မြန်မာတွင် အမေရိကန်စီးပွားရေးလုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှုတိုးချဲ့ရန် ပြင်ဆင်လာ


16 February, 2019

အမေရိကန်နိုင်ငံသည် တရုတ်နှင့်ကုန်သွယ်မှုဆွေးနွေးပွဲများ စတင်နိုင်ချိန်တွင် မြန်မာနိုင်ငံ၌လည်း ရင်းနှီးမြှုပ်နှံပြီး စီးပွားရေးလုပ်ငန်းများတိုးချဲ့ရန် ပြင်ဆင်လာပါတယ်။ အမေရိကန်ကုမ္ပဏီကြီးများက မြန်မာနိုင်ငံတွင်ရင်းနှီးမြှုပ်နှံပြီး စီးပွားရေးလာရောက် လုပ်ကိုင်လိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ္စတာစကော့မာစီရယ် မှတစ်ဆင့် အစိုးရနှင့်စီးပွားရေးအသင်းအဖွဲ့များကို သတင်းစကားပါးခဲ့ပါတယ်။

 ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် အမေရိကန်သံအမတ်ကြီးတို့က  မြန်မာနိုင်ငံ၏ ကုန်သွယ်ရေးတွင် အားနည်းချက်များရှိနေသော ဆိပ်ကမ်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရန်  နှစ်ကြိမ်မြောက်ဆွေးနွေးမှုကို ဖေဖော်ဝါရီဒုတိယပတ်က ပြုလုပ်ခဲ့ပါတယ်။

 ငွေကြေးကဏ္ဍအပါအဝင် အခြားရင်းနှီးမြှုပ်နှံမှုများကို အမေရိကန်ကုမ္ပဏီများက မြန်မာနိုင်ငံတွင် ဆောင်ရွက်လိုနေကြောင်းကို ဖေဖော်ဝါရီ ၁၄ ရက်တွင် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌနှင့် အသင်းဝင်များအား အမေရိကန်သံအမတ်ကြီးက လာရောက်ရှင်းပြပါတယ်။

‘‘အရမ်းအားရဖို့ကောင်းပါတယ်။ မြန်မာနိုင်ငံကို ပစ်ပယ်မထားပါဘူးလို့ သံအမတ်ကြီးက အသိပေးပါတယ်’’ ဟု ဆွေးနွေးပွဲသို့တက်ရောက်ခဲ့သည့် ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောပါတယ်။ ရခိုင်ပြည်နယ်ပြဿနာများကြောင့် အမေရိကန်၊ ဥရောပ အပါအဝင် အနောက်နိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုအဝင်လျော့ကျနေချိန်တွင် အမေရိကန်ကုမ္ပဏီများက မြန်မာတွင် ရင်းနှီးမြှုပ်နှံလိုသည့်သတင်းစကားက အားတက်စရာဖြစ်သည်ဟု စီးပွားရေးလုပ်ငန်းရှင်အချို့က ပြောပါတယ်။

 မြန်မာနိုင်ငံကို စိတ်ဝင်စားသည့် အမေရိကန်စီးပွားရေးလုပ်ငန်းရှင်များက လာမည့်ဧပြီတွင် လာရောက်ပြီး နိုင်ငံ့အခြေအနေကို လေ့လာရန်စီစဉ်ထားပါတယ်။ ထို့အပြင် လာမည့်ဇွန်လ ဝါရှင်တန်ဒီစီ၌ပြုလုပ်မည့် အမေရိကန်ရင်းနှီးမြှုပ်နှံမှုဆွေးနွေးပွဲတွင် မြန်မာနိုင်ငံမှစီးပွားရေးလုပ်ငန်းရှင်များကို ဖိတ်ခေါ်ထားပါတယ်။

GE, Pepsi, Coca Cola, KFC စသော ကုမ္ပဏီများအပါအဝင် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် အမေရိကန်ကုမ္ပဏီစုစုပေါင်း ၂၀၊ ဒေါ်လာသန်း ၄၃၀ ကျော်ရှိနေပါတယ်။ ထပ်မံ၍ အာမခံကုမ္ပဏီများ၊ စိုက်ပျိုးရေးကုမ္ပဏီများနှင့် အိုင်တီနည်းပညာကုမ္ပဏီများက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံပြီး စီးပွားရေးလုပ်ကိုင်လိုနေကြောင်း ဒေါက်တာမောင်မောင်လေးက ပြောပါတယ်။

7day daily

Investment/Divestment Read 2420 times