ဘဏ်များက မြန်မာကျပ်ငွေဖြင့် ထားရှိရမည့်အနည်းဆုံးသီးသန့်ငွေလိုအပ်ချက် အချိုးတွက်ချက်မှုပုံစံပြင်ဆင်သတ


08 October, 2022

ဘဏ်များက မြန်မာကျပ်ငွေဖြင့် ထားရှိရမည့်အနည်းဆုံးသီးသန့်ငွေလိုအပ်ချက် အချိုးတွက်ချက်မှုပုံစံပြင်ဆင်သတ်မှတ်

ဘဏ်များက မြန်မာကျပ်ငွေဖြင့် ထားရှိရမည့်အနည်းဆုံးသီးသန့်ငွေလိုအပ်ချက် အချိုးတွက်ချက်မှုပုံစံပြင်ဆင်သတ်မှတ်ချက်နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ညွှန်ကြားချက်အမှတ် (၁၂/၂၀၂၂)ကို  ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၇ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည်ကို ဖော်ပြအပ်ပါသည်။


အကြောင်းအရာ။ ဘဏ်များက မြန်မာကျပ်ငွေဖြင့်ထားရှိရမည့်အနည်းဆုံးသီးသန့်ငွေလိုအပ်ချက် အချိုးတွက်ချက်မှုပုံစံပြင်ဆင်သတ်မှတ်ခြင်း

ရည် ညွှန်း ချက်။

(၁) မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ (၂၅.၁၁.၂၀၂၁)ရက်စွဲပါ ညွှန်ကြားချက် အမှတ် (၁၉/၂၀၂၁) (၂) မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ (၂၅.၃.၂၀၂၂)ရက်စွဲပါ ညွှန်ကြားချက်အမှတ် (၃/၂၀၂၂)

 

 

၁။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဘဏ်များက မြန်မာကျပ်ငွေဖြင့် ထားရှိရမည့်အနည်းဆုံး သီးသန့်ငွေလိုအပ်ချက်အချိုး ၃ ရာခိုင်နှုန်း သတ်မှတ်ထားရှိရာတွင် ဘဏ်များ၏ ဗဟိုဘဏ်ရှိ စာရင်းရှင်အပ်ငွေ(Banks' Deposits at Central Bank - CAB) အပြင်ဘဏ်များလက်ဝယ်ရှိငွေသား (Cash at Bank) ကိုပါ ထည့်သွင်းတွက်ချက်ခွင့်ပြုသည့် တွက်ချက်မှုပုံစံသစ် ပြင်ဆင်သတ်မှတ်ခြင်း အား ရည်ညွှန်းချက် (၁) ပါ ညွှန်ကြားချက်အမှတ် (၁၉/၂၀၂၁) ဖြင့် ထုတ်ပြန်ဆောင်ရွက်ခဲ့ပါသည်။

 

၂။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဘဏ်များ၏ငွေကြေးစီမံခန့်ခွဲမှုကောင်းမွန်စေရန် ရည်ရွယ် ၍ဘဏ်များကမြန်မာကျပ်ငွေဖြင့်ထားရှိရမည့်အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်အချိုး ၃ ရာခိုင်နှုန်း သတ်မှတ်ချက်အား ပြောင်းလဲမှုမပြုဘဲ တွက်ချက်မှုပုံစံအား အောက်ပါအတိုင်း ပြင်ဆင်သတ်မှတ် လိုက်သည် -

(က) အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်အချိုး ၃ ရာခိုင်နှုန်းတွင် ဘဏ်များ၏ ဗဟိုဘဏ်ရှိ စာရင်းရှင်အပ်ငွေ (CAB) ဖြင့် ၂.၅ ရာခိုင်နှုန်းထားရှိရန် နှင့်

(ခ) ဘဏ်များလက်ဝယ်ရှိငွေသား (Cash at Bank) ဖြင့် ၀.၅ ရာခိုင်နှုန်း ထားရှိရန်၊

 

၃။ ဘဏ်သည် ထိန်းသိမ်းမှုကာလနောက်ဆုံးရက်တွင် ပျမ်းမျှစာရင်းရှင်အပ်ငွေ (Average CAB) အရလည်းကောင်း၊ပျမ်းမျှလက်ဝယ်ရှိငွေသား (Average Cash) အရလည်းကောင်း၊ သတ်မှတ်ရာခိုင်နှုန်း အသီးသီးကို ပြည့်မီရမည်ဖြစ်သည်။ အကယ်၍ပြည့်မီမှုမရှိပါက အဆိုပါဘဏ်အားအနည်းဆုံးသီးသန့်ငွေလိုအပ်ချက်လိုက်နာမှုမရှိသောဘဏ်အဖြစ်သတ်မှတ်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ဒဏ်ကြေး ဆိုင်ရာညွှန်ကြားချက်အမှတ် (၁၂/၂၀၁၆) ပါအတိုင်း ဒဏ်ကြေးပေးဆောင်စေမည် ဖြစ်သည်။ 

 

၄။ .. အနည်းဆုံးသီးသန့်ငွေလိုအပ်ချက် ပြင်ဆင်သတ်မှတ်ခြင်းအား (၁၂.၁၀.၂၀၂၂ - ၈.၁၁.၂၀၂၂) ထိန်းသိမ်းမှုကာလမှစတင်၍ (၁.၃.၂၀၂၃ - ၂၈.၃.၂၀၂၃) အထိ အသုံးပြုသွားမည်ဖြစ်သည်။

 

၅။ ညွှန်ကြားချက်အမှတ် (၁၉/၂၀၂၁)နှင့် ညွှန်ကြားချက်အမှတ် (၃/၂၀၂၂) တို့အားဤညွှန်ကြား ချက်ဖြင့် လွှမ်းမိုးလိုက်သည်။

Banking & Loan Read 469 times