ရုရှားရေနံစိမ်း မရသဖြင့် အာရှရေနံချက်လုပ်ငန်းများ ကြီးကြီးမားမား မထိခိုက်နိုင်


04 March, 2022

ရုရှားရေနံစိမ်း မရသဖြင့် အာရှရေနံချက်လုပ်ငန်းများ ကြီးကြီးမားမား မထိခိုက်နိုင်

 

ယူကရိန်းကို ရုရှား ကျူးကျော်မှုကြောင့် လည်းကောင်း၊ အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုများ ကြောင့်လည်းကောင်း ရုရှားရေနံစိမ်း မရရှိသည့်အတွက် အာရှမှ ရေနံချက်လုပ်သန့်စင်လုပ်ငန်းများ ကြီးကြီးမားမား မထိခိုက်နိုင်ဟု တွက်ချက်ခန့်မှန်းထားသည်။ အာရှရေနံချက်လုပ်ငန်းများအဖို့ ရုရှားရေနံစိမ်းသည် သေးငယ်သော အပိုင်းတစ်ခုမျှသာ ဖြစ်သည်။
အာရှနိုင်ငံများမှ ရေနံစိမ်းလုပ်ငန်းအများစုတိာ့သည် ရေနံစိမ်းကို ရင်းမြစ်အမျိုးမျိုးမှ ဖြန့်ကျက်ဝယ်ယူတင်သွင်းကြသဖြင့် ရုရှားရေနံစိမ်း မရရှိပါက အခြားရင်းမြစ်မှ အစားထိုး ရယူနိုင်ကြလိမ့်မည်။

‌တောင်ကိုရီးယား၊ အိန္ဒိယ၊ ဂျပန်တို့မှ ရေနံချက်လုပ်ငန်းများအနေဖြင့် Sokol, ESPO , Sakhalin Blend အပါအဝင် ရုရှား အရှေ့ဖျား ရေနံချိုများကို ဝယ်ယူရန်မှာ ဒဏ်ခတ်ပိတ်ဆို့ အရေးယူခြင်းကြောင့် ခက်ခဲလိမ့်မည်။ ကြာလေခက်လေ ဖြစ်လာလိမ့်မည်။ ထိုအခါ အခြားရင်းမြစ်များမှ အစားထိုး ဝယ်ယူပြီး ရေနံချက်လုပ်သန့်စင်ကြရမည် ဖြစ်သည်။

ရေနံစိမ်း အချိုနှင်အချဉ် သတ်မှတ်ပုံမှာ -
ဆာလဖာ ၀.၅% အောက်သာ ပါဝင်လျှင် ရေနံစိမ်းအချို sweet crude oil ဟု သတ်မှတ်ပါသည်။
ဆာလဖာ ပါဝင်မှု မြင့်မားသော ရေနံစိမ်းသည် ရေနံစိမ်းအချဉ် sour crude oil ဖြစ်ပါသည်။ 
ရေနံစိမ်းချိုတွင် ဟိုက်ဒြိုဂျင် ဆာလဖိုဒ်နှင့် ကာဘွန်ဒိုင်အောက်ဆိုဒ် အနည်းအကျဉ်းသာ ပါဝင်ပါသည်။

မတ်လနှင့် ဧပြီလအတွင်း တောင်ကိုရီးယားနှင့် အိန္ဒိယသို့ ပင်လယ်နက်မှ တင်ပို့သော ရေနံစိမ်းများသည် ယူကရိန်းကို ရုရှားကျူးကျော်စစ်နှင့် လွတ်ကင်းသည်ဟု အိန္ဒိယမှ BPCL နှင့် Indian Oil Corp. တို့ကလည်းကောင်း တောင်ကိုရီးယားမှ SK Innovation ကလည်းကောင်း S&P Global Commodity Insights ကို အတည်ပြု ပြောကြားခဲ့ပါသည်။

သို့သော် ပင်လယ်နက်ထဲတွင် ရေနံတင်သင်္ဘော အပါအဝင် ကုန်သွယ်ရေကြောင်း သင်္ဘောအချို့ ဒုံကျည် ထိမှန် ပျက်စီးခြင်းများ ဖြစ်ပွားခဲ့ပါသည်။

 

ဆက်စပ်ဖတ်ရှုရန် ခေါင်းစဉ်ငယ်ကို ထိပါ
ယူကရိန်းစစ်ပွဲ ပင်လယ်နက်ထဲ သင်္ဘောများ ဒုံးကျည် ထိမှန်

တရုတ်နိုင်ငံမှအပ အာရှစီးပွားရေးများ သုံးစွဲလျက်ရှိသည့် ရေနံစိမ်းများတွင် ရုရှားရေနံစိမ်းသည် ၁~၆% သာ ပါဝင်ပါသည်။ သို့ဖြစ်ရာ အမေရိကန်၊ အရှေ့အလယ်ပိုင်းဒေသ၊ အနောက်အာဖရိက၊ အရှေ့တောင်အာရှ တို့မှ ရေနံစိမ်းများဖြင့် အစားထိုး ဝယ်ယူရန် မခဲယဉ်းပါ။

ထို့ပြင် အရံရေနံများ နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် ကဏ္ဍနှစ်ရပ်စလုံးမှာ ရှိနေသည်ကို ထုတ်သုံးနိုင်သည်။


ရုရှားရေနံစိမ်း တင်သွင်းမှု

အိန္ဒိယသည် ၂၀၂၁ တွင် ရေနံစိမ်း တစ်ရက် စည်ပေါင်း ၄.၃ သန်းဝန်းကျင် တင်သွင်းခဲ့ပြီး ရုရှားရေနံစိမ်း ၃% အောက်မျှသာ ပါဝင်သည်။

 

၂၀၂၁ တွင် တောင်ကိုရီးယားသည် ရုရှားရေနံစိမ်း တစ်ရက် စည်ပေါင်း ၁၄၇,၃၀၀ တင်သွင်းသည်။ ရေနံစိမ်းတင်သွင်းမှု စုစုပေါင်း၏ ၅.၆% နှင့် ညီမျှသည်။ 
တောင်ကိုရီးယား နိုင်ငံပိုင်လုပ်ငန်း Korea National Oil Corp. မှ ထုတ်ပြန်သော အချက်အလက်များအရ ‌တင်သွင်းသည့် ရေနံစိမ်း  စုစုပေါင်းပမာဏမှာ တစ်ရက် စည်ပေါင်း ၂.၆၃၁ သန်း ဖြစ်ပါသည်။

 

ဂျပန်က ရုရှားရေနံ တစ်ရက် စည်ပေါင်း ၈၉,၃၀၀ တင်သွင်းခဲ့သည်။ စီးပွားရေး ကုန်သွယ်ရေးနှင့် စက်မှု ဝန်ကြီးဌာနမှ ထုတ်ပြန်သော အချက်အလက်များအရ ရုရှားရေနံ တင်သွင်းသည့် ပမာဏသည် ရေနံစုစုပေါင်း တင်သွင်းသည့် ပမာဏ၏ ၃.၆% မျှသာ ရှိသည်။

 

အရှေ့တောင်အာရှနိုင်ငံများတွင် ထိုင်းနိုင်ငံသည် ရုရှားရေနံ အများဆုံးတင်သွင်းသည့် နိုင်ငံ ဖြစ်သည်။ ၂၀၂၁ တွင် တစ်ရက် စည်ပေါင်း ၃၀,၀၀၀ တင်သွင်းခဲ့သည်။ ထိုင်းစွမ်းအင် မူဝါဒနှင့် စီမံကိန်းဌာနမှ ထုတ်ပြန်သော အချက်အလက်များအရ တစ်နှစ်တာတင်သွင်းသည့် ရေနံစိမ်း စုစုပေါင်း၏ ၃.၇% သည် ရုရှားရေနံဖြစ်သည်။


အစားထိုးရင်းမြစ်

တောင်ကိုရီးယား ရေနံချက်လုပ်သန့်စင်စနစ်အတွက် ရုရှားအရှေ့ဖျား ရေနံချို ESPO ကို အစားထိုးဖို့ ဆီလျော်သည်မှာ အမေရိကန် ပြည်ထောင်စု အလက်စကား ပြည်နယ်မှ ထွက်သည့် North Slope ရေနံစိမ်း ဖြစ်သည်။
ရုရှားအရှေ့ဖျား Sokol နှင့် Sakahlin Blend ရေနံစိမ်းတို့ကို အမေရိကန်မှ ရေနံချို WTI Midland, Eagle Ford တို့ဖြင့် အစားထိုးနိုင်သည်။ 


ဂျပန်အတွက် မလေးရှားမှ ရေနံချိုများ ဖြစ်ကြသည့် Kimanis, Kidurong , Kikeh အစရှိသည်တို့သည် ရုရှားအရှေ့ဖျား ရေနံချို Sokol နှင့်  Sakhalin Blend တို့ကို အစားထိုးဖို့ ဆီလျော်သည်။


အိန္ဒိယမှ ရေနံချက်လုပ်သန့်စင် စက်ရုံများအတွက် ရုရှားမှ Urals ရေနံစိမ်းကို အရှေ့အလယ်ပိုင်းမှ တင်ပို့သည့် အလယ်အလတ် ရေနံချဉ် Upper Zakum နှင့် Arab Light တို့ဖြင့် အစားထိုး၍ ရသည်။ အမေရိကန်မှ Mars Blend ရေနံစိမ်းဖြင့်လည်း အစားထိုးနိုင်သည်။

 

spglobal.com

Energy News Read 24504 times