ခေတ် နှင့် လျော်ညီအောင်မပြုပြင်ပါက စက်သုံးဆီဆိုင်များကို လိုင်စင်ရပ်ဆိုင်းမည်


10 November, 2018

ခေတ် နှင့် မလျော်ညီသည့် စက်သုံးဆီဆိုင်များကို ပြုပြင်နိုင်ခြင်းမရှိပါက လိုင်စင်ရပ်ဆိုင်းမည်ဖြစ်ကြောင်း မြန်မာ့ ရေနံထွက် ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန့်ဇင်က နိုဝင်ဘာလ ၈ ရက်က နေပြည်တော်ရှိ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနရုံးတွင် ပြုလုပ်သည့် သတင်းထုတ်ပြန်ပွဲအခမ်းအနား၌ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

 “အခုကတော့စက်သုံးဆီအရောင်းဆိုင်ဆောက်မယ် ဆိုရင် Detail design Layout Plan နဲ့ ကျွန်တော် တို့ကို အရင်ဆုံးလာတင်ပြပြီးတော့ ကျွန်တော်တို့က အဲ့ဒီ အပေါ်မှာ Safety အရသတ်မှတ်ထားတဲ့ Standard အတိုင်းဆောက်နိုင်မဆောက်နိုင်စိစစ်ပြီးမှ ခွင့်ပြုတယ်။ မူလတုန်းက တော့ ၂၀၁၀/၂၀၁၁ လောက်တုန်းကတော့ အဲ့ဒီလိုဒီဇိုင်းတွေ ဘာတွေမလာဘူး။ သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေ၊ ပြည်နယ်၊တိုင်းအစိုးရအဖွဲ့တွေကနေထောက်ခံရင် ကျွန်တော်တို့က အဲ့တုန်း က လိုင်စင်ပေးလိုက်တာ။

ဒီဆိုင်တွေကို ဆိုင်အလိုက် ခင်ဗျားဆိုင်ကတော့ ခေတ်မီစက်သုံးဆီအရောင်းဆိုင် အဆင့် Standard မကိုက်ဘူး။ မွမ်းမံပြုပြင် တည်ဆောက်ပါ။ တည်ဆောက်နိုင်ရင် ၂၀၁၉ နောက်ပိုင်းမှာလိုင်စင်ပေးမယ်။ အကယ် ၍ မဆောက်နိုင်ဘူးဆိုရင် စက်သုံးဆီဖြန့်ဖြူးရောင်းချခွင့်ဆက်ပြီးရမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ လိုင်စင် ရပ်ဆိုင်းမှာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောခဲ့ပါတယ်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိင်ငံအတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအားလာမည့် ၂၀၁၉ ခုနှစ် မကုန်မီ ပြုပြင်ရန်အတွက် နိုဝင်ဘာလအတွင်း အကြောင်းကြားသွားမည်ဖြစ်ပြီး မလိုက်နာပါက လိုင်စင်သက်တမ်းတိုးမြှင့်ပေးမည်မဟုတ်ကြောင်း၊ အရောင်းဆိုင်များက လိုင်စင်မဲ့ရောင်းချမည်ဆိုပါက ၂၀၁၇ ခုနှစ် သြဂုတ်လ ၁ ရက်နေ့က ထုတ်ပြန်ခဲ့သည့် ရေနံ နှင့် ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေဖြင့် အရေးယူသွားမည်ဖြစ်ကြောင်းသိရပါတယ်။

 “ရေနံနဲ့ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေအရ အရေးယူမှာဖြစ်ပါတယ်။ တားမြစ်ချက်မှာ ဥပဒေပုဒ်မ ၃၀ မှာ ပြောထားပါတယ်။ မည်သူမျှရေနံနှင့်ရေနံထွက်ပစ္စည်းတွေကနေ ရောင်းတာဝယ်တာကိုလိုင်စင်မယူဘဲ မလုပ်ရဘူးလို့ပြောထားတယ်။ အဲ့ဒါကိုဖောက်ဖျက်ခဲ့ရင် ပုဒ်မ ၃၇နဲ့အရေးယူမှာဖြစ်တယ်။ ထောင်ဒဏ်၊ ငွေဒဏ် နှစ်မျိုးလုံးဖြစ်စေ၊ လိုအပ်လာရင် နိုင်ငံတော်ဘဏ္ဍာအဖြစ်ပစ္စည်းတွေပါသိမ်းမယ့်အဆင့် အထိအရေး ယူဖို့ပြဌာန်းထုတ်ပြန်ထားတာရှိပါတယ်”ဟု ဦးသန့်စင်က ပြောခဲ့ပါတယ်။

စက်သုံးဆီဈေးနှုန်းကို ဖြစ်သင့်ဖြစ်ထိုက်သော ဈေးနှုန်းဖြစ်စေရန် အတွက် အချင်းချင်းထိန်းညှိသည့်ပုံစံဖြင့် ဆောင်ရွက်နေကြောင်း၊ လက်ရှိစက်သုံးဆီပေါက်ဈေးသည် ပြီးခဲ့သောကာလဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက စတင်ကျဆင်းနေပြီဖြစ်ကာ ထပ်မံကျဆင်းမည်ဟုလည်း မျှော်မှန်းထားကြောင်း ၎င်းက ဆက်လက်ပြောခဲ့ပါတယ်။ကျပ် ၁၀ဝ၀ အောက်သို့ ဈေးချရောင်းချခြင်းမှာ ရန်ကုန်အထိုင် ဈေးကွက်၌သာဖြစ်သောကြောင့် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ် များ၌ ဈေးနှုန်းကွာဟမှုရှိနိုင်ကြောင်းပြောပါတယ်။

"ကြေညာတာက ရန်ကုန်အထိုင်ဈေးနဲ့ ကြေညာတာဖြစ်တဲ့အတွက် မန္တလေး၊ မြစ်ကြီးနား၊ တောင်ကြီးတို့ဆိုရင် သူ့ရဲ့သယ်ယူပို့ဆောင်စရိတ် လေးတွေရှိတော့ ဈေးကကွာဟသွားမှာဖြစ်ပါတယ်။ စင်ကာပူဈေးကွက် ဈေးကျလို့ ဈေးလိုက်ကျတာလည်း မှန်ပါတယ်။ စက်သုံးဆီဈေးနှုန်းနဲ့ ပတ်သက်ပြီး စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်းက စက် သုံးဆီတင်သွင်းရောင်းချနေတဲ့သူတွေကို သူတို့အချင်းချင်းထိန်းဖို့ မေတ္တာ ရပ်ခံညှိနှိုင်းပြီး ဆောင်ရွက်နေပါတယ်" ဟု ဦးသန့်စင်က ဆက်လက်ပြောဆိုခဲ့ပါတယ်။

 

Local News Read 2262 times