ကျောက်ဖြူအထူးစီးပွားရေးဇုန်အတွင်း စက်မှုဇုန်စီမံကိန်းအတွက် ယခုနှစ်အတွင်း တရုတ်နိုင်ငံနှင့် ဆွေးနွေး


02 February, 2019

ကျောက်ဖြူ အထူးစီးပွားရေးဇုန်၏ ဒုတိယအဆင့်ဖြစ်သည့် စက်မှုဇုန်စီမံကိန်း အကောင်အထည်ဖော်ရန် တရုတ်နိုင်ငံဘက်မှ တင်ပြမှုများရှိနေသော်လည်း လတ်တလောတွင် ဆွေးနွေးရန် မဖြစ်နိုင်သေးကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောသည်။

‘ရေနက်ဆိပ်ကမ်းနဲ့ စက်မှုဇုန်က ဆက်စပ်မှုတော့မရှိပါဘူး။ အခု ယူနန်ပြည်နယ်နဲ့ လမ်းတွေဖောက်ဖို့လုပ်နေတာရှိတယ်။ စက်မှုဇုန်က ကြာဦးမယ်။ ရေနက်ဆိပ်ကမ်း အပြီးသတ်လုပ်ပြီးမှ ဖြစ်နိုင်မယ်’’ ဟု ဒေါက်တာသန်း မြင့်က 7Day Daily အားပြောကြားသည်။ စက်မှုဇုန်စီမံကိန်းအတွက် မြန်မာဘက်ကတင်ပြရန် အချက်အလက်များရှိသော်လည်း ယခုနှစ်အတွင်း ဆွေးနွေးရန်မဖြစ်သေးဟု ဒေါက်တာသန်းမြင့်ကပြော ကြားသည်။ 

ကျောက်ဖြူ အထူးစီးပွားရေးဇုန်စီမံကိန်းကို ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်နှင့် အိမ်ရာစီမံကိန်းဟူ၍ အပိုင်းသုံးပိုင်းဖြင့် အကောင်အထည်ဖော်ရန် စတင်ခဲ့ခြင်းဖြစ်သည်။ ဦးသိန်းစိန်အစိုးရလက်ထက်တွင် တရုတ် CITIC ကုမ္ပဏီကို ကျောက်ဖြူ အထူးစီးပွားရေးဇုန်၏ ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန်စီမံကိန်း လုပ်ကိုင်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ ကျောက်ဖြူနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင်ချိတ်မည့် လမ်းကြောင်းမှာ ကျောက်ဖြူအထူးစီးပွားရေးဇုန်မှတစ်ဆင့် နေပြည်တော်-မန္တလေး၊ ထိုမှတစ်ဆင့် တရုတ်ပြည် ယူနန်ပြည်နယ်အထိ ချိတ်ဆက်ရန်ဖြစ်သည်ဟု အစိုးရကဆိုထားသည်။

 ကျောက်ဖြူ အထူးစီးပွားရေးဇုန်၊ ရေနက်စီမံကိန်းစတင် အကောင်အထည်ဖော်ရန် မြန်မာအစိုးရနှင့် တရုတ်ကုမ္ပဏီတို့ မူဘောင်သဘောတူညီမှုကို ၂၀၁၈ နိုဝင်ဘာ ၈ ရက်တွင် နေပြည်တော်၌ လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါရေနက်ဆိပ်ကမ်း စီမံကိန်း၏ ပထမအဆင့်တွင် သင်္ဘောကျောက်ချရပ်နားစခန်း (ဆိပ်ခံတံတား) နှစ်ခုတည်ဆောက်မည်ဟု ထုတ်ပြန်ထားပြီး ထို့အတွက် ကုန်ကျစရိတ်ကို ကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံထက် မပိုစေရန် ဆောင်ရွက်မည်ဟု အစိုးရကဆိုထားသည်။ ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် တရုတ်ကုမ္ပဏီကရှယ်ယာ ၇၀ ရာခိုင်နှုန်းနှင့် မြန်မာအစိုးရဘက်က ၃၀ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည်။

7 day daily

 

Local News Read 526 times