ကုန်သည်စက်မှုအသင်းချုပ် UMFCCI တွင် နဝမအကြိမ်မြောက် ကျင်းပသည့် နိုင်ငံတော် ဒုတိယသမ္မတ (၁)၊ စီမံဘဏ္ဍာ ပြည်ထောင်စုဝန်ကြီးနှင့် ပုဂ္ဂလိကကဏ္ဍကိုယ်စားလှယ်များ လစဉ်ပုံမှန် အစည်းအဝေးတွင် အိန္ဒိယနိုင်ငံမှ ပဲအမျိုးမျိုး တင်သွင်းမှု ခွဲတမ်းသတ်မှတ်သည့်ကိစ္စအပါ၀င် ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မောင်တောနယ်စပ်ဒေသ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများ၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ သားငါးထုတ်လုပ်ရေးကဏ္ဍ၊ ကြိမ်နှင့်ဝါးလုပ်ငန်းကဏ္ဍ၊ ရာဘာလုပ်ငန်းကဏ္ဍ၊ ပဲမျိုးစုံကဏ္ဍ၊ တို့ကို ဆွေးနွေးခဲ့ကြပါသည်။
ဦးဝင်းမြင့်လှိုုင်
ဧရာဝတီတိုင်းဒေသကြီး လယ်ယာကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး
ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဝင်းမြင့်လှိုုင် တင်ပြသည်။
● ဧရာဝတီတိုင်းဒေသကြီးရှိ တောင်သူလယ်သမားများ နှင့် အသေးစား၊ အလတ်စား လုပ်ငန်းရှင်များအနေဖြင့် လုပ်သားရရှိမှု အခက်အခဲတွေ့ကြုံနေရခြင်း ၊ ငွေကြေးအရင်းအနှီးမြှုပ်နှံမှု မတတ်နိုင်ခြင်း နှင့် အစိုးရ၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်မှုအားနည်းခြင်း စသည့် အခက်အခဲများကို ဖြေရှင်းပေးပါရန်၊
● သက်ဆိုင်ရာမြို့နယ်အလိုက် စိုက်ပျိုးထုတ်လုပ်သော စပါးမျိုးကွဲမြောက်မြားစွာ ရှိနေခြင်း မဖြစ်စေဘဲ အားလုံးသဘောတူသည့် စျေးကွက်ဝင် စပါးမျိုးတစ်မျိုးတည်းကိုသာ ရွေးချယ်စိုက်ပျိုး ထုတ်လုပ်နို်င်ရန် ကန်ထရိုက်လယ်ယာ (Contract Farming) စိုက်ပျိုးမှုစနစ်် ပေါ်ထွန်းလာစေရေး၊
● ရာသီဥတုနှင့်ယှဉ်၍ စိုက်ပျိုးထုတ်လုပ်ချိန်ဖြစ်သော ကောက်စိုက်ချိန်တွင် လုပ်သားအခက်အခဲရှိသဖြင့် စနစ်ကျလယ်ယာမြေ ဖော်ထုတ်ကာ စက်ယန္တယားများ အသုံးပြု၍ ဆောင်ရွက်နို်င်ရေး၊
● လယ်ယာကဏ္ဍအခြေပြု အဖွဲ့အစည်းများအား လုပ်ငန်းရင်းနှီးမြှုပ်နှံမှု နှစ်ရှည်ချေးငွေ ဆောင်ရွက်ပေးရန်
● ဧရာဝတီတိုင်းဒေသကြီးတွင် အသေးစား၊ အလတ်စားဖွံ့ဖြိုးတိုးတက်ရေးအတွက် ချေးငွေရရှိရေး
ဒေါက်တာအောင်သိန်း
SME ကဏ္ဍ
ကုန်သည်စက်မှုအသင်းချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါက်တာအောင်သိန်းမှ တင်ပြပါသည်။
● နိုင်ငံအဝှမ်း ပျံ့နှံ့နေသည့် SME များအား အသင်းအဖွဲ့တစ်ရပ် ဖွဲ့စည်းကာ ကိုယ်စားပြု ကူညီထောက်ပံ့နိုင်ရေး
● မြန်မာ့ SME များ စျေးကွက်အချက်အလက်များ ရရှိနိုင်ရန်နှင့် ဖွံ့ဖြိုးရေး သုတေသနများ ပြုလုပ်နိုင်ရန် SME Information Center, လုပ်ငန်း မှတ်ပုံတင် One-stop Center နှင့် SME Research Center များ တည်ထောင်ရေး
●SME ဥပဒေ၊ နည်းဥပဒေနှင့် မူဝါဒများ ချမှတ်ပြီးပြီဖြစ်သော်လည်း နောင်အနာဂတ် နှစ် ၃၀၊ နှစ် ၄၀ စသည်ဖြင့် SME ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ရည်မှန်းချက်များနှင့် SME National Strategy ကို ချမှတ်ရေးနှင့် ထိရောက်စွာ ဖော်ဆောင်ရေး
●စတင်တည်ထောင်သည့် SME လုပ်ငန်းများ ရှင်သန်နိုင်ရေးအတွက် အချိန်ကာလတစ်ခုသတ်မှတ်ကာ အခွန်သက်ညှာခွင့် ရရှိစေရေး
● SME လုပ်ငန်းများဖွံ့ဖြိုးရေးဘဏ် တည်ထောင်ကာ သီးသန့် ချေးငွေအစီအစဉ်များ ချမှတ်ရေး
●သွင်းကုန်အစားထိုးထုတ်လုပ်မှုလုပ်ငန်းများ အသုံးပြုနေသည့် စက်များ၊ ယန္တရား တင်သွင်းခြင်းအပေါ် အကောက်ခွန် ကင်းလွတ်ခွင့် ရရှိစေရေး နှင့်
●လူမှုအကျိုးပြုလုပ်ငန်းများ (Social Enterprises) များ အခွန်သက်ညှာခွင့်ရရှိစေရေး နှင့် လူမှုအကျိုးပြုလုပ်ငန်းအဖြစ် သီးသန့် မှတ်ပုံတင်စနစ် ချမှတ်ကာ အားပေးရေး
ဦးဌေးမြင့်
သားငါးထုတ်လုပ်ရေးကဏ္ဍ
မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဌေးမြင့် တင်ပြသည်။
●မြန်မာ့ငါးလုပ်ငန်းကဏ္ဍကို စနစ်တကျ အဆင့်မြှင့်တင်ပါက လက်ရှိမွေးဧကမှပင် အထွက်နှုန်း (၅)ဆ အထိ တိုးမြှင့်နိုင်သောကြောင့် နိုင်ငံတော်အစိုးရမှ အားပေးကူညီရန်
●နိုင်ငံတကာ အဆင့်မီ သားဖောက်ရုံများ၊ ငါးစာထုတ်လုပ်ရေးစက်ရုံများနှင့် ပုဂ္ဂလိက ဓါတ်ခွဲခန်းများ၊ Processing ရုံများ၊ ငါးမွေးမြူရေး အထူးဇုန်များ ကျယ်ကျယ်ပြန့်ပြန့်တည်ထောင်ရေး
● ကျေးလက်ဒေသရှိ ငါးမွေးကန်များ၌ အောက်ဆီဂျင်ပေးရာတွင် လိုအပ်သည့် လျှပ်စစ်မီးရရှိစေရေး
ဒေါက်တာမြင့်စိန်
မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးဒေါက်တာမြင့်စိန် တင်ပြသည်။
●မွေးမြူရေးလုပ်ငန်းများ၏ မြေယာအခက်အခဲကိစ္စရပ်များ ဖြေရှင်းဆောင်ရွက်ပေးပါရန်၊
●ငါးမွေးမြူရေးလုပ်ငန်းများအတွက် တိကျသော မြေအသုံးချမှုမူဝါဒ ချမှတ်ပေးပါရန်၊
●သား၊ ငါး မွေးမြူရေးလုပ်ငန်းရှင်များ အတွက် နှစ် (၃၀) ဂရမ်တွင် ရောင်း၊ပေါင်၊ငှားရမ်း၊ပေး ဆိုသည့် စာသားကို ထည့်သွင်း ဆောင်ရွက်ပေးပါရန်
ရာဘာလုပ်ငန်းကဏ္ဍ
မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း ဗဟိုအလုပ်အမှုဆောင် ဦးအုန်းသန်း တင်ပြပါသည်။
● ၁၉၉၅ ခုနှစ်မှစ၍ အောင်မြင်စွာ စိုက်ပျိုးနေသော ရော်ဘာခြံများသည် ပိုင်ဆိုင်မှု အသိအမှတ်ပြု အထောက်အထား အာမခံချက်မရှိခြင်းနှင့် မရေရာသောပိုင်ဆိုင်မှုများကြောင့် အဆင့်မြင့်ထုတ်ကုန် ရင်းနှီးမြှုပ်နှံမှုများလည်း မပြုလုပ်ကြသည့်အပြင် နိုင်ငံတော်မှလည်း မြေအခွန်အခများ နစ်နာနေကြောင်း၊
●သစ်တောဦးစီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် စိုက်ပျိုး မွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာနတို့ ပူးပေါင်းညှိနှိုင်း၍ အမှန်တကယ် စိုက်ပျိုးပြီးစီးနေသည့် တောင်သူများအတွက် စိုးရိမ်နစ်နာမှုများကင်းရှင်းသည့် ပိုင်ဆိုင်လုပ်ကိုင်ခွင့် အထောက်အထားများ ရရှိရေး ဆောင်ရွက်ပေးပါရန်
ဦးကျော်သူ
ကြိမ်နှင့် ဝါးလုပ်ငန်းကဏ္ဍ
မြန်မာနိုင်ငံ ကြိမ်နှင့် ဝါးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျော်သူ တင်ပြသည်။
●ကြိမ်/ဝါး လက်မှုအချောထည် နမူနာပစ္စည်းများကို လေယာဉ်(သို့မဟုတ်) Courier Service များဖြင့် ပို့ရာတွင် သစ်တောထွက်ကုန်စစ်ဆေးမှုများကြောင့် အခက်အခဲတွေ့ရကြောင်း၊
●Container (၁) လုံး မပြည့်သော ကြိမ်/ဝါးလက်မှု အချောထည်ပစ္စည်းများ သင်္ဘောတင်ပို့ရာတွင် ဆိပ်ကမ်းရှိ သစ်တောအဖွဲ့နှင့် စစ်ဆေးခြင်းဖြင့် မပြီးဘဲ ရန်ကုန်တိုင်း၊ သစ်တောရုံးမှ လာရောက် စစ်ဆေးပေးရန် လျှောက်နေရကြောင်း၊
●ကြိမ်/ဝါး အချောထည်ပစ္စည်းများသည် သစ်မဟုတ်သော သစ်တောထွက်ပစ္စည်း (Non Timber Forest Products) များ ဖြစ်သည့်အတွက် လက်မှုအချောထည် ပစ္စည်းများအဖြစ် အာဆီယံနိုင်ငံများကဲ့သို့ လွယ်ကူစွာတင်ပို့ခွင့်မရသည့်အတွက် ယှဉ်ပြိုင်နို်င်စွမ်း နိမ့်ကျနေပါသဖြင့် ကြိမ်/၀ါးအချောထည် ပစ္စည်းများကို သစ်တောထွက် ပစ္စည်းအဖြစ် မသတ်မှတ်ဘဲ လက်မှု အချောထည် ပစ္စည်းအဖြစ် သတ်မှတ်ပေးရန်၊
●ကြိမ်/ဝါး လက်မှုအချောထည်ပစ္စည်းများနှင့် ကြိမ်/ဝါး ပရိဘောဂများ တင်ပို့ရာတွင် သစ်တော ထုတ်လုပ်ခွင့်သက်တမ်းကို ပြန်လည်စိစစ်ပြီး သက်တမ်းတိုးနေရခြင်းကို ဖြေရှင်းပေးရန်နှင့်
● Air Shipment/ DHL/ UPS စသည်တို့ဖြင့် တင်ပို့ရာတွင် သစ်တောထောက်ခံချက် စစ်ဆေးရန် လိုအပ်နေပါကြောင်း၊ ဒေါ်လာ ၅၀၀ အောက် နမူနာပစ္စည်းများကို Air Shipment/ DHL/UPS တွင် ယခင်ကဲ့သို့ လွယ်ကူစွာတင်ပို့နိုင်ခွင့်ရရှိရေး
ဦးတင်အောင်ဦး
ရခိုင်ပြည်နယ် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး
ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးတင်အောင်ဦး တင်ပြသည်။
●စစ်တွေဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်ရေး နှင့် ကုန်စည်စီးဆင်းမှုမြန်ဆန်ရေးကိစ္စတွင် ဆိပ်ခံတံတား အရေအတွက် နည်းပါးခြင်း၊ ယာဉ်နှင့်စက်ပစ္စည်း ထောက်ပံံ့မှုအားနည်းခြင်းကြောင့် ကုန်စည်စီးဆင်းမှု နှောင့်နှေးနေခြင်းတို့အား ဖြေရှင်းပေးရန်၊
●ရခိုင်ပြည်နယ် ကုန်သည်/စက်မှုအသင်း၏ ရုံးခန်းမြေနေရာ လိုအပ်ခြင်းကိစ္စအား ပြည်နယ်အစိုးရမှ ဦးစီး၍ ကူညီ ဆောင်ရွက်ပေးရန်၊
●အသင်း၏ စီးပွားရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးပွဲ၊ ဟောပြောပွဲ၊ ပြပွဲများလုပ်ဆောင်နိုင်ရေး အဆောက်အဦ ဆောက်လုပ်ရန် မြေနေရာလိုအပ်ချက်အား ဌာနဆိုုင်ရာများမှ အသုံးမပြုသည့်မြေအား နှစ်ရှည် (နှစ် ၃၀) ဌားရမ်းခြင်း သို့မဟုတ် ပြည်နယ် အစိုးရ စီမံခန့်ခွဲပိုင်သောမြေများမှ စီမံပေးပါရန်
ရခိုင်ပြည်နယ် မောင်တောနယ်စပ် သစ်တောကဏ္ဍ
ရခိုင်ပြည်နယ် မောင်တောနယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးအောင်မြင့်သိန်း တင်ပြသည်။
●သစ်တောထွက်ပစ္စည်းတစ်မျိုးဖြစ်သော ဝါးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ရာတွင် သစ်တောခွန် (၁၀%) ကို အမေရိကန် ဒေါ်လာငွေများ ပေးဆောင်နေရခြင်းကို လျှော့ပေါ့ပေးရန်
●သစ်တောခွန် (၁၀%) အတွက် အမေရိကန်ဒေါ်လာအကြွေကို စျေးကွက်တွင် ဝယ်ယူရခက်ခဲခြင်းကြောင့် အချိန်ကြန့်ကြာခြင်း၊ A/C ထဲမှ အဖြတ်ခံရပါကလည်း လိုင်စင်တန်ဖိုးလျော့နည်းသွားခြင်းတို့ကြောင့် သစ်တောခွန်အား ဒေါ်လာဖြင့် ပေးသွင်းနေရခြင်းအား မြန်မာကျပ်ငွေဖြင့် ပေးဆောင်ခွင့်ပြုရန်
ဦးထွန်းလွင်
အထွေထွေဆွေးနွေးခြင်း
ပဲမျိုးစုံကဏ္ဍ၏ လက်ရှိအခက်အခဲများကို ဆွေးနွေးရာ၌ မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးထွန်းလွင်က အိန္ဒိယနိုင်ငံသည် ပြည်ပမှ ပဲတင်သွင်းခြင်းကို ကန့်သတ်ခဲ့သည့်အတွက် မြန်မာ့တောင်သူများနှင့် ကုန်သည်များထံတွင် ပဲများ ကျန်ရှိနေပြီး၊ ပြည်ပရော ပြည်တွင်းရော ဝယ်လိုအား မရှိခြင်း အခက်အခဲဖြစ်ပေါ်နေကြောင်း တင်ပြသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်က အိန္ဒိယနိုင်ငံ ပဲတင်သွင်းမှုဆိုင်ရာ မူဝါဒပြောင်းလဲမှုအား လိုက်လျောညီထွေစွာ ဖြေရှင်းနိုင်ရန် ပဲမျိုးစုံစျေးကွက်သစ်များ ရရှိရေးအတွက် အစိုးရအနေဖြင့် ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောပါသည်။ ထို့အပြင် သီးနှံစျေးကွက်အခြေအနေများကို တောင်သူလယ်သမားများနှင့် အများပြည်သူသိရှိအောင် အချိန်နှင့်တပြေးညီ သတင်းထုတ်ပြန်ပေးပါမည်ဖြစ်ကြောင်း ပြောပါသည်။