ဩဂုတ်လမှ နိုဝင်ဘာလအထိ အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်ထားသည့် ကုမ္ပဏီအသစ်ပေါင်း ခြောက်ထောင်ခန့်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်။
အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်များ စတင်ဆောင်ရွက်စဉ်က နည်းပညာပိုင်း အခက်အခဲများကြောင့် အဆင်မပြေမှုများ ဖြစ်ပေါ်ခဲ့ပြီး လက်ရှိအချိန်တွင် ကောင်းမွန်နေပြီဖြစ်ကြောင်း ၎င်းကပြောဆိုသည်။
“ကုမ္ပဏီအသစ်ရော၊ အဟောင်းရော ပေါင်းရင် နှစ်သောင်းခုနစ်ထောင်နီးပါးလောက် အွန်လိုင်းကနေ မှတ်ပုံတင်ထားပါတယ်”ဟု ၎င်းကဆိုသည်။
ကုမ္ပဏီဟောင်းများ ပြန်လည်မှတ်ပုံတင်ရန် ဩဂုတ်လ ၁ ရက်နေ့မှစ၍ ခြောက်လပြည့်သည်အထိ အချိန်ပေးထားပြီး လက်ရှိအချိန်တွင် ကုမ္ပဏီအဟောင်း သုံးသောင်းကျော်သာ မှတ်ပုံတင်ရန် ကျန်ရှိတော့ကြောင်း၊ သတ်မှတ်ထားသည့်ရက်အတွင်း မဆောင်ရွက်ပါက ဒဏ်ကြေးပေးဆောင်ရမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။
အဆိုပါ မှတ်ပုံတင်အွန်လိုင်းစနစ် အောင်မြင်ပါက နောက်တစ်ဆင့်အနေနှင့် ရင်းနှီးမြှုပ်နှံမှုလျှောက်လွှာများကိုလည်း အွန်လိုင်းမှတစ်ဆင့် ပေးပို့နိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ယင်းကဲ့သို့ စီးပွားရေးလုပ်ငန်း အစဖြစ်သည့်မှတ်ပုံတင်ခြင်းကို လွယ်ကူစွာ လုပ်ဆောင်နိုင်ခြင်းအားဖြင့် ကမ္ဘာ့ဘဏ်၏ Starting Business အဆင့်တွင် မြန်မာက အဆင့်တက်လာမည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။
အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်ခြင်းသည် အချိန်ကုန်သက်သာပြီး လွယ်ကူသည့်အပြင် မိတ်ဖက်လုပ်မည့်ကုမ္ပဏီများ၏ အချက်အလက်များကို သိရှိစေရန် ဝန်ဆောင်မှုပေးသောကြောင့် ယခင်စာရင်း စနစ်ထက် ပိုမိုအဆင်ပြေကြောင်း အထည်ချုပ်လုပ်ငန်းရှင် ဦးအောင်ဝင်းက မှတ်ချက်ပြုပြောကြားသည်။
The Voice