ဒေါ်လာ တစ်သိန်းတန်သမိုင်းကို ငုံသိမ်းထားတဲ့ ပယင်း


28 July, 2018

မြေအောက် သယံဇာတ ရှာဖွေသူများတွင် ပယင်းမုဆိုးများလည်း ပါဝင်သည်။

သူတို့က ဟောလီဝုဒ်မှ နာမည်ကျော်ကြားပြီး ဝင်ငွေသောက်သောက်လဲ ရရှိခဲ့သည့် Jurassic Park ဇာတ်လမ်းထဲကအတိုင်း ဒိုင်နိုဆော အကြွင်းအကျန်များနောက်သို့ လိုက်ကြသူများ ဖြစ်သည်။ ၎င်းဒိုင်နိုဆော အကြွင်းအကျန်တို့ကို မြန်မာပြည် မြောက်ပိုင်း ကချင်ပြည်နယ်မှာ တွေ့ရှိသည့် ပယင်းကျောက်များထဲတွင် တွေ့ခဲ့ကြသည်။

အထဲမှာ ရုပ်ကြွင်းပါနေသော ပယင်းကျောက်တို့သည် ရုပ်ကြွင်းပညာရှင်များအတွက် အလွန်တန်ဖိုးကြီးမားသဖြင့် ဈေးနှုန်း မြင့်မြင့်မားမား ပေးပြီး ဝယ်ဖို့ လက်မတွန့်ကြချေ။

ကချင်ပြည်နယ်၏ မြို့တော်ဖြစ်သော မြစ်ကြီးနားမြို့တွင် မနက်ပိုင်း၌ ပယင်းဆိုင်များ ဖွင့်လှစ်ရောင်းချကြသည်။ ကုန်သည်တို့က ကျောက်ကြည့်သည့် လက်နှိပ်ဓာတ်မီးဖြင့် ပယင်းကို မီးထိုးကြည့်ပြီး စစ်ဆေးကြသည်။ လိုအပ်လျှင် မှန်ဘီလူးဖြင့် ကြည့်မည်။ ပျားရည်ရောင် အရည်လဲ့နေသည့် ပယင်းကျောက်ထဲ ရှိနေသည့် သစ်ပင်ရုပ်ကြွင်းအစအနကို သေသေချာချာ စစ်ဆေးကြည့်ရှုမည်။

သမိုင်းကို ငုံသိမ်းထားခြင်း

************

ကျောက်စိမ်းနှင့် ပတ္တမြား ရောင်းဝယ်ဖောက်ကားခြင်းနှင့် နှိုင်းယှဉ်လျှင် ပယင်းရောင်းဝယ်ရေးသည် အသေးအမွှးမျှ ဖြစ်နေသည်။ ပယင်း ရောင်းဝယ်ရေးသည် လက်မှုပညာနှင့် တွဲဖက်နေသည်။ အချို့ကျောက်များကို အရိုင်းအတိုင်း မဖြတ်မတောက် မသွေးရသေးဘဲ ရောင်းချကြသော်လည်း အချို့ကိုတော့ လှပနေအောင် သွေးထားပြီး ကျကျနန ပေါလစ်တိုက်ပေးထားသည်။ လက်ကောက်၊ လည်ဆွဲစသဖြင့် သီကုံးပေးထားသည်။

သို့သော် အလှအပ သက်သက်တန်ဖိုး မဟုတ်ဘဲ သမိုင်းတန်ဖိုး ပါဝင်နေသော ပယင်းကျောက်သည် ဝယ်လက် အမှန်အကန်ကို ရရှိခဲ့လျှင် တစ်ပွင့်ကို အမေရိကန်ဒေါ်လာ တစ်သိန်းအထိ ရနိုင်သည်။

ကျောက်ကုန်သည် ကိုမျိုးဆွေက မြစ်ကြီးနားဈေးမှာ ငွေရှာကြကြောင်း ပြောပြသည်။ အထဲမှာ ရုပ်ကြွင်းပါသော ပယင်းများကို သူက သူကအထူးတလည် လုပ်ကိုင်သည်။ သစ်ပင်အပိုင်းအစ ရုပ်ကြွင်း၊ မြွေအပါအဝင် တိရစ္ဆာန်ရုပ်ကြွင်းများ ဒိုင်နိုဆောရုပ်ကြွင်းများပင်လျှင် ပယင်းကျောက် အသားမမာခင်မှာ ရောက်ရှိပြီး အသားမာသောအခါ အထဲမှာ ငုံပြီးသား ဖြစ်သွားသည်။ သမိုင်းတစ်ခုကို ငုံပြီး သိမ်းပေးထားလိုက်ခြင်း ဖြစ်သည်။

ဒိုင်နိုဆောတန်ဖိုး

******

ပယင်းကျောက်ကို လက်ဝတ်ရတနာအဖြစ် နန်းတွင်း မှူးမတ်အစရှိသူတို့က သုံးစွဲခဲ့ကြသည်မှာ တရုတ်မှ ဂရိအထိ နေရာတိုင်းလိုလိုတွင် ဖြစ်သည်။ “Jurassic Park” ရုပ်ရှင် အောင်မြင်ကျော်ကြားသွားသည်။ ခြင်များထံမှ မျိုးဗီဇ DNA ရယူပြီး ဒိုင်နိုဆော မွေးမြူရေး လုပ်သည့်အကြောင်း ပါဝင်သည့်ရုပ်ရှင် ဖြစ်သည်။ ဂျူရာဆစ်သည် ဘူမိဗေဒ သက်တမ်းကာလတစ်ခုကို ဆိုလိုသည်။ လွန်ခဲ့သည့် နှစ် သန်းပေါင်း ၁၉၉ မှ ၁၄၅ အကြားရှိကာလဖြစ်သည်။ ကချင်ပြည်နယ်မှ ပယင်းများသည် ထိုကာလလောက် ရှေးမကျကြချေ။ Jurassic ကာလ ကုန်ဆုံးပြီး Cretaceous ကာလတွင် ဖြစ်တည်ခဲ့ကြခြင်း ဖြစ်သည်။ သို့ဖြစ်ရာ နှစ်သန်းပေါင်း ၁၄၅ ထက် ရှေးမကျချေ။ လွန်ခဲ့သည့် နှစ်သန်းပေါင်း ၁၀၀ ဝန်းကျင်ဖြစ်လိမ့်မည်။

ပယင်းအတွင်း ပါဝင်နေသော ရုပ်ကြွင်းသည် အပြားအချပ်အဖြစ် တွေ့ရခြင်း မဟုတ်သဖြင့် သမိုင်းတန်ဖိုး ပိုကြီးမားသည်။ ရုပ်လုံးကြွအဖြစ် အထဲမှာ ငုံပေးထားခြင်း ဖြစ်သည်။ အချို့သတ္တဝါတို့သည် မည်သို့ဖြစ်သည်မသိ သွားလာလှုပ်ရှားနေစဉ် အထဲမှာ ငုံမိထားခြင်း ဖြစ်သည်။

အကယ်စင်စစ် ပယင်းကို ကချင်ပြည်နယ်၌သာ ထွက်ခြင်း မဟုတ်ချေ။ ကမ္ဘာပေါ်တွင် ပယင်းထွက်သော နေရာများ ရှိသည်။ သို့သော် သမိုင်းတန်ဖိုးကြီးမားနေသည့် ပယင်းများကို ကချင်ပြည်နယ်မှ ထွက်သည့် ပယင်းများတွင် တွေ့ကြရခြင်းဖြစ်သည်။ ထိုပယင်းတို့သည် အိမ်နီးနားချင်းနိုင်ငံဖြစ်သော တရုတ်နိုင်ငံသို့ ရောက်ရှိသွားသည်။ တရုတ်ရုပ်ကြွင်းပညာရှင်တို့ လေ့လာကြသည်။ တရုတ်နိုင်ငံ ဘီဂျင်းမြို့တော်ရှိ China University of Geosciences မှ အသက် ၃၆ ရှိသူ Lida Xing က “အစားမထိုးနိုင်သောအရာ” ဟု မှတ်ချက်ပြုသည်။

“ကချင်မှ ကျောက်တူးတဲ့ ဧရိယာထံမှ ရရှိတဲ့ ပယင်းတွေဟာ Cretaceous ကာလမှ ဖြစ်ပြီး အဲဒီလို ရှေးကျတဲ့ကာလမျိုးရဲ့ ပယင်းတွေကို ကချင်မှာပဲ ရနိုင်တယ်။ အဲဒီထက် ပိုကောင်းတဲ့နေရာ မရှိသေးဘူး”လို့ သူက ရှင်းပြသည်။

၂၀၁၅ ခုနှစ်တွင် Lida Xing သည် ရုပ်ကြွင်းပညာရှင်များအကြား နာမည်ကြီးသွားခဲ့ရသည်မှာ ဒိုင်နိုဆောအမြီးပိုင်းမှ အမွေးအတောင် အစိတ်အပိုင်းပါသော ပယင်းကျောက်ကို မြန်မာမှ တရုတ်သို့ ယူဆောင်လာခြင်းကြောင့် ဖြစ်သည်။ ရှေးကျသည့် သက်တမ်းမှာ ၉၉ သန်း ဝန်းကျင် ဖြစ်သည်။

သူက ပယင်းထွက်သည့်ဒေသသို့ သွားရောက်ပြီး စုံစမ်းခဲ့သည်။ စိတ်ပျက်လက်ပျက် သူ ဖြစ်ခဲ့ရသည်။ မည်သည့်နေရာမှ ရသည့် ပယင်းဖြစ်ကြောင်း အတိအကျ သိသူ မရှိချေ။ ကချင်ပြည်နယ်တစ်နေရာမှ ရသည်ဟုသာ ယေဘုယျအားဖြင့် ပြောရမည်။

“သူတို့က သူတို့ မသိဘူးတဲ့။ သူတို့က ရောင်းဝယ်တယ်။ ထုခွဲတယ်။ ဒီဒိုင်နိုဆောဟာ ခေါင်းကိုပါ တစ်ပါတည်း ငုံခံရတာ ဖြစ်မှာ။ ဒါပေမဲ့ အဲဒီအပိုင်းတွေ ဘယ်မှာလဲဆိုတာ မသိနိုင်ဘူး”

၂၀၁၅ ခုနှစ်၌ သူ ရောက်ရှိခဲ့စဉ်က ပယင်းတူးသည့် မိုင်းတွင်းဧရိယာသို့ လိုက်သွားဖို့ ကြိုးစားကြည့်ခဲ့သည်။ နယ်မြေအေးချမ်းတည်ငြိမ်မှု မရှိသဖြင့် အန္တရာယ်ကြီးသည်။ သူ တစ်ကြိမ်သာ ရောက်ခဲ့သည်။ နောက်ထပ် သွားဖို့ အခွင့်မသာတော့ချေ။

ဘန်ကောက်မြို့တွင် လမ်းဘေးဆိုင်တစ်ခု ဖွင့်ထားသော ရုပ်ကြွင်းပယင်းကျော် မုဆိုးတစ်ဦးဖြစ်သူ အသက် ၅၂ နှစ်ရှိ အက်ဘာခန်းက ကချင်ပြည်နယ်သို့ မကြာခဏ သွားလေ့ရှိသည်။ “ လူတွေမှာ စိန်အကြီးကြီး ရှိချင်ရှိမယ်။ အဲဒါ ဘာဖြစ်လဲ။ ကမ္ဘာပေါ်မှာ စိန်အကြီးကြီးတွေ ပြည့်နှက်နေတယ်။ ဒါပေမဲ့ ကမ္ဘာပေါ်မှာ ဒိုင်နိုဆောပါတဲ့ ပယင်းတွေတော့ ပြည့်နှက်မနေဘူး”ဟု မှတ်ချက်ပြုသည်။

Local News Read 1042 times