လယ်ယာထွက်ကုန်များ အဓိကပို့ကုန်ဖြစ်နေခြင်းက ပို့ကုန်မြှင့်တင်ရေး အကန့်အသတ်ဖြစ်နေ


17 May, 2019

ပို့ကုန်တန်ဖိုးမြှင့်တင်ရေး ဆောင်ရွက်ရာတွင် တင်ပို့နိုင်တဲ့ ကုန်ပစ္စည်းများ ကန့်သတ်ချက်များနေတယ်လို့ စီးပွားရေးနှင့် ကူူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ အဓိကပို့ကုန်ဟာ လယ်ယာထွက်ကုန်များဖြစ်နေခြင်းက အချိန်တိုအတွင်း ပို့ကုန်မြှင့်တင်ရေး ကြိုးစားမှုအတွက် အကန့်အသတ်ဖြစ်နေတယ်လို့ ၎င်းကပြောပါတယ်။

ဒါ့ကြောင့် ပို့ကုန်မြင့်တက်ဖို့ တင်ပို့နိုင်မယ့် ကုန်စည်အမည်သစ်များကို တိုးမြှင့်ခွင့်ပြုနေပြီး ရွှေနှင့် လက်ဝတ်ရတနာများလည်း ပြည်ပတင်ပို့ခွင့်ပြုဖို့ လိုင်စင်ချထားရေး စိစစ်နေပါတယ်။ ရွှေနှင့် လက်ဝတ်ရတနာများ ပြည်ပတင်ပို့ခွင့်ပြုရန် ပြီးခဲ့တဲ့တစ်ပတ်က လိုင်စင် စတင်လျှောက်ထားလာတယ်လို့ ဦးခင်မောင်လွင်က ပြောပါတယ်။  မြန်မာနိုင်ငံရဲ့ ပို့ကုန်ကဏ္ဍမှာ သဘာဝဓာတ်ငွေ့အပါအဝင် စက်မှုကုန်ကြမ်းပို့ကုန်ပမာဏက ၄၅ ရာခိုင်နှုန်းကျော်ဖြင့် အများဆုံးဖြစ်ပြီး ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်မှာ ဒေါ်လာခုနှစ်ဘီလျံခန့် တင်ပို့ထားပါတယ်။ လယ်ယာထွက်ကုန်များ ပြည်ပတင်ပို့မှုက ဒုတိယအများဆုံးဖြစ်ပြီး ဒေါ်လာသုံးဘီလျံကျော် တင်ပို့ထားပါတယ်။

လက်ရှိ မြန်မာနိုင်ငံနဲ့ ကုန်သွယ်နေတဲ့ နိုင်ငံ ၂၀၀ ကျော်ရှိပေမယ့်လည်း ပို့ကုန်တန်ဖိုးတိုးတက်မှုအားနည်းခြင်း၊ ကုန်ပစ္စည်းအမည်သစ်များနဲ့ တန်ဖိုးမြှင့်ထုတ်ကုန်များ ပြည်ပတင်ပို့နိုင်မှုနည်းခြင်းက အဓိကအချက်တစ်ခုဖြစ်ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌတစ်ဦးက ပြောပါတယ်။

ဒီချုပ်အစိုးရလက်ထက် သုံးနှစ်အတွင်း ပို့ကုန်တိုးတက်မှုက စီးပွားကူးသန်းဝန်ကြီးဌာန စာရင်းဇယားများအရ ၄၀ ရာခိုင်နှုန်းခန့်သာ တိုးမြှင့်ခဲ့ပါတယ်။ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်မှာ မြန်မာနိုင်ငံမှ ပို့ကုန်တန်ဖိုးဒေါ်လာ ၁၁ ဘီလျံကျော်ရှိပြီ ၂၀၁၈ ဧပြီ ၁ ရက်မှ ၂၀၁၉ မတ်လအထိ မြန်မာနိုင်ငံရဲ့ ပို့ကုန်ပမာဏဟာ ဒေါ်လာ ၁၆ ဘီလျံခန့် ရှိပါတယ်။

 7Day News 

Export, Import Read 491 times