မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ရခိုင်ပြည်နယ်တွင် နိုင်ငံ့ဝန်ထမ်းအိမ်ရာ၊ ပြည်သူ့အငှားအိမ်ရာများနှင့် တန်ဖိုးနည်းအိမ်ရာတို့ကို ဆောင်ရွက်လျက်ရှိကြောင်း ရခိုင်ပြည်နယ် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးရွှေဝင်းက ပြောခဲ့ပါသည်။
နိုင်ငံ့ဝန်ထမ်းတွေအတွက် ဆောင်ရွက်ပေးမှုအခြေအနေကတော့ ယခုအစိုးရလက်ထက် နှစ်နှစ်တာကာလအတွင်းမှာပဲ တိုက်အလုံး ၃ဝ၊ အခန်းပေါင်း ၄၂၂ ခန်း ကို ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ရခိုင်ပြည်နယ်တွင် မြို့နယ် ၁၇ မြို့နယ်ရှိ၍ ၁၇ မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများနေထိုင်ဖို့အတွက် ၁၄ မြို့နယ်မှာဆောင်ရွက်ပြီး ဖြစ်သော်လည်း ပုဏ္ဏားကျွန်း၊ ဂွနဲ့ အမ်းမြို့နယ်တွေမှာ ကျန်ပါသေးသောကြောင့် ဒီသုံးမြို့နယ်ကို နောက်နှစ်တွေမှာ တင်ပြပြီးတော့ ဆောက်လုပ်သွားမှာဖြစ်ပါသည်ဟု ၎င်းက ပြောခဲ့ပါသည်။
နောက်တစ်ခုကတော့ အငှားအိမ်ရာဖြစ်၊ပြီး အငှား အိမ်ရာများကို စစ်တွေမြို့ရွှေပြည်သာရပ်ကွက်မှာ လေးခန်းတွဲ ခြောက်ထပ်တစ်လုံး၊ ရှစ်ခန်းတွဲ ခြောက်ထပ်တစ်လုံး တည်ဆောက်နေကြောင်း၊ အခန်းအနေနဲ့ကတော့ စုစုပေါင်း ၇၂ ခန်းဖြစ်ပြီး အခုဆိုရင် ၉၅ ရာခိုင်နှုန်းပြီးစီး နေပြီဖြစ်၍ တည်ဆောက်ပြီးလျှင် ဝန်ထမ်းများအပါအဝင် အငြိမ်းစားယူပြီး အိမ်ရာမဝယ်နိုင်တဲ့ သူများနှင့် ပြည်သူလူထုတွေထဲက အိမ်ရာမဝယ်နိုင်တဲ့ သူတွေလည်းပါမည်ဟု သိရပါသည်။
ငှားရမ်းခကလည်း အစိုးရအနေနဲ့ ၂ဝဝဝဝ၊ ၃ဝဝဝဝ ကြားထဲမှာပဲ ငှားရမ်းပေး နိုင်ဖို့ စီစဉ်ထားကြောင်း၊ စည်းကမ်းချက်တွေက လျှောက်လွှာမှာပါဝင်ကြောင်း၊ အိမ်ရာဝယ်ယူနိုင်မှုမရှိရဘူး၊ သူတို့ရဲ့ ဝင်ငွေတွေပြရမယ်၊ တခြားနေရာမှာ ငှားရမ်းနေထိုင်သူဖြစ်ရမည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။
တန်ဖိုးနည်းအိမ်ရာများကို ယခုအစိုးရလက်ထက်တွင် မြေတန်ဖိုးကို အစိုးရမှ အကုန်အကျခံ၍ အခြေခံအဆောက်အအုံပိုင်းဆိုင်ရာဖြစ်တဲ့ လမ်း၊ တံတား၊ လျှပ်စစ်မီး၊ ထရန်စဖော်မာတွေကို အစိုးရက လုပ်ပေးထားကြောင်း၊ အစိုးရအနေဖြင့် အဆောက်အအုံဆောက်လုပ်တဲ့ ကုန်ကျစရိတ် တန်ဖိုးလောက်ပဲ ယူသောကြောင့် တော်တော်နည်းတယ်လို့ ပြောလို့ရကြောင်း၊ ခြောက်ခန်းတွဲ သုံးထပ် လေးလုံး တည်ဆောက်ပြီးဖြစ်ကြောင်း၊ အခန်းက ၇၂ ခန်း ဖြစ်ပြီး၊ မြေညီထပ်ဆိုရင် သိန်း ၂၂ဝ၊ အပေါ်ဆုံးထပ်ဆိုရင် သိန်း ၁၆ဝ သတ်မှတ်ထားကြောင်း၊ လျှောက်လွှာတွေ လက်ခံရရှိပြီးဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်း၊ အငြိမ်းစားဝန်ထမ်း၊ ပြည်သူလူထုဆိုပြီး လျှောက်လွှာသုံးမျိုးနဲ့ ခေါ်ယူထားပြီး စိစစ်ပြီးဖြစ်ကြောင်း သိရပါသည်။
ငွေသွင်းတဲ့စနစ်ကိုလည်း ဘဏ်တွေနဲ့ချိတ်ဆက်ပြီး ဆောင်ရွက်သွားမည်ဖြစ်၍ တစ်ခါတည်းပေးနိုင်သူကလည်း ပေးသွင်းနိုင်ကြောင်း၊ မသွင်းနိုင်တဲ့သူများကတော့ တိုက်ခန်းရဲ့ ၃ဝ ရာခိုင်နှုန်းကို သွင်းရပါမည်ဖြစ်ပြီး၊ ကျန်တဲ့ငွေများကိုတော့ ဘဏ်ကနေတစ်ဆင့် ရှစ်နှစ် သို့မဟုတ် ၁၂ နှစ်အတွင်းမှာ အရစ်ကျပေးသွင်းရမှာ ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက ပြည်သူများ၊ ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအတွက် ဆောင်ရွက်လျက်ရှိပြီး ရခိုင်ပြည်နယ်မှ ပြည်သူများ လူနေမှုအဆင့်အတန်း မြင့်မားရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
MOI