မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ သံအမတ်ကြီး H.E. Mr. Scot Marciel ဦးဆောင်တဲ့ အမေရိကန်ကုမ္ပဏီ (၉) ခုမှ ကိုယ်စားလှယ်အဖွဲ့များကမြန်မာနိုင်ငံနဲ့ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေးဆိုင်ရာအခွင့်အလမ်းများ ပူးပေါင်းဆောင်ရွက်ဖို့အတွက် မြန်မာလုပ်ငန်းရှင်တွေနဲ့ စီးပွားရေးတွေ့ဆုံဆွေးနွေးပွဲကို ဧပြီလ ၃၀ ရက်နေ့က ကုန်သည်စက်မှုအသင်းချုပ် မင်္ဂလာခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
အဆိုပါ စီးပွားရေးတွေ့ဆုံပွဲကို ကုန်သည်စက်မှုအသင်းချုပ်ဦးဆောင်ကာ အမေရိကန်သံရုံးနဲ့ American Chamber of Commerce Myanmar (AMCHAM) တို့ရဲ့ အစီအစဉ်ဖြင့် နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းများ ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့အတွက် ကျင်းပခဲ့တာဖြစ်ပါတယ်။
ဒီပွဲကို အမေရိကန်သံအမတ်ကြီး H.E. Mr. Scot Marciel နဲ့အတူ အမေရိကန်ကုမ္ပဏီများဖြစ်တဲ့ Chevron, Earth Networks, ITW Welding Singapore, Xylerm Water Solutions, Asrophysics, Visa Myanmar, Fedex, GIS, Arizona Tools Company တို့မှ ကိုယ်စားလှယ်များ ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။
ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက အမေရိကန်အခြေစိုက် အာမခံကုမ္ပဏီကြီးဖြစ်တဲ့ Chubb Life (USA) ဟာ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေအတွက် အာမခံကုမ္ပဏီတစ်ခုအဖြစ် လုပ်ကိုင်ခွင့်ရရှိခဲ့တာကြောင့် မြန်မာနိုင်ငံကို အမေရိကန်ကုမ္ပဏီတွေ ဝင်ရောက်လာပါက ခိုင်မာတဲ့အာမခံလုပ်ငန်းအတွက် Chubb Life ရှိနေပြီဖြစ်တယ်လို့ ပြောပါတယ်။
သံအမတ်ကြီးကလည်း ဒီစီးပွာရေးတွေ့ဆုံပွဲကနေ နှစ်နိုင်ငံလုပ်ငန်းရှင်တွေအတွက် အခွင့်အလမ်းတွေ ရရှိကြမှာဖြစ်ပါတယ်။ အခုလာရောက်ကြတဲ့ ကိုယ်စားလှယ်တွေက မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်လာရောက်ခြင်းဖြစ်ပြီး နံနက်ပိုင်းကလည်း သီလဝါစက်မှုဇုန်ကို သွားရောက်ခဲ့ကာ ရင်းနှီးမြှုပ်နှံမှုများပြုလုပ်နိုင်မယ့် အခွင့်အလမ်းတွေကို လေ့လာခဲ့ကြပါတယ်လို့ ပြောပါတယ်။
နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းများ ချိတ်ဆက်တဲ့အခါ မြန်မာနိုင်ငံမှ စွမ်းအင်၊ ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်း၊ ရေဆိုးရေညစ် သန့်စင်တဲ့လုပ်ငန်း၊ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာလုပ်ငန်း၊ ဆက်သွယ်ရေးလုပ်ငန်း၊ မီဒီယာလုပ်ငန်း၊ ဟိုတယ်နဲ့ ခရီးသွားလာရေးလုပ်ငန်း၊ ပုံနှိပ်လုပ်ငန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ရေလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ မော်တော်ကားလုပ်ငန်း၊ ဖိနပ်ထုတ်လုပ်တဲ့လုပ်ငန်းနဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်း စတဲ့ လုပ်ငန်းကဏ္ဍအသီးသီးမှ လုပ်ငန်းရှင်ပေါင်း (၄၀) ဦးခန့် တက်ရောက်ခဲ့ကာ အမေရိကန်လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက အမေရိကန်က ကုမ္ပဏီကြီးတွေ အများကြီးပါဝင်လာကြတယ်။ မြန်မာနိုင်ငံမှာ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်ဖို့ ဆွေးနွေးကြမယ်။ မြန်မာနိုင်ငံကို သူတို့ကလာရောက်ပြီး အခြေအနေအရပ်ရပ်ကို လာရောက်သုံးသပ်တာဖြစ်ပါတယ်။
ကုန်သွယ်မှုအတွက် ဒေါ်လာသန်း ( ၁၀၀၀ ) လောက် ဖြစ်လာဖို့ အလားအလားကောင်းတွေလည်း အများကြီးရှိပါတယ်။ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှုတွေ အများကြီးဖြစ်လာတယ်၊ တခြားနိုင်ငံတွေကို နီးစပ်ဖို့ဆိုတာ အခုလို ကုမ္ပဏီအကြီးကြီးတွေက ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာမှုအပေါ် မူတည်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အများကြီး အကျိုးရှိပါတယ်လို့ ပြောခဲ့ပါတယ်။
UMFCCI