ဘင်္ဂလားဒေ့ရှ် ပုဂ္ဂလိကကဏ္ဍ ပြည်ပရင်းနှီးမြှုပ်နှံမှုအတွက် ပြည်တွင်းအခက်အခဲ


25 August, 2021

အိမ်ရှင်နိုင်ငံများတွင် နိုင်ငံရေး မတည်ငြိမ်ခြင်းနှင့် ကိုဗစ်ကပ်ရောဂါ ဆက်လက်ဖြစ်ပေါ်နေခြင်းတို့ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ ပင်လယ်ရပ်ခြား ရင်းနှီးမြှုပ်နှံမှုများထံ မျှော်မှန်းထားသေ အကျိုးအမြတ်သည် အကန့်အသတ်များ မုချရှိနေပြီး အချို့တို့တွင် ချက်ချင်းထွက်ခွာရခြင်းများ ရှိခဲ့သည်။

ပုဂ္ဂလိကလုပ်ငန်းကဏ္ဍအနေဖြင့် ပင်လယ်ရပ်ခြား ရင်းနှီးမြှုပ်နှံမှုများ ပြုခြင်းသည် အကျိုးကျေးဇူး ရရှသည်။ ပြည်ပပို့ကုန် အမျိုးမျိုးတို့ တင်ပို့ရန် အခွင့်အလမ်းများ ရရှိစေသည်။ အကောက်ခွန်လွတ် ခံစားခွင့် ရရှိထားသော နိုင်ငံများတွင် ရင်းနှီးမြှုပ်နှံ၍ ပြည်ပပို့ကုန် ထုတ်လုပ်တင်ပို့နိုင်သည့် အခွင့်အရေးများလည်း ရရှိစေသည်၊ ဘင်္ဂလားဒေ့ရှ်သည် ဖွံ့ဖြိုးမှု အနည်းဆုံး ဖြစ်သော နိုင်ငံများအတွက် ပေးအပ်ထားသော ကုန်သွယ်မှုဆိုင်ရာ အခွင့်အလမ်းများ ဆုံးရှုံးသည်အတွက် ပြင်ဆင်ပြီးသား ဖြစ်နေစေမည်ဟု လုပ်ငန်းရှင်များက ယူဆကြသည်။ 

အချို့သော ရင်းနှီးမြှုပ်နှံသူများသည် လမ်းကြောင်းပေါ် ကောင်းစွာ ရောက်ရှိနေကြပြီး ပင်လယ်ရပ်ခြား လုပ်ငန်းများကို ကောင်းစွာ ဆောင်ရွက်နိုင်နေကြပြီ ဖြစ်သည်။ အချို့တို့က ထုတ်လုပ်မှုအပိုင်းထဲသို့ ဝင်ရောက်ရန် ပြင်ဆင်နေကြသည်။ သို့သော ကိုဗစ်ကပ်ရောဂါက သူတို့ သွားမည့် လမ်းတွင် ချိုင့်များဖြင့် လမ်းကြောကို ကြမ်းတမ်းနေစေသည်။ အချို့တို့က နောက်ကြောင်းပြန်လှည့်လာကြရသည်။ 

ပုဂ္ဂလိကလုပ်ငန်းရှင်များက ပြောကြသည်မှာ သူတို့ထဲတွင် အချို့သော ပင်လယ်ရပ်ခြား ရင်းနှီးမြှုပ်နှံများသည် မြန်မာနိုင်ငံနှင့် အီသီယိုးပီးယားနိုင်ငံတို့ကဲ့သို့သော အိမ်ရှင်နိုင်ငံမှာ နိုင်ငံရေး မတည်ငြိမ်ခြင်းကြောင့် ဒုက္ခရောက်ကြရသည်။ 

ရင်းနှီးမြှုပ်နှံသူများနှင့် ဆန်းစစ်သုံးသပ်သူများက ဘင်္ဂလားဒေ့ရှ်အစိုးရကို ပင်လယ်ရပ်ခြား ရင်းနှီးမြှုပ်နှံမှုများအပေါ် ပြဋ္ဌာန်းထားသော စည်မျဉ်းဥပဒေများကို ဖြေလျော့ပေးစေလိုကြသည်။ အကောက်ခွန်မဲ့ တင်ပို့ခွင့် အခွင့်အရေး ရရှိထားသော နိုင်ငံများတွင် သွားရောက် လုပ်ကိုင်ခြင်းဖြင့် အကောက်ခွန်မဲ့ တင်ပို့ခွင့် အခွင့်အရေးကို ရယူလိုကြသည်။ လုပ်ငန်းများအတွက် သုတေသန ကျယ်ကျယ်ပြန့်ပြန့် လုပ်ပေးပြီး အလားအလာရှိသော နယ်ပယ်များတွင် ပင်လယ်ရပ်ခြား ရင်းနှီးမြှုပ်နှံမှုများ ပြုနိုင်အောင် အထောက်အကူပြုပေးသင့်သည်။ သို့မှသာ ကမ္ဘာ့ကုန်သွယ်ရေး အကျိုးကျေးဇူးများကို အမြတ်ထုတ်နိုင်မည် ဖြစ်သည့်ဟု ဆိုကြသည်။ 

၂၀၁၃ ခုနှစ်တွင် MJL Bangladesh Limited သည် မြန်မာနိုင်ငံ အခြေပြု ရေနံကုမ္ပဏီတစ်ခုတွင် ဖက်စပ်လုပ်ငန်း လုပ်ကိုင်ခဲ့ရာ ဘင်္ဂလားဒေ့ရှ်ကုမ္ပဏီတစ်ခုအနေဖြင့် ပထမဆုံး ဖက်စပ်လုပ်ငန်း ဖြစ်သည်။  အမေရိကန်ဒေါ်လာ ၅.၁ သိန်း ရင်းနှီးမြှုပ်နှံခဲ့သည်။ အစပိုင်းတွင် အမြတ်အစွန်း ရရှိခဲ့သည်။ နှစ်အနည်းငယ်အကကြာတွင် MJL  အရှုံးစပြခဲ့သည်။ ၊ မူဝါဒ မကြာမကြာ ပြောင်းလဲခြင်းကြောင့် လည်းကောင်း၊ တာဝန်ယူမှု တာဝန်ခံမှု မရှိခြင်းကြောင့်လည်းကောင်း၊ နိုင်ငံခြားငွေလဲနှုန်း အတက်အကျ ရှိခြင်းကြောင့်လည်းကောင်း  အရှုံးပေါ်နေစေသည်ဟု ကုမ္ပဏီ၏ ဦးဆောင်ညွှန်ကြားရေးမှူး Azam J Chowdhury က ပြောကြားသည်။ နောက်ဆုံးတွင် ကုမ္ပဏီသည် အရှုံးပမာဏ ကြီးမားသဖြင့် ၂၀၂၀ ခုနှစ်တွင် လုပ်ငန်းပိတ်သိမ်းလိုက်ရပြီး ပြည်တော်ပြန်ခဲ့ရသည်။ 
“ကျွန်တော်တို့ မြန်မာနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု ပြန်ယူပြီးတဲ့အခါ ကျွန်တော်တို့ စင်ကာပူမှာ လုပ်ငန်းစခဲ့တာ အဲဒီမှာ တုံ့ပြန်မှုကောင်းမွန်တာကို ရရှိခဲ့ပါတယ်” လို့ သူက ပြောပြသည်။ ယခုအခါ သူတို့သည် ၁၀% ကျော် ရရှိခဲ့ပြီးပြီ ဖြစ်သည့်အပြင် ကုမ္ပဏီသည် ကမ္ဘာ့ဈေးကွက်ထဲ ခြေကုပ်တစ်ခု ရရှိပြီ ဖြစ်သည်ဟု သူက ပြောကြားသည်။ 

ပင်လယ်ရပ်ခြားတွင် ရင်းနှီးမြှုပ်နှံမှု ပြုခြင်းအတွက် နောက်ထပ် နမူနာတစ်ခုမှာ ၂၀၁၈ ခုနှစ်တွင် DBL Group သည် အီသီယိုးပီးယားရှိ တီဂရေးဒေသတွင် အထည်ချုပ်စက်ရုံတစ်ခု ထူထောင်လုပ်ကိုင်ခဲ့သည်။ အမေရိကန်ဈေးကွက်အတွက် အကောက်ခွန်မဲ့ တင်သွင်းခွင့် ရှိသည့် အခွင့်အရေးကို ရရှိသည့်အပြင် လုပ်သားခ သက်သာသည်။ ထို့ပြင် စက်ရုံမြေအတွက် မြေဈေးလည်း သက်သာသည်။ 
စက်ရုံအတွက် အရင်းအနှီးငွေကို Ethiopian Development Bank က ကျောထောက်နောက်ခံ ပြုပေးသည်။ အမှာစာအတွက် ဆွီဒင်နိုင်ငံမှ ဖက်ရှင်အမှတ်တံဆိပ် H&M က ကျောထောက်နောက်ခံ ပြုသည်။ 
၂၀၂၀ ခုနှစ်တွင် တီဂရေးဒေသတွင် ပဋိပက္ခများ ဖြစ်ပွားခဲ့ရာ စက်ရုံကို ပိတ်သိမ်းလိုက်ရသည်။ တိုင်းပြည်တွင် ပြည်တွင်းစစ်ဖြစ်ပွားနေသဖြင့် စက်ရုံပြန်ဖွင့်ရန် မသေမချာ ဖြစ်နေဆဲ အခြေအနေတွင် ရှိနေသည်။ 

ပင်လယ်ရပ်ခြား ရင်းနှီးမြှုပ်နှံမှုအတွက် နိုင်ငံခြားငွေကို Bangladesh Bank ထံမှ ထုတ်ယူခွင့် ရရှိရန် လုပ်ကိုင်ရာ၌ ရှည်လျားနေသည့်
ဗျူရိုကရေစီ လုပ်ငန်းစဉ်ကို ဖြတ်သန်းရသည်။ သို့ဖြစ်ရာ ပင်လယ်ရပ်ခြားတွင် ရင်းနှီးမြှုပ်နှံမှုပြုရန် အချို့လုပ်ငန်းများအနေဖြင့် လိုလားခြင်း မရှိကြချေ။ လုပ်ငန်းစဉ် ရှည်လျားပြီး အချိန်ကြာသည့်အတွက် ဝင်လာသည့် အခွင့်အလမ်းကို လက်လွတ်ခြင်းများလည်း ရှိနေစေသည်ဟု ထောက်ပြကြသည်။ 

Centre for Policy Dialogue (CPD) Research မှ ဒါရိုက်တာဖြစ်သူ Dr Khondaker Golam Moazzem က ဘင်္ဂလားဒေ့ရှ် လုပ်ငန်းရှင်များက သူတို့ကုမ္ပဏီကို နိုင်ငံတကာ အမှတ်တံဆိပ် တစ်ခု ဖြစ်ရန် ကြိုးစားသည့် အရွေ့ကို ကြိုဆိုကြောင်း ပြောကြားသည်။ 
ရင်းနှီးမြှုပ်နှံသူများသည် သူတို့ ရင်းနှီးမြှုပ်နှံမည့် အိမ်ရှင်နိုင်ငံအပေါ် နက်နက်နဲနဲ လေ့လာမှုကို ပြုသင့်သည်။ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရန် လွယ်ကူမှု၊ ရင်းနှီးမြှုပ်နှံမှု အခြေအနေ၊ ဈေးကွက်ထဲ ဝင်ရောက်ရန် အကောက်ခွန်မဲ့ တင်ပို့ခွင့်ကဲ့သို့သော အခွင့်အရေးများ၊ နိုင်ငံရေးတည်ငြိမ်မှု စသည်တို့ကို ကျကျနန လေ့လာရမည်ဟု သူကဆိုသည်။  အိမ်ရှင်နိုင်ငံ ပြည်တွင်းရှိ လုပ်ငန်းနှင့် ဖက်စပ်လုပ်ကိုင်ခြင်းသည် အကောင်းဆုံးနည်လမ်းတစ်ခု ဖြစ်ကြောင်းလည်း သူက အကြံပြုသည်။ 

ဘင်္ဂလားဒေ့ရှ်အနေဖြင့် “ပြင်ပ ရင်းနှီးမြှုပ်နှံမှု တောင်ပံ” တစ်ခု ဖွဲ့တည်သင့်သည်။ ပင်လယ်ရပ်ခြား ရင်းနှီးမြှုပ်နှံမှုများအပေါ် ကျင့်သုံးမည့် မူဝါဒအပြည့်အစုံကို ရေးဆွဲချမှတ်သင့်သည်ဟု သူက အကြံပြုသည်။ ထိုသို့သော မူဝါဒ ယခုအခါ မရှိသဖြင့် ရင်းနှီးမြှုပ်နှံမှု တစ်ခုချင်းအရ  ဗဟိုဘဏ်၏ ကော်မတီက ခွင့်ပြုမိန့် ချပေးနေရသည်ဟု သူက ထောက်ပြသည်။ 
 “ပြင်ပ ရင်းနှီးမြှုပ်နှံမှု တောင်ပံ” က ရင်းနှီးမြှုပ်နှံမှု ပြုမည့် နိုင်ငံများကို ရွေးချယ်ပေးထားမယ်။ ထိုနိုင်ငံများရှိ အခွန်ကိစ္စမှအစ မူဝါဒများအဆုံး ထည့်သွင်းစဉ်းစားပေးထားမည်။ ရင်းနှီးမြှုပ်နှံမှု ပြန်ထုတ်ယူ၍ ရသည်မှာ သေချာအောင် နှစ်နိုင်ငံအစိုးရတို့ အကြား စီးပွားရေးသဘောတူညီချက်များ ရယူပေးထားရမည် ဖြစ်သည်ဟု သူက အကြံပြုသည်။ 

Dhaka Chamber of Commerce and Industry (DCCI) ဥက္ကဋ္ဌ Rizwan Rahma က “ဘင်္ဂလားဒေ့ရှ်က အိန္ဒိယနိုင်ငံရဲ့  ပင်လယ်ရပ်ခြား ရင်းနှီးမြှုပ်နှံမှုများ စံပုံစံကို အတုယူသင့်တယ်” ဟု ပြောကြားသည်။ 
အိန္ဒိယမှ လုပ်ငန်းများသည် ပေါင်းစည်းခြင်းနှင့် ဝယ်ယူခြင်းတို့မှတစ်ဆင့် ပြည်ပတွင် ရင်းနှီးမြှုပ်နှံမှု ပြုရန် ခွင့်ပြုပေးထားသည်။ ထို လုပ်ငန်းစဉ်က အိန္ဒိယကုမ္ပဏီများကို အစိမ်းသက်သက်ဖြစ်နေသော ဈေးကွက်အသစ်များကို လက်လှမ်းမီစေပြီး ထိုဈေးကွက်များထဲသို့ တိုးချဲ့လုပ်ဆောင်ရန် လမ်းပွင့်နေစေသည်။ နည်းပညာပိုင်းတွင်လည်း ပိုမိုကောင်းမွန်ပြီး ပိုခေတ်မီသော နည်းပညာများ ရရှိစေသည်။ မိမိတို့၏ ဖောက်သည်အခြေကို တိုးစေပြီး ကမ္ဘာ့ဈေးကွက်ထဲသို့ ရောက်ရှိနေစေသည်။ 

Meghna Group မှ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ညွှန်ကြားရေးမှူး Md Lutful Bari က “ပြည်ပသို့ ဦးတည်တဲ့ ရင်းနှီးမြှုပ်နှံမှိုတွေကို အစိုးရက ခွင့်ပြုပေးရမယ်။ ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံ အဖြစ်မှ တဖြည်းဖြည်း ထွက်သွားနေတုန်းမှာ အခုတကည်းက ပြင်ဆင်ပြီးသား ဖြစ်နေအောင် လုပ်ထားသင့်တယ်။  ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံ ဖြစ်နေလို့ ရထားတဲ့ အခွင့်အရေးတွေက ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံ မဖြစ်တော့တဲ့အခါ လက်လွှတ်ရမှာ သေချာတယ်” ဟု သုံးသပ်သည်။ 
ထိုသို့ ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံ မဖြစ်တော့သည့်အခါ အချို့လုပ်ငန်းကဏ္ဍများသည် အကောက်ခွန်မဲ့ တင်သွင်းခွင့် အခွင့်အရေးကို လက်လွှတ်ဆုံးရှုံးကြမည် ဖြစ်ကြောင်း သူက ပြောကြားသည်။ 

ပင်လယ်ရပ်ခြား ရင်းနှီးမြှုပ်နှံမှုများတွင် အဆင်ပြေပြေဖြင့် လုပ်ကိုင်နေနိုင်သော လုပ်ငန်းများလည်း ရှိသည်။ 

ဘင်္ဂလားဒေ့ရှ်မှ အဝတ်အစား ပြည်ပပို့ကုန် လုပ်ကိုင်သည့် Sparrow Group သည် ၂၀၀၇ ခုနှစ်တွင် ဂျော်ဒန်နိုင်ငံ၌ အိန္ဒိယနိုင်ငံမှ ဦးဆောင် အထည်ချုပ်လုပ်ငန်းနှင့် ဖက်စပ်ကုမ္ပဏီတစ်ခု ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ခဲ့သည်။  
“ကျွန်တော်တို့ ဖက်စပ်ကုမ္ပဏီက တန်ဖိုးကြီး အဝတ်အစားတွေ ချုပ်လုပ်ပြီး အမေရိကန်ဈေးကွက်ကို တင်ပို့တယ်။ စက်ရုံက ဂျော်ဒန်နိုင်ငံ ပြည်ပပို့ကုန် လုပ်ငန်းစဉ် ဇုန်ထဲမှာ တည်ရှိပါတယ်” ဟု ပြောပြသည်။  ကိုဗစ်ကပ်ရောဂါကြောင့် ထိခိုက်မှု ရှိခဲ့သော်လည်း ယခုအခါ အမေရိကန်တွင် လက်လီအရောင်းဆိုင်များ ပြန်လည်ဖွင့်လှစ်လုပ်ကိုင်နေပြီဟု သူက ပြောပြသည်။ 
အဆိုပါစက်ရုံတွင် ဂျော်ဒန်နိုင်ငံသား ၅၀၀ နှင့်အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁,၆၀၀ တို့ အတူလုပ်ကိုင်လျက် ရှိသည်။ 
“ကျွန်တော်တို့ တစ်နှစ် အနုတ်အသိမ်း အမေရိကန်ဒေါ်လာ သန်း ၇၀ ရှိပါတယ်” ဟု သူက အသိပေးပြောပြသည်။

ServicEngineBPO အမည်ဖြင့် ယခင်က လုပ်ကိုင်ခဲ့သော SEBPO သည် ကမ္ဘာ့အကြီးဆုံး ကြော်ငြာ၊ မီဒီယာနှင့် နည်းပညာကုမ္ပဏီများထံမှ ပြင်ပအလုပ်အပ်နှံသည်တို့ကို ရယူလုပ်ကိုင်သော လုပ်ငန်းဖြစ်ပြီး ကိုဗစ်ကပ်ရောဂါကြောင့် အဆိုးဘက်သို့ ရောက်ရှိခဲ့ရာမှ ယခုအခါ အကောင်းဘက်သို့ ဦးပြန်မော့လာပြီ ဖြစ်ပြီး အမေရိကန်စီးပွားရေး အပေါ် ကုမ္ပဏီ၏ အခြေအနေ မူတည်နေသည်။ 
SEBPO သည် Abdul Monem Group လက်အောက်ရှိ လုပ်ငန်းတစ်ခု ဖြစ်သည်။ Abdul Monem Group ၏ လက်ထောက်ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ASM Mohiuddin Monem က SEBPO သည် ဥရောပနိုင်ငံများနှင့် အရှေ့အလယ်ပိုင်းဒေသရှိ နိုင်ငံများသို့ ချဲ့ထွင်ပြီး အလုပ်အပ်နှံသူများ ရရှိရန် ရင်းနှီးမြှုပ်နှံလုပ်ကိုင်လျက်ရှိကြောင်း ပြောပြသည်။ 

SEBPO က ကြော်ငြာလုပ်ကိုင်မှုကို အထူးပြုလုပ်ကိုင်သည်။ ကြော်ငြာဖန်တီးခြင်း၊ မီဒီယာ အစီအစဉ် ချမှတ်ခြင်း၊ ဈေးကွက်အချက်အလက်များ အဖြေထုတ်ခြင်း၊  ကြော်ငြာကုန်ကျစရိတ် လေလွင့်ခြင်း မရှိအောင် ထိန်းချုပ်ခြင်း၊ ကြော်ငြာရကျိုး နပ်စေရန် အရည်အသွေး အာမခံချက် ပေးခြင်း အစရှိသည့် ကြော်ငြာကိစ္စအဝဝတို့ကို လုပ်ကိုင်သည်။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပုဂ္ဂလိကကဏ္ဍတွင် ဉီးဆောင်လုပ်ငန်းကြီးတစ်ခု ဖြစ်သော Akij Group သည် မလေးရှားနိုင်ငံမှ Robin Resources ကို အမေရိကန်ဒေါ်လာ သန်း ၂၀ ဖြင့် ဝယ်ယူခဲ့သည်။ ရင်းနှီးမြှုပ်နှံမှုအတွက် အကျိုးအမြတ်များ ပြန်လည်ရရှိနေသည်။ 

Akij Group မှ ဦးဆောင်ညွှန်ကြားရေးမှူး Sk Bashiruddin က ယခုလို ထူထောင်ပြီးသား ကုမ္ပဏီကို ဝယ်ယူလိုက်ခြင်းကြောင့် မကြုံဖူးသေးသည့် စိန်ခေါ်မှု အသစ်များ ရင်ဆိုင်ရခြင်း မရှိတော့ကြောင်း ပြောပြသည်။ 


ဆေးဝါးလုပ်ငန်းကဏ္ဍတွင် မဟာလုပ်ငန်းကြီးတစ်ခုဖြစ်သော Square Pharmaceuticals Ltd သည် ကင်ညာနိုင်ငံ မြို့တော် နိုင်ရိုဘီတွင် ဆေးဝါးစက်ရုံတစ်ခုကို ၂၀၁၇ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့ပြီး ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၁၇ သန်း ရင်းနှီးမြှုပ်နှံထားသည်။ ၂၀၂၀ ခုနှစ်တွင် စတင်လည်ပတ်ရန် လျာထားခဲ့သော်လည်း ကိုဗစ်ကပ်ဘေးကြောင့် စက်ရုံကို စတင်လည်ပတ်ခြင်း မပြုရသေးချေ။ 
ကင်ညာနှင့် အရှေ့အာဖရိက ငါးနိုင်ငံဖြစ်သော တန်ဇန်းနီးယား၊ ရဝမ်ဒါ၊ ဘူရန်ဒီ၊ ယူဂံဒါနှင့် တောင်ဆူဒန်နိုင်ငံများရှိ အမေရိကန်ဒေါ်လာ သန်း ၃၀ ရှိသည့် ဆေးဝါးဈေးကွက်တွင် ဝင်ရောက်လုပ်ကိုင်မည့် အစီအစဉ် ထားရှိသည်။ ထိုနိုင်ငံများတွင် ဆေးဝါးလိုအပ်ချက်များကို ပြည့်မီအောင် ဖြည့်တင်းနိုင်ခြင်း မရှိသေးသည်ကို ဖြည့်တင်းမည် ဖြစ်သည်။ 

ACI Group က အမေရိကန်နိုင်ငံရှိ ကြီးမားသော ဈေးကွက်ကြီးထဲ ဝေစု ရရှိရန်ကြိုးပမ်းလျက် ရှိပြီး အမေရိကန်ဒေါ်လာ သန်း ၁၀၀ ရင်းနှီးမြှုပ်နှံထားသည်။ အလိုအလျောက်စက်ရုံတစ်ခုကို လွန်ခဲ့သည့် နှစ်နှစ်က ဆောက်လုပ်ပြီးစီးခဲ့သည်။  United States Food and Drug Administration (USFDA) ၏ သတ်မှတ်ချက်များနှင့်အညီ လုပ်ဆောင်ထားသည်။ သို့သော် ထုတ်လုပ်မှု မစတင်ရသေးချေ။
USFDA အဖွဲ့မှ စက်ပစ္စည်းကိရိယာများ တပ်ဆင်ထားသည်တို့ကို လာရောက်စစ်ဆေးရန် ၂၀၂၀ ခုနှစ် ဇွန်လတွင် စီစဉ်ထားခဲ့သော်လည်း ကပ်ရောဂါကြောင့် အစီအစဉ် နှောင့်နှေးခဲ့ရသည်။ သို့ဖြစ်ရာ ထုတ်လုပ်မှုလည်း ရက်ရွှေ့ဆိုင်းခဲ့ရသည်။ 

၂၀၁၆ ခုနှစ်တွင် Bangladesh Bank က BSRM ကို ကင်ညာရှိ စတီးလုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် အမေရိကန်ဒေါ်လာ ၄.၆ သန်းကို 
အတည်ပြုပေးခဲ့သည်။ 
BSRM က  Kenya East Africa Steel Limited ၏ အစုရှယ်ယာများကို ဝယ်ယူပြီး ထုတ်လုပ်မှုကို ဖက်စပ်လုပ်ငန်းအဖြစ် လုပ်ကိုင်မည် ဖြစ်သည်။ တစ်နှစ်လျှင်  MS rod တန်ချိန် ၅ သိန်း ထုတ်လုပ်ရန် လျာထားသည်။ ထုတ်ကုန်များကို အာဖရိကဈေးကွက်ထဲတွင် ရောင်းချမည် ဖြစ်သည်။ သို့သော် အတည်ပြုခွင့်ပြုပေးခဲ့ပြီး ၅ နစ်ကြာသည့်တိုင် စက်ရုံ ဆောက်လုပ်ဖို့ စတင်နိုင်ခြင်း မရှိသေးချေ။ ပြဿနာ တက်နေရသည်မှာ ကင်ညာတွင် စက်ရုံအတွက် မြေဝယ်ရာတွင် ပြဋ္ဌာန်းထားသော စည်းမျဉ်းစည်းကမ်းများ အကုန်လုံး ပြီးမြောက်အောင် လုပ်ကိုင်ဖို့ အလွန်ခက်ခဲနေသည်ဟု ကုမ္ပဏီ၏ ဘဏ္ဍာရေးမှူးချုပ်က ပြောကြားသည်။ ဌာနဆိုင်ရာ လုပ်ငန်းစဉ်များသည် ကိုဗစ်ကြောင့် ကမောက်ကမ ဖြစ်နေပြီး နောက်ထပ် သုံးနှစ်ကြာဦးမည်ဟု ခန့်မှန်းထားသည်။ 

ဘင်္ဂလားဒေ့ရှ် ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့ထံမှ အတည်ပြုချက် ရဖို့သည် အလွန်မလွယ်သော အလုပ်တစ်ခု ဖြစ်သည်။ ကုမ္ပဏီ အများပြားတို့သည် ပြည်ပနိုင်ငံများတွင် ရင်းနှီးမြှုပ်နှံနိုင်ခြင်း မရှိသည်မှာ အတည်ပြုချက် ရရှိရန် ကြန့်ကြာသောကြောင့် ဖြစ်ပြီး အတည်ပြုချက် ရရှိသည့်အခါ ရင်းနှီးမြှုပ်နှံမည့် အိမ်ရှင်နိုင်ငံတွင် အခြေအနေများ ပြောင်းလဲကုန်ပြီ ဖြစသည်။ 

ဉီးဆောင်ဆေးဝါးလုပ်ငန်းတစ်ခု ဖြစ်သော Beximco Pharmaceuticals Limited သည် ပြည်တွင်းမှာ ဆေးဝါးများ ထုတ်လုပ်သည်။ သီရိလင်္ကာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် အတွက် Bangladesh Bank တွင် အတည်ပြု ခွင့်ပြုမိန့်ကို လျှောက်ထားခဲ့သည်။ ကြန့်ကြာခဲ့ပြီးနောက် ကုမ္ပဏီလက်ထဲ ခွင့်ပြုမိန့် ရရှိသောအခါ သီရိလင်္ကာနိုင်ငံတွင် လုပ်ကိုင်မည့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း ဆုံးရှုံးခဲ့ပြီးနေပြီ ဖြစ်သည်။ 

၂၀၁၄ ခုနှစ်တွင် Incepta Pharmaceuticals သည် ပြည်ပတွင် ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုမိန့် ရရှိခဲ့သည်။ ကုမ္ပဏီသည် ဖက်စပ်ကုမ္ပဏီတစ်ခုကို အက်စ်တိုးနီးယားနိုင်ငံတွင် ထူထောင်လုပ်ကိုင်ရန် ဖြစ်သည်။ သို့သော် ခွင့်ပြုမိန့် လက်ထဲရောက်သည်သာ အဖတ်တင်သည်။ အစိုးရမှ သတ်မှတ်ထားသော အချက်များနှင့် အခြေအနေများသည် လက်တွေ့အကောင်အထည်ဖော်ဖို့ မဖြစ်နိုင်လောက်အောင် ဖြစ်နေသောကြောင့် ဖြစ်သည်။ 


 

ရင်းမြစ်။ tbsnews.net

 

 

Investment/Divestment Read 246 times