လယ်ယာသုံးစက်ကိရိယာများကုန်သွယ်ခွင့် နိုင်ငံခြားဖက်စပ်ကုမ္ပဏီများရရှိ


01 December, 2017

နိုင်ငံခြားဖက်စပ်ကုမ္ပဏီများအားလယ်ယာသုံးစက်ကိရိယာများတင်သွင်းရောင်းချခွင့်ကို နိုဝင်ဘာလ၁၇ရက်မှ စတင်၍ ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။လယ်ယာထွက်ကုန်ထုတ်လုပပ်မှုတိုးတက်စေရေးအထောက်အကူပြုရန်ရည်ရွယ်၍ နိုင်ငံခြားဖက်စပ်ကုမ္ပဏီများကို သတ်မှတ်ချက်များနှင့် အညီဖော်ပြထားသော လယ်ယာသုံးစက်ကိရိယာများအား တင်သွင်းရောင်းချခွင့်(ကုန်သွယ်ခွင့်)ပြုခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ထိုသို့ခွင့်ပြုရခြင်းသည် နိုင်ငံ၏စိုက်ပျိုးရေးကဏ္ဍတွင် ခေတ်မီစက်မှုလယ်ယာစနစ်ကို အကောင်အထည်ဖော်ရာတွင် အမျိုးအစား၊အရည်အသွေးကောင်းမွန်ပြီး စျေးနှုန်းမှန်ကန်သော လယ်ယာသုံးစက်ကိရိယာများဝယ်ယူအသုံးပြုနိုင်ရေးနှင့် လယ်ယာထွက်ကုန်ထုတ်လုပ်မှုတိုးတက်စေရေးအထောက်အကူပြုရန် ရည်ရွယ်၍ကုန်သွယ်ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင်လည်း သတ်မှတ်ထားသောစည်းကမ်းများအဖြစ် နိုင်ငံခြားဖက်စပ်ကုမ္ပဏီများ၏ရှယ်ယာ တန်ဖိုးအချိုးအရခွင့်ပြုမည်ဖြစ်ကြောင်း၊ထိုကုမ္ပဏီများကိုလက်လီ၊လက်ကားရောင်းချခွင့်ပြုမည်ဖြစ်ကာ ပို့ကုန်၊သွင်းကုန်လုပ်ငန်းရှင်လက်မှတ်လျှောက်ထားရာတွင်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပေးသည့် ပုံစံပါနှင့် ငွေသွင်း၊ငွေထုတ်ပြုလုပ်သည့် ဘဏ်စာရင်းတို့အား တင်ပြရမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည်စိုက်ပျိုးရေးကဏ္ဍမှ ရရှိသော ဝင်ငွေပမာဏသည်အိမ်နီးချင်းနိုင်ငံများအကြားတွင် အနိမ့်ဆုံးရှိနေပြီး လက်ရှိအချိန်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏမှာ စုစုပေါင်း ဝ ဒသမ ျ၅ရာခိုင်နှုန်းခန့်သာ ရှိနေကြောင်း၊စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၏ တွက်ချက်မှုအရ မြန်မာနိုင်ငံ၏စိုက်ပျိုးရေးကဏ္ဍမှ ရရှိသော ဝင်ငွေအား တစ်နိုင်ငံလုံးရှိလူဦးရေအပေါ်မူတည်ပြီး တွက်ချက်ရာတွင် ပျမ်းမျှအားဖြင့် လယ်သမားတစ်ဦးလျှင် တစ်နှစ်ဝင်ငွေအမေရိကန်ဒေါ်လာ ၂ဝဝခန့်သာရရှိကြောင်း သိရသည်။

လယ်ယာကဏ္ဍရင်းနှီးမြှုပ်နှံမှုတိုးတက်လာစေရန် လယ်ယာကဏ္ဍနှင့် စက်မှုကဏ္ဍချိတ်ဆက်ပြီး ရင်းနှီးမြှုပ်နှံမှုတိုးတက်စေရန် ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် မှပြောကြားကြောင်း သိရသည်။

လက်ရှိအချိန်တွင် စိုက်ပျိုးရေးကဏ္ဍသည် ပြည်တွင်းအသားတင်ထုတ်ကုန်တန်ဖိုး၏ ၃၂ရာခိုင်နှုန်းရှိပြီး ပြည်ပပို့ကုန်ဝင်ငွေ၏၂ဝရာခိုင်နှုန်းသာ ရှိကြောင်းနှင့် အလုပ်အကိုင်ရရှိမှုတွင် ၆ဝရာခိုင်နှုန်းအထိရှိပြီး မြင့်မားသည့် အခန်းကဏ္ဍတွင် ပါဝင်ကြောင်း၊ကုန်ထုတ်လုပ်မှုတိုးတက်စေရန် အတွက် စီးပွားရေးကဏ္ဍကို တိုးမြှင့်လုပ်ဆောင်ရန် လိုအပ်သည်။

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက်များအရ ၂ဝ၁၅-၂ဝ၁၆ဘဏ္ဍာနှစ် အတွင်း လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏမှာ ကန်ဒေါ်လာ ရ ဒသမ ၁၈သန်းသာ ဝင်ရောက်ခဲ့ကြောင်း သိရသည်။

၂ဝ၁ဝ-၂ဝ၁၁ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ၁၃၈ ဒသမ ရ၅သန်းဝင်ရောက်ခဲ့သော်လည်း ၂ဝ၁၁-၂ဝ၁၂ဘဏ္ဍာနှစ်တွင်မူ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်ရောက်ခဲ့ခြင်းမရှိပေ။

မြန်မာ့လယ်ယာကဏ္ဍတွင်နှစ်ပေါင်း ၂ဝကျော်အတွင်းနိုင်ငံပေါင်း ရှစ်နိုင်ငံမှ ကန်ဒေါ်လာ ၂၁၇သန်းကျော်သာ ဝင်ရောက်မြှုပ်နှံမှုရှိခဲ့ပြီး ၁၉၈၈ ခုနှစ်မှ ၂ဝ၁၆ခုနှစ်အထိ တရုတ်နိုင်ငံမှ ကန်ဒေါ်လာ ၂ဒသမ၆သန်း၊စင်ကာပူနိုင်ငံမှ ဒေါ်လာ ၁၈ ဒသမ ၆၇သန်း၊ကိုရီးယားနိုင်ငံမှ ဒေါ်လာ ၆၇ဒသမ၁၅သန်း၊ထိုင်းနိုင်ငံမှ ၂၂ဒသမ၆၈၄သန်း၊မလေးရှားနိုင်ငံမှ ဒေါ်လာ ရ၆ဒသမရ၅သန်း၊ပြင်သစ်နိုင်ငံမှ ၅ဒသမ၃၆သန်း၊အိန္ဒိယနိုင်ငံမှ ဒေါ်လာ ၄ဒသမ၅သန်း၊ဂျပန်နိုင်ငံမှ ဒေါ်လာသန်း၂ဝကျော် ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ စိုက်ပျိုးလယ်ယာမြေများတွင် လုပ်ငန်းလုပ်ကိုင်ရန်အတွက် လိုအပ်ချက်ရှိနေသည့် စက်ပစ္စည်းကိရိယာများကို အစိုးရနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်တို့ပူးပေါင်းကာဝန်ဆောင်မှုပေးနိုင်ရန်စီစဉ်လျက်ရှိကာ လုပ်ငန်းများလုပ်ကိုင်ရန်အတွက် ၂ဝ၁၇ခုနှစ်နိုဝင်ဘာလ ပထမအပတ်တွင် စတင်ဖိတ်ခေါ်ထားကြောင်း စိုက်ပျိုးရေး၊မွေးမြူရှေးင့် ဆည်မြောင်း ဝန်ကြိးဌာန၊စက်မှုလယ်ယာဦးစီးဌာနမှ သိရသည်။

လက်ရှိတွင် ရင်းနှီးမြှုပ်နှံရန်အတွက် စိတ်ဝင်တစားမေးမြန်းထားမှုများရှိနေပြီး လုပ်ငန်းရှင်ပိုင်းမှ လည်း ရင်းနှီးမြှုပ်နှံမှုလုပ်ချင်သည်ဆိုလျှင် ဒေသတိုင်းတွင်လည်း စခန်းများရှိသည့်အတွက်ချိတ်ဆက်ဆောင်ရွက်မှုများ၊ညှိနှိုင်းမှုများ လုပ်ဆောင်စေချင်ကြောင်း၊ ရင်းနှီးမြှုပ်နှံချင်များ၏ဆွေးနွေးချက်များအပေါ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စက်မှုလယ်ယာဦးစီးဌာန၊ညွှန်ကြားရေးမှူးမှ ပြောကြားကြောင်း သိရသည်။

Source:The Farmer Media

Export, Import Read 932 times