၂၀၁၇ ခုနှစ်ဇူလိုင်လကုန်မှ ၂၀၁၈ ခုနှစ် ဧပြီလကုန်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကိုးလကျော်အတွင်း စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးချေးငွေ JICA,Two Step Lone ထုတ်ချေးထားမှုတွင် ကျပ် ၁၅ ဒသမ ၈၃၈ ဘီလျံကျော်ထုတ်ချေးထားပြီး ဧရာဝတီတိုင်းသို့ထုတ်ချေးထားမှုသည် အများဆုံးဖြစ်ကြောင်း သိရပါသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ချေးငွေထုတ်ချေးထားမှုတွင် ဧရာဝတီတိုင်းဒေသကြီးတွင် စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးချေးငွေထုတ်ချေးထားမှု စုစုပေါင်း လေးဘီလျံကျော်ရှိပြီး အများဆုံးထုတ်ချေးထားခြင်းဖြစ်ကြောင်း သိရပါသည်။
မန္တလေးတိုင်းဒေသကြီးတွင် ကျပ် ၃ ဒသမ ၆၂၆ ဘီလျံကျော်ထုတ်ချေးထားပြီး ဒုတိယအများဆုံးထုတ်ချေးထားခြင်းဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးတွင် ကျပ် ၃ ဒသမ ၃၈၈ ဘီလျံကျော်ထုတ်ချေးထားပြီး တတိယအများဆုံးဖြစ်သည်။
ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီးတွင် ကျပ် ၁ ဒသမ ၃၄၃ ဘီလျံ၊ ရှမ်းပြည်နယ်တွင် ၁ ဒသမ ၃၁၀ ဘီလျံကောျ်၊ နေပြည်တော်တွင် ကျပ် ၆၀၈ သန်းကျော်၊ မွန်ပြည်နယ်တွင် ၄၁၁ သန်းကျော်၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၃၆၈ သန်းကျော်၊ ကယားပြည်နယ်တွင် ၂၇၁ သန်းကျော် အသီးသီးထုတ်ချေးထားကြောင်း သိရပါသည်။
တနင်္သာရီတိုင်းဒေသကြီးတွင် ကျပ်သန်း ၅၀ ဖြင့် အနည်းဆုံးထုတ်ချေးထားခြင်းဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရပါသည်။
ပြည်တွင်းရှိအသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို အတိုးနှုန်း ရှစ်ရာခိုင်နှုန်း၊ ကိုးရာခိုင်နှုန်းဖြင့် ချေးငွေများထုတ်ချေးရန်အသင့်ဖြစ်နေကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပြောကြားခဲ့ပါသည်။
မြန်မာ့စီးပွားရေးဘဏ်က ကျပ်ဘီလျံ ၇၀၀ ကို လယ်ယာကဏ္ဍအတွက် ဘီလျံ ၃၀၀၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် ဘီလျံ ၂၀၀၊ ဆောက်လုပ်ရေးနှင့် အခြားကဏ္ဍများအတွက် ဘီလျံ ၂၀၀ ထုတ်ချေးမည်ဖြစ်ကြောင်း သိရပါသည်။
အဆိုပါချေးငွေများနှင့်ပတ်သက်ပြီး အလွယ်ကူဆုံးနှင့် အရိုးရှင်းဆုံးအဖြစ် လယ်ယာကဏ္ဍနှင့် လယ်ယာကဏ္ဍနှင့်ပတ်သက်သည့် လယ်ယာကဏ္ဍသုံး စက်ကိရိယာများ၊ မွေးမြူရေးနှင့် ပတ်သက်သည့် မွေးမြူရေးလုပ်ငန်းရှင်များ၊ ငါးပုဇွန်မွေးမြူသည့် လုပ်ငန်းရှင်များအနေဖြင့် ချေးငွေများရယူလိုပါက သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရများသို့တင်ပြပြီး ချေးငွေရယူနိုင်ကြောင်း သိရပါသည်။
Daily Eleven