တကယ်လို့ ဘဏ်ပိတ်ရက် ရှည်ကြာတဲ့ ရုံးပိတ်ရက်ရှည်မျိုးတွေ၊ စနေ တနင်္ဂနွေ ၂ ရက်ပိတ်ပြီး ရုံးပြန်ဖွင့်တဲ့ တနင်္လာနေ့မျိုးတွေမှာ ထုတ်ပြန်တဲ့နေ့ နံနက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ဈေးကွက်ရဲ့ ပကတိအခြေအနေနဲ့ လိုက်လျောညီထွေမှု မရှိတာမျိုး ဖြစ်ပေါ်ပါတယ်။ ယခု ပြောင်းလဲကျင့်သုံးမယ့် စနစ်ကတော့ ဈေးကွက်ပိတ်ချိန်မှာ ထုတ်ပြန်ကြေညာပေးလိုက်တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ ဗဟိုဘဏ်ရဲ့ နိုင်ငံခြားသုံးငွေဆိုင်ရာ ရည်မှန်းချက် တစ်ရပ်မှာ အချိန်တိုကာလအတွင်း ငွေလဲနှုန်း ကြီးကြီးမားမား အတက်အကျ မဖြစ်စေရန် ဖြစ်ပါတယ်။ ထို့အတွက် မြန်မာနိုင်ငံ ဗဟိုဘဏ်မှ အဆင့်ဆင့် တိုးမြှင့်ဆောင်ရွက်သွားမှာ ဖြစ်ပြီး တကယ်လို့ ငွေလဲနှုန်း အတက်အကျ ကြမ်းနေတယ်ဆိုရင် အဲဒီ ကြီးမားတဲံ အပြောင်းအလဲကို လျော့နည်းအောင် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
ဘဏ်များအကြား ရောင်းဝယ်မှု interbank ဈေးကွက်မှာ ၂၀၁၃- ၂၀၁၄ ခုနှစ်မှာ အမေရိကန်ဒေါ်လာ အရောင်းအဝယ် သုည ဒသမ သုည တစ် ဘီလျံသာရှိခဲ့ပြီး ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်မှာ အမေရိကန်ဒေါ်လာ အရေ င်းအဝယ် ပမာစ ၂ ဘီလျံသို့ ရောက်ရှိခဲ့ပြီး ဆက်လက်တိုးများသွားမှာဖြစ်တယ်လို့ သိရပါတယ်။