ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ၂၀၂၀ ခုနှစ်၏ ပထမ ၆ လတာ ကာလအတွင်း ခရီးသည် တစ်သန်းခွဲကို ဝန်ဆောင်မှုပေးခဲ့


17 July, 2020

မြန်မာနိုင်ငံ၏ အဓိကလေကြောင်းခရီးသွားလာမှု ဝင်ထွက်ပေါက်ဖြစ်သော ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သည် ၂၀၂၀ ခုနှစ်၏ ပထမ ၆ လတာ ကာလ (ဇန်နဝါရီလ မှ ဇွန်လ) အတွင်း ပြည်တွင်းပြည်ပခရီးသည် အရေအတွက် ၁.၅ သန်းကို လက်ခံဝန်ဆောင်မှုပေးခဲ့ပြီး ယခင်နှစ်ကာလတူတွင် လက်ခံ ဝန်ဆောင်မှုပေးခဲ့သော ခရီးသည်ပမာဏနှင့် နှိုင်းယှဉ်ပါက ၅၂ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

တစ်ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ COVID-19 သည် Yangon Aerodrome Company Limited (YACL) ထံသို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ လေဆိပ်ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ခွင့်အား စတင်လွှဲပြောင်းပေးခဲ့သည့် ၂၀၁၅ ခုနှစ်မှစ၍ ငါးနှစ်တာကာလအတွင်း နှစ်စဉ် လေကြောင်းခရီးသွားပမာဏအား အနိမ့်ဆုံးအနေအထားသို့ ရောက်ရှိစေခဲ့သည်။

ကယ်ဆယ်ရေး နှင့် ကုန်စည်သယ်ယူပို့ဆောင်ရေးခရီးစဉ်များမှအပ နိုင်ငံတကာခရီးစဉ် လေယာဉ်များ ပျံသန်းပြေးဆွဲခွင့် ကို ၂၀၂၀ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့မှ စတင်ဆိုင်းငံ့ထားခဲ့ပြီး၂၀၂၀ခုနှစ် ဇန်နဝါရီလ မှ ဇွန်လအတွင်း အပြည်ပြည်ဆိုင်ရာ လေကြောင်းခရီးစဉ် ဝင်ထွက်သွားလာမှု အကြိမ်ရေ ၈၈၅၇ မျှသာရှိပြီး ၅၁ ရာခိုင်နှုန်း အထိ ကျဆင်းခဲ့ကာ၊ ပြည်တွင်း လေကြောင်းခရီးစဉ်ပျံသန်းပြေးဆွဲမှုများမှာ အကြိမ်ရေ စုစုပေါင်း ၁၃၁၅၁ မျှသာရှိခဲ့ပြီး ၂၂ ရာခိုင်နှုန်း အထိ ကျဆင်း သွားခဲ့သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အဓိကချိတ်ဆက်ပျံသန်းပြေးဆွဲ လျက်ရှိသည့် ထိုင်း၊ စင်ကာပူ၊ တရုတ်၊ ကိုရီးယား နှင့် ဗီယက်နမ် စသည့်နိုင်ငံများသို့ လေကြောင်းခရီးစဉ်ပြေးဆွဲမှုများ မှာမူ ပျမ်းမျှ ၆၅ ရာခိုင်နှုန်း အထိ ကျဆင်းခဲ့သည်။

မြန်မာနိုင်ငံလေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန နှင့် မြန်မာနိုင်ငံ COVID-19 ကာကွယ်၊ထိန်းချုပ်၊ကုသရေး ဆိုင်ရာ ဗဟိုကော်မတီတို့၏ ညွှန်ကြားချက်အရ မြန်မာနိုင်ငံရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်အားလုံးတွင် အပြည်ပြည် ဆိုင်ရာ ခရီးသည်တင်လေယာဉ်များပျံသန်းပြေးဆွဲခွင့်ကို ၂၀၂၀ခုနှစ်၊ မတ်လ ၂၉ ရက်နေ့မှ စတင်ကာ ရပ်ဆိုင်းခဲ့ပြီး နောက်ဆုံးထုတ်ပြန်ကြေငြာချက်အရ အပြည်ပြည်ဆိုင်ရာခရီးသည်တင်လေယာဉ်များ ပျံသန်းပြေးဆွဲခွင့် ဆိုင်းငံကာလကို ၂၀၂၀ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့ထိ ထပ်မံတိုးမြှင့်ထားခဲ့ပြီးဖြစ်သည်။သို့ရာတွင် ယခုကဲ့သို့ ကပ်ဘေးကာလအတွင်း YACL၏ လေဆိပ်ဝန်ဆောင်မှုလုပ်ငန်းအနေဖြင့် နိုင်ငံတော်၏ စီးပွာရေးနှင့် ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်း များအတွက် အရေးကြီးသော ကုန်စည်၊ဆေးဝါးနှင့် ကယ်ဆယ်ရေး လေယာဉ်များအတွက် လိုအပ်သော လေဆိပ် ဝန်ဆောင်မှုများကို အပြည့်အဝ ပံ့ပိုးပေးလျက်ရှိသည်။

ထို့အပြင် ယခုကာလအတွင်း YACL သည် ၎င်း ဝန်ထမ်းများ၏ အရည်အသွေးပိုင်းဆိုင်ရာ မြှင့်တင်ပေးရေးနှင့် ပိုမိုကောင်းမွန်သော လေဆိပ်လုပ်ငန်းဝန်ဆောင်မှုများအတွက် သက်ဆိုင်ရာသင်တန်းများနှင့် နှစ်ပတ်လည်မွမ်းမံသင်တန်း များကို ရုံးတွင်း e-learning သင်ကြားရေးစနစ်ဖြင့် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

Local News Read 527 times