မြန်မာနိုင်ငံထွက် သီးနှံရှစ်မျိုးကို တရုတ်ဆီ တရားဝင်တင်ပို့နိုင်ရေးအတွက် တရုတ်နိုင်ငံရဲ့ အရည်အသွေးကြီးကြပ်စစ်ဆေးရေးနှင့် ရောဂါထိန်းချုပ်ရေးဌာန (AQSIQ) ရဲ့ အသိအမှတ်ပြုလက်မှတ်ရယူရန် ဆောင်ရွက်မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်က ပြောပါတယ်။ တရုတ်နိုင်ငံကို တရားဝင်တင်ပို့မယ့် သီးနှံရှစ်မျိုးမှာ ထောပတ်၊ ကျွဲကော၊ ငှက်ပျော၊ ဝဥ၊ ဖာလာ၊ နာနတ်သီး၊ ဒူးရင်းသီးနဲ့ ရှောက်မျိုးနွယ်ဝင်တို့ ဖြစ်ပါတယ်။
လက်ရှိမြန်မာနိုင်ငံတွင် တရုတ်နိုင်ငံရဲ့ အရည်အသွေး ကြီးကြပ်စစ်ဆေးရေးနှင့် ရောဂါထိန်းချုပ်ရေးဌာနရဲ့ ထောက်ခံချက်ရယူထားတဲ့ သီးနှံရှစ်မျိုးမှာ ဖရဲ၊ သခွား၊ သရက်၊ ဆီးသီး၊ မင်းကွတ်၊ ကြက်မောက်၊ လိုက်ချီး၊ တောကြက်မောက်သီးတို့ ဖြစ်သည်။ ၎င်းတို့အနက် ဖရဲ၊ သခွား၊ သရက်နဲ့ ဆီးသီးတို့ကိုသာ တင်ပို့နိုင်သေးကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် ရောင်းချသူများအသင်း အလုပ်အမှုဆောင် ဦးတင်အောင်က ပြောပါတယ်။
(AQSIQ) ရဲ့ အသိအမှတ်ပြုလက်မှတ်ရရှိနိုင်ဖို့ တင်ပြထားတဲ့ သီးနှံများမှာ ကျရောက်တတ်တဲ့ ပိုးမွှားများ၊ စိုက်ခင်းအတွင်းသုံးတဲ့ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများ၊ ကူးစက်ပျံ့နှံ့တတ်တဲ့ ပိုးမွှားများ ပါဝင်မှု ရှိမရှိကို တရုတ်နိုင်ငံမှ တာဝန်ရှိသူများက လာရောက်စစ်ဆေးမှာဖြစ်ပြီး သတ်မှတ်စံနှုန်းများနဲ့ ကိုက်ညီမှုရှိပါက အသိအမှတ်ပြုလက်မှတ် ရရှိမှာဖြစ်ပါတယ်။
ဦးစိုးသန်းမင်းဒင်က အတည်ပြုချက်ရယူဖို့ အစိုးရချင်း ချိတ်ဆက်ဆောင်ရွက်ရမှာ ဖြစ်ပြီးတော့ လိုအပ်တဲ့ အချက်အလက်တွေကို စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို အသင်းက တင်ပြထားပါတယ်။ တရုတ်ဘက်ကတော့ အကြောင်းမပြန်သေးပါဘူး။ မြန်မာဘက်က တာဝန်ရှိသူတွေကတော့ သီးနှံစိုက်ပျိုးရာဒေသတွေမှာ ဖြစ်ပွားနိုင်တဲ့ ရောဂါတွေကို ဖုန်းဆက်မေးတာတော့ရှိတယ်။ ဒါပေမဲ့ တရားဝင်စာနဲ့ပို့ပြီး အကြောင်းကြားတာမျိုး မရှိသေးပါဘူးလို့ ပြောပါတယ်။
ယင်းအသိအမှတ်ပြုလက်မှတ်ရရှိတဲ့ သီးနှံများကို တရုတ်နိုင်ငံရဲ့ ကုန်သွယ်ပေါက် ၂၂ ပေါက်ဆီ တရားဝင် လွတ်လပ်စွာ တင်ပို့ရောင်းချနိုင်မှာဖြစ်ပြီး လက်မှတ်မရရှိတဲ့ သီးနှံများကို တရားမဝင် တင်သွင်းရောင်းချနေရပါတယ်။ တရုတ်နိုင်ငံကို လယ်ယာထွက်ကုန်များ တင်ပို့ရောင်းချရာတွင် (AQSIQ) ရဲ့ အသိအမှတ်ပြုလက်မှတ်ရရှိထားတဲ့ သီးနှံတွေကလွဲပြီး ကျန်ကုန်စည်အများစုမှာ နယ်စပ်လမ်းကြောင်းမှ တရားမဝင်တင်ပို့နေရသဖြင့် ဈေးကွက် အနိုင်ကျင့်ခံရမှုများ၊ ဆုံးရှုံးမှုများ မကြာခဏဖြစ်ပေါ်နေပါတယ်။
ဒါ့ကြောင့် (AQSIQ) ရဲ့ အသိအမှတ်ပြုလက်မှတ် အမြန်ဆုံးရရှိရေး သက်ဆိုင်ရာဌာနများက ဆောင်ရွက်ပေးဖို့ မတ် ၁၅ ရက်က ပြုလုပ်ခဲ့တဲ့ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲမှာ ကုန်သည်စက်မှုအသင်းချုပ်၊ နယ်စပ်ဒေသ ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းကော်မတီအဖွဲ့ဝင် ဦးကိုကိုကြီးက တင်ပြခဲ့ပါတယ်။
လက်မှတ်ရရှိရန် တရုတ်နိုင်ငံအစိုးရထံသို့ စာပို့ထားပြီး လာရောက်စစ်ဆေးမှုများလုပ်ရင်တော့ သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်း၊ စိုက်ပျိုးရေးဝန်ကြီးဌာနတို့နှင့် ပူးပေါင်းလုပ်ဆောင်မယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
Myanmar Times