သံနှင့် သံမဏိတန်ချိန် သုံးသန်းခန့် ပြည်ပမှ တင်သွင်းနေရ


05 February, 2019

သံနှင့် သံမဏိကို ပြည်တွင်းတည်ဆောက်ရေးလုပ်ငန်းများအတွက် တစ်နှစ်လျှင် ၅ ရာခိုင်နှုန်းသာ ထုတ်လုပ်နိုင်ပြီး ပြည်ပမှ တန်ချိန်သုံးသန်းခန့် တင်သွင်းနေရသည်ဟု စက်မှုဝန်ကြီးဌာန အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးကံချွန်က ပြောပါတယ်။

ဖေဖော်ဝါရီ ၄ ရက်က နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန၌ ပထမဆုံးအကြိမ်ပြုလုပ်သော နိုင်ငံတကာ သံနှင့် သံမဏိပစ္စည်း များဆိုင်ရာ စံချိန်စံညွှန်း အကြောင်းအရာများ ဆွေးနွေးပွဲ ခေတ္တရပ်နားစဉ် မီဒီယာများ၏မေးမြန်းမှုကို ဦးကံချွန်က ပြန်လည်ဖြေကြား ခြင်းဖြစ်ပါတယ်။ လက်ရှိတွင် စက်မှုဝန်ကြီး  ဌာနအောက်၌ အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ)နှင့် အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်)နှစ်ရုံသာ ရှိသည်ဟု ၎င်းက ဆိုပါတယ်။  ‘မြင်းခြံရဲ့ ဆောင်ရွက်နိုင်တဲ့ ထုတ်လုပ်စွမ်းအားကတော့ တစ်နှစ်ကို တန်ချိန်နှစ်သိန်း၊ စက်ရုံနှစ်ရုံရှိပါတယ်။ စုစုပေါင်းနှစ်ရုံဆိုရင် လေးသိန်း ထုတ်နိုင်မှာဖြစ်ပါတယ်’’ဟု ဦးကံချွန်က ပြောကြားပါတယ်။ ယင်းအတွက် မြန်မာနိုင်ငံတွင် သံနှင့် သံမဏိထုတ်လုပ်နိုင်ရေး စံချိန်စံညွှန်းတစ်ခု မရှိမဖြစ် လိုအပ်နေပြီး ယခုအခမ်းအနားမှ ဆွေးနွေးအကောင်အထည်ဖော်ရန် ၎င်းက တိုက်တွန်းပြောကြားပါတယ်။

နိုင်ငံအတွင်း လက်ရှိသံနှင့် သံမဏိတင်သွင်းသုံးစွဲနေရာတွင် စံချိန်စံညွှန်းမရှိသဖြင့် ထိန်းချုပ်ရန် ခက်ခဲနေသည်ဟု မြန်မာနိုင်ငံသံမဏိလုပ်ငန်းရှင်များအသင်း (MSA)မှ အကြံပေးဦးတင်မြင့်က ဆိုပါတယ်။  ဒီအရည်အသွေးကိုသာ မှန်မှန်ကန်ကန်ထိန်းချုပ်ဖို့မရှိရင် ကျွန်တော်တို့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ အရေးကြီးတဲ့အတွက်ကြောင့်မို့လို့ စံချိန်စံညွှန်းသတ်မှတ်ချက်တစ်ခုကို မြန်မြန်ဖြစ်စေချင်တယ်’’ဟု ဦးတင်မြင့်က ပြောပါတယ်။

လက်ရှိနိုင်ငံ၏ စီးပွားရေးနှင့် နိုင်ငံရေးအခြေအနေအရ ၅ ရာခိုင်နှုန်းသာ ထုတ်လုပ်နိုင်သေးသော်လည်း နည်းပညာမြင့်မားသော နိုင်ငံများ၏စံချိန်စံညွှန်းများအတိုင်း သတ်မှတ်ဆောင်ရွက်နိုင်မည်ဆိုပါက နောင်တွင် ပြည်ပပို့ကုန်အထိ မျှော်မှန်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သံနှင့် သံမဏိအသင်း (MISA)ဥက္ကဋ္ဌ ဒေါက်တာကေသီလွင်က ဖြည့်စွက်ပြောကြားပါတယ်။

‘‘အဲဒီတော့ ကိုယ့်ရဲ့ပြည်တွင်းထုတ်လုပ်မှုအတွက်လည်း အဆင်ပြေအောင်၊ ပြည်ပပို့ကုန်ကိုလည်း ကိုယ့်ရဲ့အဆင့်အတန်းတစ်ခုနဲ့ ထိန်းချုပ်လို့ရအောင် ဒီဆွေးနွေးပွဲကနေ စံသတ်မှတ်ချက်တစ်ခုကို သတ်မှတ်ပေးကြဖို့ အကြံပြုလိုပါတယ်’’ဟု ဒေါက်တာ ကေသီလွင်က ပြောပါတယ်။ သံနှင့် သံမဏိထုတ်လုပ်မှုတွင် အိမ်နီးချင်းထိုင်းနိုင်ငံသည် တစ်နှစ်လျှင် တန်ချိန်၁၅ သန်းကျော်နှင့် ဗီယက်နမ်နိုင်ငံသည် တစ်နှစ်လျှင် တန်ချိန် သန်း ၂၀ ကျော် ထုတ်လုပ်တင်ပို့နိုင်ပြီ ဖြစ်ကြောင်း ဦးကံချွန်က ၎င်း၏မိန့် ခွန်းတွင် ထည့်သွင်းပြောကြားပါတယ်။

7 Day Daily

Export, Import Read 470 times