Adani Group ရန်ကုန် ကွန်တိန်နာဆိပ်ကမ်း ရင်းနှီးမြှုပ်နှံမှုမှ ထွက်ခွာမည်


28 October, 2021

အိန္ဒိယနိုင်ငံမှ ဆိပ်ကမ်းဆိုင်ရာ လုပ်ငန်းစုကြီး Adani Group က မြန်မာနိုင်ငံရှိ ၎င်း၏ ရင်းနှီးမြှုပ်နှံမှုများမှ ၂၀၂၂ ဇွန်လ နောက်ဆုံးထားပြီး ထွက်ခွာဖို့ ဆုံးဖြတ်ထားပြီးပြီ ဖြစ်ကြောင်း အောက်တိုဘာလ ၂၇ ရက်မှာ ပြောကြားပါတယ်။

အိန္ဒိယ ဘီလျံနာ Gautam Adani ရဲ့ ဆိပ်ကမ်းမှ စွမ်းအင်အထိ လုပ်ကိုင်တဲ့ ကုမ္ပဏီစုကြီးရဲ့ လုပ်ငန်းခွဲ Adani Ports and Special Economic Zone Ltd(APSEZ) က ကုမ္ပဏီရဲ့ နစ်နာဆုံးရှုံးမှု စီမံရေး ကော်မတီက အခြေအနေကို သုံးသပ်ကြည့်ပြီးတဲ့အခါ မြန်မာနိုင်ငံမှ ကုမ္ပဏီရဲ့ ရင်းနှီးမြှုပ်နှံမှုအတွက် ထုခွဲရောင်းချဖို့ အခွင့်အလမ်းများ စူးစမ်းလေ့လာဖို့ အပါအဝင် ထွက်ခွာဖို့ အစီအစဉ်တစ်ရပ် လုပ်ဆောင်ဖို့ ဆုံးဖြတ်လိုက်ရကြောင်း၊ ၂၀၂၂ မတ်လမှ ဇွန်လအတွင်း အပြီးသတ်ထွက်ခွာဖို့ မျှော်မှန်းထားကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လမှာ APSEZ က မြန်မာနိုင်ငံမှ ဆိပ်ကမ်းတစ်ခုမှာ ၎င်းရဲ့ ရင်းနှီးမြှုပ်နှံမှုဟာအမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနမှ Office of Foreign Assets Control (OFAC)က ပြဌာန်းထားတဲ့ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်အရေးယူခြင်း လမ်းညွှန်ချက်များမှာ တစ်ချက်မှ ချိုးဖောက်ခြင်း မရှိကြောင်း၊ ထိုသို့ ယူဆတဲ့အတွက် OFAC ထံမှာ ဆိပ်ကမ်းလုပ်ကိုင်ဖို့အတွက် အထွေထွေ လိုင်စင် လျှောက်ထားခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

Adani Group က ကန်ဒေါ်လာ သန်း ၂၉၀ ကုန်ကျတဲ့ Yangon International Terminal စီမံကိန်းကို စစ်တပ်နောက်ခံပြုထားတဲ့  မြန်မာစီးပွားရေး ကော်ပိုရေးရှင်း Myanmar Economic Corporation (MEC) ထံမှ ငှားရမ်းထားတဲ့ မြေပေါ်မှာ တည်ဆောက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်မှာ Yangon International Terminal စီမံကိန်းအတွက် နိုင်ငံတကာ ယှဉ်ပြိုင်မှုမှာ Adani Group က လုပ်ကိုင်ခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။
ကွန်တိန်နာဆိပ်ကမ်း တည်ဆောက်လုပ်ကိုင်ဖို့ နှစ် ၅၀ ငှားရမ်းထားတာ ဖြစ်ပါတယ်။
APSEZ ရဲ့ အလုပ်အမှုဆောင်ချုပ် Karan Adani က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ၂၀၁၉ ခုနှစ် ဇူလိုင်လမှာ တွေ့ဆုံခဲ့တဲ့အတွက် သို့လောသို့လော ပြောစရာဖြစ်လာခဲ့ပါတယ်။APSEZ က မြေငှားရမ်းခကို အာဏာသိမ်းပြီးနောက်ပိုင်း အမေရိကန်အစိုးရက စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်အရေးယူတဲ့ စာရင်းထဲမှာ ထည့်သွင်းခဲ့တဲ့ MEC ကို အမေရိကန်ဒေါ်လာ သန်း ၃၀ ပေးသွင်းခဲ့တယ်လို့ ABC News မှာ သတင်း ဖော်ပြခဲ့ပါတယ်။ မြေရှင်းလင်းခ အဖြစ် နောက်ထပ် အမေရိကန်ဒေါ်လာ ၂၂ သန်းကို MEC က လက်ခံရရှိဖွယ် ရှိတယ်လို့ ဆိုပါတယ်။ 

၂၀၂၁ ဇွန်လမှာ နော်ဝေးနိုင်ငံမှ ပင်စင်ရန်ပုံငွေ KLP က Adani Ports and Special Economic Zone (APSEZ) မှာ ထည့်ဝင်တဲ့ ရင်းနှီးမြှုပ်နှံမှုကို နုတ်ထွက်ခဲ့ပါတယ်။
ဩစတေးလျ အစိုးရရဲ့ Future Fund က အမေရိကန်ဒေါ်လာ ၃.၂ သန်း ရင်းနှီးမြှုပ်နှံမှု ထည့်ဝင်တာကို ရုပ်သိမ်းဖို့ ဖိအားပေးခံနေရပါတယ်။

ဆက်စပ်ဖတ်ရှုရန် ခေါင်းစဉ်ငယ်ကို ထိပါ
ရှယ်ယာများကို ပြန်လည် ရုပ်သိမ်းလိုက်ကြောင်း၊ နော်ဝေပြည်သူ့ပင်စင်ရံပုံငွေ KLP ကကြေညာ

Investment/Divestment Read 26974 times