၂၀၁၈ - ၂၀၁၉ ကြံရာသီ ကြံစိုက်ပျိုးမှုကနေ အရင်နှစ်ကထက် ၃၀ ရာခိုင်နှုန်းကျော် ပိုမိုစိုက်ပျိုးထားတာကြောင့် ဒီနှစ် ကြံတန်ချိန်ပိုမိုထွက်ရှိလာပြီး သကြားထုတ်လုပ်မှုတိုးတက်လာကာ ပြည်တွင်းသကြားစားသုံးမှုထက် ပိုလျှံလာနိုင်ပါတယ်။
ဒါ့ပြင် ပြည်ပကတင်သွင်းထားတဲ့ လုပ်ငန်းသုံးသကြား၊ ပြန်လည်တင်ပို့ကုန်သကြားရယ် မြဝတီဘက်က မှောင်ခိုဝင်ထားတဲ့ သကြားတွေပါရှိနေပါတယ်။ တရုတ်ကနေလည်း သကြားဝယ်ယူမှုမရှိတာကြောင့် အကုန်လုံးက ပြည်တွင်းမှာ ပုံနေပါတယ်။
ဒ့ါကြောင့် ဒီပမာဏအတိုင်းဆိုရင် ပြည်တွင်းစားသုံးမှု ဖူလုံနိုင်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ ကြံစိုက်ပျိုးထုတ်လုပ်မှု ဧကစုစုပေါင်း လေးသိန်းကျော်ရှိကာ ကြံတန်ချိန် ၁၀ တန်းကျော်ထွက်ရှိပြီး ပြည်တွင်းရှိ သကြားစက်ရုံ ၂၃ ရုံမှ သကြားဖြူ၊ သကြားညိုတွေ ထုတ်လုပ်ပေးလျက်ရှိပါတယ်။
လက်ရှိသကြားဈေးမှာ တစ်ပိသာကို ကျပ် ၁၀၁၀ မှ ကျပ် ၁၀၃၀ အထိသာရှိနေပြီး ကြံတစ်တန်ဈေးနှုန်းမှာတော့ ကျပ် ၄၂၀၀၀ - ၄၃၀၀၀ ကနေ အများဆုံးကျပ် ၄၅၀၀၀ ခန့်ရှိနေပါတယ်။ အရင်နှစ်တွေနဲ့ယှဉ်ရင်တော့ တောင်သူတွေ ဈေးနည်းစွာရရှိနေပြီး စက်ပိုင်တွေဘက်မှာလည်း ကြံတွေမှာ အမြစ်တွေပါခြင်းနဲ့ အမှုန်အမွှားတွေ ပါဝင်ခြင်းကြောင့် သကြားထွက်ရှိနှုန်းကို ထိခိုက်လျက်ရှိနေပါတယ်။ ဒီနှစ် ကြံဈေးကျဆင်းတာကြောင့် တောင်သူတွေအနေနဲ့ လာမယ့်နှစ် ကြံစိုက်ရာသီမှာ အခြားသီးနှံကို ပြောင်းလဲစိုက်လာနိုင်ပါတယ်။
လက်ရှိမှာ ပြည်တွင်းကြံစိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်က ပြည်ပနိုင်ငံတွေထက် မြင့်မားနေသလို တစ်ဧကအထွက်နှုန်းမှာ ၂၀ တန်ခန့်ခန့်သာ အမြင့်ဆုံးထွက်ရှိနေပါတယ်။ ကြံစိုက်ပျိုးထုတ်လုပ်တဲ့ နိုင်ငံအများစုမှာ တစ်ဧကအထွက်နှုန်း ၃၅ တန်ခန့် ထွက်ရှိနေပါတယ်။
လက်ရှိ နယ်စပ်ဒေသထွက် ကြံနဲ့ သကြားတွေကို တရုတ်က ဝယ်ယူပေးနေသလို တစ်ဖက်မှာလည်း ဗီယက်နမ်၊ ဟောင်ကောင်၊ လာအိုနိုင်ငံတွေနဲ့ ယှဉ်ပြိုင်ရောင်းချနေရပါတယ်။ ပြည်တွင်း ကြံစိုက်တောင်သူတွေရဲ့ ထွက်ရှိကြံတွေ ရောင်းချရမှုကို မထိခိုက်နိုင်အောင် ဆောင်ရွက်ဖို့နဲ့ တောင်သူတွေကိုယ်တိုင် ကြံချက်လုပ်ကာ တန်ဖိုးမြှင့်ကုန်စည်ထုတ်လုပ်ပြီး ဈေးကွက်အတွင်းရောင်းချနိုင်ဖို့ အကျိုးဖြစ်ထွန်းစေမယ့် ဈေးကွက်ဖော်ဆောင်ရေးလိုအပ်ပါတယ်။
ဒီလို တန်ဖိုးမြှင့်စားသောက်ကုန်တွေ ထုတ်လုပ်တဲ့အခါမှာလည်း ဘေးအန္တရာယ်ကင်းရှင်းတဲ့ ထုပ်ပိုးမှု၊ ဖြန့်ဝေရောင်းဝယ်ဖောက်ကားမှုနည်းပညာတွေ ဖွံ့ဖြိုးတိုးတက်လာစေဖို့ နိုင်ငံတော်ရဲ့ အထောက်အပံ့တွေ လိုအပ်လျက်ရှိပါတယ်။
The Farmer Media