မြန်မာနိုင်ငံမှ တင်ပို့ခဲ့တဲ့ ဆန်တန်ချိန် (၁၈၀၀၀) ကို အိုင်ဗရီကို့စ် အာဏာပိုင်များက စားသုံးရန်မသင့်ဟုဆိုကာ ဖျက်ဆီးခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက စုံစမ်းချက်များအရ အဲ့ဒီဆန်များမှာ Olam International Co.,Ltd က အာဖရိကတိုက်ရှိ ဂီနီ (Guinea) ကို ဆန်တင်ပို့ဖို့ မြန်မာကုမ္ပဏီ (၃) ခု ဖြစ်တဲ့ ရွှေဝါရောင်ကုမ္ပဏီမှ တန် (၁၃၅၀၀)၊ Myanmar Economic Corporation Co.,Ltd မှ တန် (၈၀၀၀) နဲ့ ဧရာဟင်္သာကုမ္ပဏီမှ တန် (၅၀၀) ကို ဆိပ်ကမ်းအရောက်ဈေးနှုန်း (FOB) နဲ့ ဝယ်ယူခဲ့တဲ့ ဆန်များဖြစ်တယ်လို့ စိစစ်တွေ့ရှိခဲ့ပါတယ်။
၎င်းဆန်တွေကို တင်ဆောင်မယ့် MV Ocean Princess သင်္ဘောဟာ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်နေ့မှာ ရန်ကုန်ဆိပ်ကမ်းကို ရောက်ရှိခဲ့ပြီး အရည်အသွေးစစ်ဆေးတဲ့ Bureau Veritas ကုမ္ပဏီရဲ့ စစ်ဆေးအတည်ပြုချက်နဲ့ ဆန်တန်ချိန် (၂၀၀၀) ခန့်ကို တင်ဆောင်ကာ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့မှာ ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။
ဒါ့အပြင် အိန္ဒိယနိုင်ငံ ဆိပ်ကမ်းမှာ ဆန်တန်ချိန် (၁၄၀၀၀) ကို ထပ်မံတင်ဆောင်ခဲ့ပြီး ဂီနီနိုင်ငံရှိ Conakry ဆိပ်ကမ်းဆီ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကုန်မှသာ ဆိုက်ရောက်နိုင်ခဲ့ပြီး သဘောင်္မှ ဆန်တန်ချိန် (၄၀၀၀) ခန့်ကို ချခဲ့ပါတယ်။
ဒါပေမယ့် ဆန်အိတ်အချို့ကို အလေးချိန်မပြည့်တဲ့ အကြောင်းပြချက်နဲ့ ဆက်လက် လက်မခံခဲ့တဲ့အတွက် တိုဂိုနိုင်ငံ (Togo) မှာရောင်းချဖို့ သွားရောက်ခဲ့ပါတယ်။ အဲဒီ့နိုင်ငံမှလည်း ထပ်မံငြင်းပယ်ခံခဲ့ရလို့ အိုင်ဗရီကို့စ်နိုင်ငံ၊ အဘီဂျန် (Abidjan) ဆိပ်ကမ်းဆီ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီဆန်တွေကို မြန်မာနိုင်ငံဆီ ပြန်လည်တင်ပို့နိုင်ဖို့ olam International Co.,Ltd မှ ကိုယ်စားလှယ်တွေက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၉) ရက်နေ့မှာ လာရောက်တွေ့ဆုံတင်ပြခဲ့ပါတယ်။ ဝန်ကြီးဌာနမှ Repair & Return စနစ်နဲ့ စုစုပေါင်း ဆန်တန်ချိန် (၁၈၁၀၄.၅၅) တန်ကို ပြန်လည်သယ်ယူနိုင်ဖို့ သွင်းကုန်ပါမစ် (၃ ) စောင်ထုတ်ပေးခဲ့ပါတယ်။
၎င်းဆန်တွေ ပြန်လည်ရောက်ရှိလာပါက ဘာကြောင့်ပြန်လည်တင်ပို့ခံရတယ်ဆိုတာကို စစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီးစိစစ်ဖို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ စီစဉ်ခဲ့ပါတယ်။
ဒါပေမယ့် ၎င်းသင်္ဘောဟာ မြန်မာနိုင်ငံကို ပြန်လာခဲ့ခြင်းမရှိဘဲ မြန်မာ့ဆန်များ စားသုံးရန်မသင့်လို့ အိုင်ဗရီကို့စ်မှာ ဖျက်ဆီးခဲ့တယ်လို့ ပြည်ပသတင်းဌာနများက ဖော်ပြခဲ့ပါတယ်။ ဒီလိုဖော်ပြမှုဟာ မြန်မာ့ဆန်များရဲ့ နာမည်ကောင်းကို ထိခိုက်စေခဲ့ပါသည်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့မှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ကိုယ်စားလှယ်များ၊ ဆန်များ ရောင်းချခဲ့တဲ့ ပြည်တွင်းကုမ္ပဏီများနဲ့ သင်္ဘောတင်ပို့မှုမှာ အရည်အသွေးစစ်ဆေးတဲ့ ကုမ္ပဏီများမှ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ဆန်များကို စာချုပ်ပါ အရည်အသွေး အလေးချိန်များအတိုင်း နှစ်ပေါင်းများစွာ အတွေ့အကြုံရှိတဲ့ ကုမ္ပဏီတွေမှ ရောင်းချခဲ့တာဖြစ်ပြီး သက်ဆိုင်ရာ အရည်အသွေးစစ်ဆေးတဲ့ ကုမ္ပဏီတွေကလည်း ဒီဖြစ်ရပ်မျိုး အရင်ကမရှိခဲ့ကြောင်းနဲ့ နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနှင့်အညီ အတိအကျလိုက်နာကာ သင်္ဘောတင်ပေးခဲ့ခြင်းဖြစ်တယ်လို့ ဆွေးနွေးတင်ပြခဲ့ကြပါတယ်။
ဆန်များ ရောင်းချခဲ့သည့် ကုမ္ပဏီများမှ မြန်မာ့ဆန်တွေရဲ့ အရည်အသွေးကို တာဝန်ခံနိုင်တယ်လို့ သိရပါတယ်။ FOB စနစ်ဖြင့် ဝယ်ယူခဲ့တဲ့ ကုမ္ပဏီအနေနဲ့ သင်္ဘောတင်စဉ်မှ ကုန်ပစ္စည်းချတဲ့အချိန်အထိ (၇) လကျော် ကြာမြင့်ခဲ့ပြီး သင်္ဘောတင်ချိန်နဲ့ သင်္ဘောပေါ်မှာ ရေငွေ့ဝင်ခြင်းများကြောင့်သာ ဆန်အရည်အသွေးကို ထိခိုက်စေနိုင်တာ ဖြစ်ပါတယ်။
FOB စနစ်အရ ကုန်ရောင်းသူဟာ ရောင်းချမယ့်ကုန်ပစ္စည်းကို တင်ပို့ရမယ့် သင်္ဘောပေါ်ဆီ ရောက်တဲ့အထိ တင်ပို့ပေးဖို့တာဝန်ရှိပြီး ဝယ်သူကလည်း ကုန်ပစ္စည်း သင်္ဘောပေါ်ရောက်တာနဲ့ တစ်ပြိုင်နက် ကုန်ပစ္စည်းနဲ့ပတ်သက်ပြီး ပေါ်ပေါက်လာတဲ့ ဆုံးရှုံးမှုကုန်ကျစရိတ်အားလုံးကို တာဝန်ယူရမှာ ဖြစ်ပါတယ်။
ဒါ့ကြောင့် အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှ ဆန်တင်ပိုတဲ့ ကုမ္ပဏီတွေအနေဖြင့် ငွေကြေးအရ နစ်နာမှုမရှိကြောင်းနဲ့ ဆန်များ ဖျက်ဆီးခံရခြင်းအပေါ် တာဝန်မရှိကြောင်း တွေ့ရှိရပါတယ်။
ဒီကိစ္စဖြစ်ပေါ်ခဲ့ပေမယ့်လည်း မြန်မာ့ဆန်များ တင်ပို့မှုဈးကွက်ကို ထိခိုက်မှုမရှိဘဲ ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှ (၁၉) ရက်နေ့အထိ ပို့ကုန်လိုင်စင်ခွင့်ပြုထားတဲ့ အာဖရိကနိုင်ငံတွေကို ဆန်တန်ချိန် (၂၇၉၉၅) တန်၊ အာရှနိုင်ငံတွေကို ဆန်တန်ချိန် (၁၁၉၀) တန်၊ ဆန်ကွဲ (၁၁၅၀) တန်၊ ဥရောပနိုင်ငံတွေကို ဆန်တန်ချိန် (၁၅၂၇၁) တန်၊ ဆန်ကွဲ (၁၉၀၁၀) တန် ပုံမှန်အတိုင်း ဆက်လက်တင်ပို့လျက်ရှိပါတယ်။
Ministry of Commerce