အပြည်ပြည်ဆိုင်ရာအင်တာနက် စနစ်ဝင်ပေါက်၊ ထွက်ပေါက် ဝန်ဆောင်မှု (In-ternational Gateway) လုပ် ကိုင်ရန် ကုမ္ပဏီကိုးခုကို ခွင့်ပြုခဲ့ကြောင်း ဆက်သွယ်ရေးညွှန်ကြား မှုဦးစီးဌာနက ကြေညာခဲ့ပါသည်။
ဆက်သွယ်ရေး အော်ပရေတာသုံးခုအပြင် Telecom Inter -national ကုမ္ပဏီ၊ Myanmar Global Technology ကုမ္ပဏီ၊ Golden TMH Telecom ကုမ္ပဏီ၊ Campana Mythic ကုမ္ပဏီ၊ Frontiir ကုမ္ပဏီနှင့် Fortune Telecom ကုမ္ပဏီတို့ကို လုပ်ကိုင် ခွင့်ပြုခဲ့ကြောင်း သိရပါသည်။
အဆိုပါ Gateway လိုင်စင်ရ ကုမ္ပဏီများသည် အပြည်ပြည်ဆိုင်ရာ အင်တာနက်ဆက်ကြောင်းများနှင့် ချိတ်ဆက်ခြင်းကြောင့် ဈေးကွက်အတွင်း အင်တာနက် ဝန်ဆောင်ခဈေးနှုန်းများ အပြိုင်အဆိုင် ကျဆင်းလာမည်ဟု ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါသည်။
ယခင်က Gateway လုပ်ကိုင်ခွင့်ကို အော်ပရေတာများသာ လုပ်ကိုင်ခွင့်ရရှိသဖြင့် ဈေးနှုန်း ကြီးမြင့်ခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် လိုင်စင်ရ ကုမ္ပဏီများ၏ ပြိုင်ဆိုင်မှုကြောင့် ၂၀၂၀ တွင် အင်တာနက် အသုံးပြုခ သိသာစွာ ကျဆင်းလာမည်ဖြစ်ကြောင်း Golden TMH Telecom ကုမ္ပဏီမှ နည်းပညာဆိုင်ရာ အမှုဆောင်အရာရှိချုပ်က ပြောခဲ့ပါသည်။
၂၀၀၃ ကို ပြန်ကြည့်ရင် 1Mbps ကို ဒေါ်လာ၃၀၀ လောက် နဲ့ဝယ်ယူနေရသော်လည်း 1Mbps ကို ရှစ်ဒေါ်လာပဲကျတော့သဖြင့် Gateway ကုမ္ပဏီတွေ ပိုများလာခဲ့မယ်ဆိုရင် ဈေးနှုန်းက ဒီထက်ပို သက်သာလာမည်ဟု Global Technology Group စီအီးအိုက လိုင်စင်ရရှိစဉ်က ပြောခဲ့ပါသည်။
Gateway ကုမ္ပဏီများသည် ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနသို့ ကတိအာမခံချက်အဖြစ် ကန်ဒေါ်လာ တစ်သန်းပေးသွင်း၍ ရယူခဲ့ကြောင်း သိရပါသည်။
Gateway လိုင်စင်ရ ကုမ္ပဏီငါးခု အမည်စာရင်းကို ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီး ဌာနက ၂၀၁၈ ဇန်နဝါရီအတွင်း ထုတ်ဖော်ပြောဆိုစဉ် Elite Telecom အများပိုင်ကုမ္ပဏီ ပါဝင်သော်လည်း လိုင်စင်ရ ကုမ္ပဏီအမည်စာရင်းအသစ်တွင် ပါဝင်ခြင်းမရှိကြောင်း သိရပါသည်။
7 day daily