ပြည်ပသို့ ရေထွက်ပစ္စည်းတင်ပို့မှု လျော့ကျ


14 August, 2018

ပြည်တွင်းရှိ ငါး၊ ပုစွန် အအေးခန်းစက်ရုံများ ကုန်ကြမ်းရရှိမှုနည်းပါး၍ ရေထွက်ပစ္စည်းပြည်ပတင်ပို့မှုမှာ ယခင်နှစ် တင်ပို့မှုအောက် ဝင်ငွေရရှိမှုလျော့နည်းသွားကြောင်းစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ကုန်သွယ်မှုစာရင်းများအရ သိရသည်။

၂၀၁၈ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ ရေထွက်ပစ္စည်း မက်ထရစ်တန်ချိန်ပေါင်း ၆၇၈၃ ဒသမ ဝ၇ တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ ၁၈၈ ဒသမ ၄၁၄ သန်းသာ ရရှိထားခြင်းဖြစ်ကာ ယခင်နှစ်ကာလတူတင်ပို့မှုအောက် အမေရိကန်ဒေါ်လာသန်း ၅၀ ကျော် လျော့နည်းနေခြင်းဖြစ်သည်။

တင်ပို့ငွေအမေရိကန်ဒေါ်လာသန်း ၁၈၀ ကျော်တွင် ကဏန်း၊ ငါးရှဉ့်နှင့် ရေချိုငါးများ အများဆုံးတင်ပို့နိုင်ခြင်းဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်က ပြည်ပသို့ရေထွက်ပစ္စည်းတင်ပို့မှုမှ နှစ်ပေါင်း ၂၀ အတွင်း အမေရိကန်ဒေါ်လာ ၇၁၁ ဒသမ ၇၁၇ သန်း စံချိန်တင်ရရှိခဲ့သည်။

“အခုက ငါးမဖမ်းရရာသီလည်း ပိတ်ထားတဲ့အတွက် ကုန်ကြမ်းလိုသလောက် မရတာလည်းပါတယ်။ ပြီးတော့ ဆော်ဒီကလည်း ငါးတင်သွင်းခွင့် ရပ်ထားတဲ့အတွက် ဒါတွေကြောင့် သိသိသာသာလျော့သွားတာပါ”ဟု ရေထွက်ပစ္စည်းပို့ကုန်လုပ်ငန်းရှင် ဦးတင်လှက ပြောကြားသည်။

မြန်မာ့ပင်လယ်ပြင်အတွင်း ငါးသားပေါက်ရာသီဖြစ်သည့်အတွက် ငါး၊ ပုစွန် သယံဇာတများထိန်းသိမ်းရန် မေလ ၁၆ ရက်နေ့မှ ဩဂုတ်လ ၁၅ ရက်နေ့အထိ သုံးလတာငါးမဖမ်းရရာသီအဖြစ် သတ်မှတ်ထားသဖြင့် ကုန်ကြမ်းရရှိမှုနည်းပါးခြင်းတို့ကြောင့် ပြည်ပတင်ပို့မှု လျော့နည်းသွားခြင်းဖြစ်ကြောင်း ပို့ကုန်လုပ်ငန်းရှင်များက သုံးသပ်ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံမှ မွေးမြူရေးငါးဖြစ်သည့် ငါးမြစ်ချင်းအများဆုံးတင်ပို့သည့် ဆော်ဒီအာရေဗျနိုင်ငံကလည်း မြန်မာနိုင်ငံမှ ငါးတင်သွင်းမှုကို ဧပြီလ ၁ ရက်နေ့မှစ၍ ယာယီရပ်ဆိုင်းထားပြီး တစ်နှစ်လျှင် ဆော်ဒီနိုင်ငံသို့ အမေရိကန်ဒေါ်လာသန်း ၄၀ ဖိုးအထိ တိုက်ရိုက်တင်ပို့မှုရှိကြောင်း ပို့ကုန်လုပ်ငန်းရှင်များထံမှ သိရသည်။

ထိုင်းနိုင်ငံခြားရေး ဝန်းကြီး ဒွန်ပရာမူဝီနိုင်းသည် ရခိုင်ပြည်နယ်၌ နည်းပညာမြင့် ပုစွန်မွေးမြူရေးစီမံကိန်းနှင့် ပတ်သတ်၍ နားလည်မှုစာချွန်လွှာတစ်ရပ် ရေးထိုးကြောင်းသိရပါသည်။ ယင်းစာချွန်လွှာအရ စစ်တွေမြို့တွင် အထူးနည်းလမ်းသုံး ပုစွန်မွေးမြူမှု လက်တွေ့ပြသရေးစင်တာ ပြန်လည်ဆောက်လုပ်ရန် ထိုင်းနိုင်ငံက ရန်ပုံငွေပေးမည်ဖြစ်သည်။ ယင်းနားလည်မှု စာချွန်လွှာသည် ရခိုင်ပြည်နယ်တွင် ရေရှည်ထိန်းသိမ်းနိုင်သော ဖွံ့ဖြိုးမှုများအတွက် ထိုင်းနိုင်ငံ၏ ပူးပေါင်းဆောင်ရွက်ရေး ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။

ငါးမဖမ်းရကာလ သတ်မှတ်ထားသည့်အတွက် ငါး၊ ပုစွန်အအေးခန်းများ အနေနှင့် မြန်မာနိုင်ငံအတွင်း ငါး၊ ပုစွန် ကုန်ကြမ်းရှားပါးသောကြောင့် အခြားနိုင်ငံများမှ ငါး၊ ပုစွန်ကုန်ကြမ်းများ ပြန်လည်တင်သွင်း၍ လက်ခစားစနစ်ဖြင့် ကုန်ချောအဖြစ် ပြုပြင်ထုတ်လုပ်ကာ ပြန်လည်တင်ပို့သည့်လုပ်ငန်းကို လုပ်ကိုင်လျက်ရှိပြီး ငါးမဖမ်းရသတ်မှတ်ကာလပြီးဆုံးပါက ပြည်ပတင်ပို့မှု ပြန်လည်မြင့်တက်လာနိုင်ကြောင်း ပို့ကုန်လုပ်ငန်းရှင်များက သုံးသပ်ပြောကြားသည်။

ထို့အပြင် ထားဝယ်မြို့မှ တင်ပို့လာသည့် ရေထွက်ကုန်ပစ္စည်းတင်ဆောင်သည့်ကားများက ထိုင်းနိုင်ငံရှိဈေးတွင် မနက် ၂ နာရီအရောက်သွားရောင်းချပြီး ထီးခီးဂိတ်သို့ အချိန်နောက်ကျမှရောက်လာသည့်အတွက် အချိန်မမီဖြစ်ကာ အခက်အခဲကြုံတွေ့ခဲ့ရသဖြင့် ယခင်က ထီးခီးကုန်သွယ်ရေးစခန်းမှာ ညနေ ၄ နာရီအချိန်အထိသာ ဖြတ်သန်းခွင့်ပြုသည့် ထီးခီးကုန်သွယ်ရေးစခန်းကို ယခုလမှ စတင်ကာ ည ၉ နာရီအထိ ဖြတ်သန်းခွင့်ပြုနေကြောင်း ထီးခီးနယ်စပ်ကုန်သည်ကြီးများအသင်း(ယာယီ) ဥက္ကဋ္ဌ ဦးမြင့်ဆွေကပြောကြားပါသည်။

The voice

Export, Import Read 651 times