ရန်ကုန်တိုင်းဒေသကြီးရှိ ဆေးဝါးစက်ရုံမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း BPI အမှတ်တံဆိပ်ဖြင့် တန်ဖိုးငွေကျပ် ၅၀ ဘီလီယံရှိ ဆေးဝါးများထုတ်လုပ်နိုင်ရေး ဆောင်ရွက်နေကြောင်း မြန်မာ့ဆေးဝါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါသည်။
ဆေးဝါးစက်ရုံမှ BPI ဆေးဝါးများကို GMP Guide Line နှင့်ညီစေရန် ခေတ်မီဆေးဝါးများထုတ်လုပ်မှုအဆောက်အအုံများ တည်ထောင်ပြီး လျာထားချက်ထက် တိုးမြှင့်ထုတ်လုပ်လျက်ရှိကြောင်း သိရပါသည်။
ထို့အပြင် ဆေးဝါးများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် အရောင်းကိုယ်စားလှယ်များထံသို့ ဖြန့်ဖြူးရောင်းချပေးနေပြီး City Mart ၊ Orange ၊ Capital Mart စသည့် ဆိုင်ကြီးများတွင် ရောင်းချပေးလျက်ရှိကြောင်း၊ ရန်ကုန်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့ကြီးများတွင်လည်း ဆေးဆိုင်များဖွင့်လှစ်ကာ ရောင်းချလျက်ရှိကြောင်း သိရပါသည်။
မြန်မာ့ဆေးဝါးလုပ်ငန်းမှထုတ်လုပ်သည့် BPI အမှတ်တံဆိပ်ဆေးဝါးများသည် အများပြည်သူယုံကြည်စိတ်ချစွာ အားပေးလျက်ရှိသဖြင့် အရည်အသွေးဆက်လက်ထိန်းသိမ်း၍ GMP Guide Line နှင့်အညီ ထုတ်လုပ်နိုင်ရေး ဈေးကွက်လိုအပ်ချက်ရှိသောဆေးဝါးများကို တိုးမြှင့်ထုတ်လုပ်နိုင်ရန်ရှိကြောင်း၊ ဈေးကွက်အတွင်း ဆေးဝါးများ ပြတ်လပ်မှုမရှိစေရန် စီမံဆောင်ရွက်သွားနိုင်ရေး၊ နိုင်ငံတကာအဆင့်မီစက်များဖြင့် စနစ်တကျကိုင်တွယ်နိုင်ရေးနှင့် စက်စွမ်းအားပြည့်လည်ပတ်နိုင်ရေး ဆောင်ရွက်ရန်ရှိကြောင်း သိရပါသည်။
Myawaddy