မွန်ပြည်နယ်အတွင်း ၂၀၁၉ မိုးစပါးစိုက်ချေးငွေကို ကျပ်သန်း ၄၅,၀၀၀ ကျော် ထုတ်ချေးဖို့ လျာထားတယ်လို့ မြန်မာ့လယ်ယာစိုက်ပျိုးရေး ပြည်နယ်မန်နေဂျာ ဦးကျော်စွာလှိုင်က ပြောပါတယ်။
အဆိုပါချေးငွေများကို မေ လ ၆ ရက်က စတင်ထုတ်ပေးနေကာ သြဂုတ်လကုန်အထိ ထုတ်ချေးပေးမှာဖြစ်ပါတယ်။
‘‘အတိုးနှုန်းကတော့ ၈ ရာ ခိုင်နှုန်းပါပဲ။ ချေးငွေထုတ်ချင်သူတွေက ပုံစံ(၇) ပါဖို့လိုတယ်။ ပုံစံ (၇) မှာ ဖျက်ရာ၊ ပြင်ရာတွေ မပါဖို့။ ဖျက်ရာ၊ ပြင်ရာပါရင် သတ်မှတ်ထားတဲ့ ထောက်ခံချက်တွေ ရှိဖို့လိုတယ်’’ လို့ ဦးကျော်စွာလှိုင်က ပြောပါတယ်။
ပုံစံ (၇) မှာ ဖျက်ရာ၊ ပြင်ရာများပါရှိပါက သက်ဆိုင်ရာမြို့နယ် မြေစာရင်းဦးစီးဌာနပုံစံ (၅) နဲ့ တိုက်ဆိုင်စစ်ဆေးပြီး ပုံစံ (၅) အတိုင်းသာ ထုတ်ပေးမှာဖြစ်ပြီး လယ်တစ်ဧကကို ကျပ်တစ်သိန်းနှုန်းဖြင့် တစ်ဦးလျှင် လယ် ၁၀ ဧကအထိ ထုတ်ချေးပေးမယ်လို့ ၎င်းကဆိုပါတယ်။
မွန်ပြည်နယ်အတွင်း ပေါင်၊ သထုံနဲ့ မုဒုံမြို့နယ်တွေက ချေးငွေအများဆုံး ထုတ်ချေးတဲ့ မြို့နယ်များဖြစ်ပြီး မော်လမြိုင်မြို့နယ်ကတော့ ချေးငွေအနည်းဆုံး ဖြစ်တယ်လို့ ဦးကျော်စွာလှိုင်က ဆိုပါတယ်။
မိုးစပါးချေးငွေယူသူ လယ်သမားများအနေနဲ့ ချေးငွေများကို ဒီဇင်ဘာလမှာ ၁၀ ရာခိုင်နှုန်း၊ ဇန်နဝါရီလမှာ ၆၀ ရာခိုင်နှုန်း၊ ဖေဖော်ဝါရီလမှာ ၁၀ ရာခိုင်နှုန်းနဲ့ မတ်လမှာ ၂၀ ရာခိုင်နှုန်း အပြီးပေးရမယ်လို့ ပြည်နယ်အစိုးရစီမံမှာ ရေးသားထားပါတယ်။
၂၀၁၈ မိုးစပါးချေးငွေကို ကျပ်သန်း ၄၂,၈၀၀ ထုတ်ချေးပြီး မွန်ပြည်နယ်အတွင်း ကြွေးကျန်မရှိကြောင်း ပြည်နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲစာရင်းမှာ ဖော်ပြထားပါတယ်။
7Day Daily