အစိုးရဌာနဆိုင်ရာများမှ နေ့စားဝန်ထမ်းများကို တစ်ရက်လုပ်ခအနည်းဆုံး ကျပ် ၄,၈၀၀ သတ်မှတ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ကြေညာခဲ့ပါသည်။
အနည်းဆုံး အခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက မေလ ၁၄ ရက်တွင် ထုတ်ပြန်သည့် အနည်းဆုံးအခ ကြေးငွေ တိုးမြှင့်ပြင်ဆင်ချက်တွင် အစိုးရဌာနဆိုင်ရာများမှ နေ့စားဝန်ထမ်းများ အကျုံးဝင်ခြင်းမရှိဘဲ ယခုမှသာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာချက် ထပ်ဆင့်ထုတ်ပြန်၍ အဆိုပါ နေ့စားဝန်ထမ်းများအား လုပ်ခလစာတိုးမြှင့်ခံစားခွင့်ပြုခဲ့သည်။
နေ့စားဝန်ထမ်းများ လုပ်ခလစာတိုးမြှင့်ခံစားခွင့်ကို ဇွန်လ ၂၁ ရက်က ပြုလုပ်သည့် ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအဝေး၌ အတည်ပြုဆုံးဖြတ်ခြင်းဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဇွန်လ ၂၇ ရက်စွဲ ဖြင့် ထုတ်ပြန်သောကြေညာချက်၌ ဖော်ပြထားသည်။
အဆိုပါ အစိုးရဌာနများနှင့် အဖွဲ့အစည်းများရှိ နေ့စားအလုပ်သမားသည် အလုပ်ချိန် ရှစ်နာရီအတွက် တစ်ရက်လုပ်ခ ကျပ်၄,၈၀၀ ကို မေလ ၁၄ ရက်က စတင်ခံစားခွင့်ရရှိမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
အစိုးရဌာနဆိုင်ရာအဖွဲ့အစည်းများမှ နေ့စားအလုပ်သမားများအတွက် အနည်းဆုံးအခကြေးငွေ တိုးမြှင့်ခံစားခွင့် ကြေညာချက် ထုတ်ပြန်ချိန်နောက်ကျသော်လည်း အကျိုးခံစားခွင့်သည်ပုဂ္ဂလိကဝန်ထမ်းများနှင့် ကာလတူဖြစ်ကြောင်း သိရပါသည်။
‘‘လုပ်ခတိုးပေးဖို့ကတော့ လျာထားပြီးသားပါ။ စီမံဘဏ္ဍာ က ထုတ်ပြန်တဲ့အချိန် စောင့်နေ ရတဲ့အတွက် နေ့စားဝန်ထမ်းတွေ ကို တိုးမပေးနိုင်ခဲ့တာ ဖြစ်ပါ တယ်။ အဲဒီအတွက်လည်း ဝန်ထမ်းတွေကို နားလည်အောင် ပြောပြထားရတယ်’’ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါသည်။
လက်ရှိတွင် အစိုးရဌာနဆိုင်ရာနှင့် အဖွဲ့အစည်းများ လက်အောက်၌ နေ့စား ခန့်အပ်ထားသည့် အလုပ်သမား နှစ်သိန်းခန့်ရှိကြောင်း ကနဦးထုတ်ပြန်ချက်စာရင်းများတွင် ဖော်ပြထားသည်။
အစိုးရဌာနအဖွဲ့အစည်းများအနေဖြင့် နေ့စားအလုပ်သမားခန့်အပ်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့်သာ ခန့်အပ်ရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ကြေညာထားသည်။
အနည်းဆုံးအခကြေးငွေကို မေလ ၁၄ ရက်ကစတင်၍ ပုဂ္ဂလိကဝန်ထမ်းများအား တိုးမြှင့်ပေးခဲ့ပြီးဌာနဆိုင်ရာ နေ့စားဝန်ထမ်းများသည် တစ်လကျော်အထိ လုပ်ခတိုးမြှင့်ခံစားခွင့်မရရှိသဖြင့် ဝေဖန်မှုများရှိခဲ့သည်။
‘‘လုပ်ခတိုးပေးမှာကိုလည်း မျှော်လင့်နေကြတာကြာပြီ။ အ များစုဆန္ဒကတော့ အမြဲတမ်းဝန် ထမ်းအဖြစ် ရွေးချယ်ခန့်အပ်ခံရ ရေးပါ။ အဲဒါကိုလည်း လူကြီးတွေ စဉ်းစားပေးစေချင်တယ်’’ဟု ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ နေ့စားဝန်ထမ်းတစ်ဦးက ပြောခဲ့ပါသည်။
ထို့အပြင် ပုဂ္ဂလိကဝန်ထမ်း များကို ယခင်လကစ၍ အနည်း ဆုံး အခကြေးငွေနှုန်းထားသစ် ဖြင့် ခံစားခွင့်ပြုခဲ့သည်ဆိုသော် လည်း လက်ရှိ၌ ကျပ် ၄,၈၀၀ မပေးသည့် စက်ရုံ၊ အလုပ်ရုံများ ရှိသေးကြောင်း မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားသည်။
7 Day Daily