ယာယီရပ်ဆိုင်းထားသည့် နိုင်ငံပိုင် စက်ရုံ၊ အလုပ်ရုံ ၂၄ ခု


04 December, 2018

အရှုံးပေါ်သဖြင့် ယာယီရပ်ဆိုင်းထားသည့် နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံ ၂၄ ခုကို ကျယ်ပြန့်စွာ ပြန်လည်လေ့လာပြီး ရှေ့ဆက်မည်သို့ဆောင်ရွက်မည်ကို လွှတ်တော်သို့အမြန်ဆုံးလာရောက်တင်ပြရန် ပြည်သူ့လွှတ်တော် ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်မှုကော်မတီက ပြည်ထောင်စုအစိုးရအဖွဲ့သို့ ယနေ့ဒီဇင်ဘာလ ၄ ရက်နေ့တွင် တိုက်တွန်းချက်အရ သိရပါတယ်။

“ငါးနှစ်ဆက်တိုက် အရှုံးပေါ်နေသော နိုင်ငံပိုင် စက်ရုံ၊ အလုပ်ရုံ ၂၄ ခုကို ပြန်လည်လေ့လာသုံးသပ်နိုင်ရန်အတွက် ယာယီရပ်ဆိုင်းရန် ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ထားပါတယ်။ ၎င်းကိစ္စကို ပြည်ထောင်စုအစိုးရက ကျယ်ကျယ်ပြန့်ပြန့် လေ့လာသုံးသပ်ပြီး မည်သို့၊ မည်ပုံ စီမံဆောင်ရွက်မည်ကို လွှတ်တော်သို့ အမြန်ဆုံး ပြန်လည်တင်ပြရန် တိုက်တွန်းအပ်ပါတယ်”ဟု ကော်မတီအဖွဲ့ဝင်ဖြစ်သူ ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မဲဆန္ဒ နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းအောင်က အစီရင်ခံစာဖတ်ကြားစဉ်တင်ပြခဲ့ပါတယ်။

ထို့အတူ ကော်မတီ နှင့် သက်ဆိုင်သည့် စက်မှုဝန်ကြီးဌာန နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်တို့က ဥပဒေ၊ နည်းဥပဒေများကို ပြင်ဆင်ဆောင်ရွက်ရန်ရှိပါက ကော်မတီက ပြင်ဆင်လေ့လာနိုင်ရန် အချိန်နှင့်တစ်ပြေး ညီညှိနှိုင်းမှုများဆောင်ရွက်သင့်ကြောင်း ၎င်းကတင်ပြခဲ့ပါတယ်။ထို့ပြင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ဆောင်ရွက်ချက်များကို ဝက်ဘ် ဆိုက်နှင့် နေ့စဉ်ထုတ်သတင်းစာများတွင် အများပြည်သူတို့ သိရှိရန်တင်ပြသည်ကို ကြိုဆိုကြောင်း၊ သို့သော် ကော်မတီသို့ သီးခြားပေးပို့လာပါက လွှတ်တော်ကော်မတီနှင့် ကော်မရှင်တို့ အမြဲ ထိတွေ့ဆက်ဆံမှုရှိပြီး လွှတ်တော်ကော်မတီတို့၏ အရေးပါမှုကိုလည်း သိသာထင်ရှားပေါ်လွင်စေမည်ဖြစ်ကြောင်း ၎င်းကဆိုခဲ့ပါတယ်။

 “မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံမှ ခွင့်ပြုမိန့်ရရှိပြီးသော်လည်း ရပ်တန့်နေသည့် လုပ်ငန်းများ လုပ်ငန်းစတင်ဆောင်ရွက်နိုင်ခြင်း မရှိသေးသည့် လုပ်ငန်းများ၊ လုပ်ငန်းစတင်ဆောင်ရွက်နိုင်ခြင်းမရှိသေးသည့် လုပ်ငန်းများ ရှိနေပါတယ်။ လုပ်ငန်းရှင်များက အရင်းအနှီးအခက်အခဲရှိ၍ လုပ်ငန်းမဆောင်ရွက်နိုင်ခြင်းကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှုကော်မရှင်က လိုအပ်သလိုဆောင်ရွက်ရန်ဖြစ်ပါတယ်။ သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ခွင့်ပြုမိန့်ကို စောင့်ဆိုင်း ရသည့်အတွက်ကြောင့် မစတင်နိုင်သေးသောလုပ်ငန်းများလည်းရှိပါတယ်''ဟု ဦးအေးမင်းအောင်က ပြောခဲ့ပါတယ်။

 ''အချို့လုပ်ငန်းများမှာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ရရှိပြီး MOU ၊ MOA လက်မှတ်ရေးထိုးပြီး ၅ နှစ်ကျော်ကာလရှိသည့်တိုင် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ ခွင့်ပြုမိန့်ကို စောင့်ဆိုင်းနေရဆဲဖြစ်သည်ကို တွေ့ရှိရပါတယ်။ ယင်းအခက်အခဲများကို သက်ဆိုင်ရာဝန်ကြီးဌာနများကအမြန်ဆုံးစိစစ်ဆောင်ရွက်သင့်ပါကြောင်း'' ဦးအေးမင်းအောင်က ဆက်လက်ပြောကြားခဲ့ပါတယ်။

''နိုင်ငံခြားချေးငွေများရရှိပြီးသော်လည်း သတ်မှတ်ကာလအတွင်း လုပ်ငန်းဆောင်ရွက်နိုင်ခြင်းမရှိသေးပါက ချေးငွေ များကို ပြန်လည်အပ်နှံရမည့် အခက်အခဲများကို ရင်းနှီးမြှုပ်နှံမည့်ကုမ္ပဏီများ ရင်ဆိုင်ရဖွယ်ရှိပါတယ်။ တဖန်နိုင်ငံတော်အတွင်းမှာ ရင်းနှီးမြှုပ်နှံခွင့်ရရှိထားသည့် နိုင်ငံခြားချေးငွေကို အခြားနိုင်ငံများသို့ ရောက်ရှိသွားသည့် သာဓကများလည်းရှိပါတယ်။ ၎င်း အခြေအနေများကို စဉ်းစားသုံးသပ်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများက စောနိုင်သမျှ စောလျင်စွာ အမြန်ဆုံးဆောင်ရွက်သင့်ပါကြောင်း တင်ပြပါတယ်”ဟု ၎င်းက ဆိုခဲ့ပါတယ်။

 

Local News Read 2511 times