အနည်းဆုံးအခကြေးငွေလုပ်ခနှင့် စပ်လျဉ်း၍ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ အသိပေးကြေညာထာပါသည်။
အနည်းဆုံးအခကြေးငွေလုပ်ခ အလုပ်ချိန် တစ်ရက်(၈) နာရီနှုန်း ၄၈၀၀/ ကျပ် ဖြစ်ကြောင်းအသိပေးကြေညာချက်ကို အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာသည်ကို ဖော်ပြအပ်ပါသည်။
အနည်းဆုံးအခကြေးငွေလုပ်ခ အလုပ်ချိန် တစ်ရက်(၈) နာရီနှုန်း ၄၈၀၀/ ကျပ် ဖြစ်ကြောင်းအသိပေးခြင်း
၁။ အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီသည် ၂၀၁၃ ခုနှစ်၊ အနည်းဆုံးအခကြေးငွေဥပဒေ ပုဒ်မ ၁ဝ ၊ ပုဒ်မခွဲ(ဃ) နှင့်အညီ သုံးပွင့်ဆိုင်ကိုယ်စားလှယ်များနှင့် ညှိနှိုင်းဆွေးနွေးဆုံးဖြတ်ခဲ့ပြီး အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီမှ ၁၄-၅-၂၀၁၈ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ် (၂/၂၀၁၈) ဖြင့် မြန်မာနိုင်ငံရှိအလုပ်သမားများ အတွက် နေရာဒေသနှင့် လုပ်ငန်းအမျိုးအစားမခွဲခြားဘဲ တစ်နိုင်ငံတစ်ပြေးညီ တစ်နာရီလျှင် ၆၀၀/- ကျပ် (ခြောက်ရာကျပ်) နှုန်းဖြင့် အလုပ်ချိန် ၈ နာရီ (တစ်ရက်) အတွက် ကျပ် ၄,၈၀၀/ (ကျပ်လေးထောင့်ရှစ်ရာတိတိ) ကို ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် ထုတ်ပြန်ပေးခဲ့ ပြီးဖြစ်ပါသည်။
၂။ ယခုအခါ လူမှုကွန်ယက်များတွင် အနည်းဆုံးအခကြေးငွေကို တစ်ရက်လုပ်ခကျပ် ၃၆၀၀/ နှုန်းလျှော့ချသတ်မှတ်ကြောင်း ကောလဟာလများ ထုတ်လွှင့်နေသည်ကို ကြားသိနေရပါသည်။
၃။ အနည်းဆုံးအခကြေးငွေကို ဥပဒေ ပုဒ်မ ၅၊ ပုဒ်မခွဲ(ဇ)အရ နှစ် နှစ်လျှင် တစ်ကြိမ် တိုးမြှင့် ပြင်ဆင်ခြင်း၊ ပြန်လည်အတည်ပြုခြင်း … ဆောင်ရွက်ရမည်ဖြစ်သော်လည်း ကမ္ဘာ့ကပ်ရောဂါ (ကိုဗစ်-၁၉) ဖြစ်ပွားနေခြင်းနှင့် ရောဂါကူးစက်မှုအန္တရာယ်ကြောင့် နယ်စပ်ကုန်သွယ်ရေးဂိတ်များ ပိတ်ထား၍ ကုန်စည်စီးဆင်းမှုရပ်တန့်ခြင်းတို့ကြောင့် စက်ရုံ၊ အလုပ်ရုံအချို့ ပိတ်သိမ်း၊ အင်အား လျှော့ခဲ့ရပြီး အနည်းဆုံးအခကြေးငွေနှုန်းထား ပြန်လည်သုံးသပ်ပြင်ဆင်ရေး လုပ်ငန်းစဉ်များကို ခေတ္တခဏဆိုင်းငံ့ထားခြင်းဖြစ်၍ အခြေအနေတည်ငြိမ်သွားပါက အနည်းဆုံးအခကြေးငွေနှုန်းထား ပြန်လည်သုံးသပ်ပြင်ဆင်ရေး လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
၄။ .. အနည်းဆုံးအခကြေးငွေနှုန်းထား ပြန်လည်သုံးသပ်ပြင်ဆင်ရေးလုပ်ငန်းစဉ်များကို ဆောင် ရွက်ရာတွင် အမျိုးသားကော်မတီအနေဖြင့် ထုတ်ပြန်သတ်မှတ်ထားသော အနည်းဆုံးအခကြေးငွေ ထက်လျှော့ချသတ်မှတ်လေ့မရှိဘဲ ဆက်လက်အတည်ပြုခြင်း၊ တိုးမြှင့်သတ်မှတ်ခြင်းကိုသာ ဆောင်ရွက်သွားသည့် အစဉ်အလာရှိပါသည်။
၅။ သို့ဖြစ်ပါ၍ ဖော်ပြပါအမိန့်ကြော်ငြာစာအရ အနည်းဆုံးအခကြေးငွေနှုန်းထား ကျပ် ၄၈၀၀/ သည် အတည်ဖြစ်ကြောင်း အကြောင်းကြားပါသည်။