အမေရိကန်မှ ထောပတ်သီး ဝယ်ယူဖို့ ကမ်းလှမ်းပေမယ့်လည်း လက်ခံနိုင်ခြင်းမရှိသေး


19 March, 2019

မြန်မာနိုင်ငံမှ ထောပတ်သီးများအနက် ချင်း Hass အမျိုးအစားထောပတ်သီးကို အမေရိကန်မှ ဟတ်တာ ၂၀ဝ (၄၉၄ ဧက) အကျယ်အဝန်းမှာ စိုက်ပျိုးတဲ့ ပမာဏခန့် ဝယ်ယူဖို့ ကမ်းလှမ်းထားပေမယ့်လည်း တင်ပိုရောင်းချဖို့ လက်ခံနိုင်ခြင်းမရှိသေးဘူးလို့ မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နဲ့ ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ ပြောပါတယ်။

အဆိုပါအသင်း အတွင်းရေးမှူး ဒေါ်စန္ဒာမျိုးက အမေရိကန်ကို တင်ပို့ဖို့က G to G အရင်မညှိရသေးဘဲ မလုပ်ရဲသေးတာရယ်၊ နောက်တောင်သူတွေ အဆင်သင့်မဖြစ်သေးလို့ လက်မခံသေးပါဘူး။ အခြားကမ္ဘောဒီးယားကိုလည်း ပို့သလို ဟောင်ကောင်ကို ၆၀ဝ ဂရမ် အရွယ်အစား အမေရိကန်ဒေါ်လာ ၆ ဒသမ ၅ ဈေးနဲ့ပို့ပါတယ်။  ဈေးကွက်တုံ့ပြန်မှု အရမ်းကောင်းပေမယ့် သူတို့လိုချင်တဲ့မျိုး ကျွန်မတို့ဆီမှာ ကွန်တိန်နာတစ်လုံးအပြင် မရှိသေးဘူးလို့  ပြောပါတယ်။

ထောပတ်သီးတွေကို ပြည်ပမှ အဝယ်လိုက်နေပေမယ့်လည်း မျိုးခွဲပြဿနာတွေရှိနေတဲ့အတွက် ဈေးကွက်ဝင်အဆင့်ကို မရောက်နိုင်ဘဲဖြစ်နေပါတယ်။ ဒါ့ကြောင့် ပြည်တွင်းမှာ တစ်နှစ်ကို ထောပတ်သီးတန်ချိန် တစ်သိန်းခန့်ထွက်ပေမယ့်လည်း တန် ၈၀ဝ ခန့်သာ ပြည်ပကိုတင်ပို့နိုင်သေးပါတယ်။

အသင်းအဖွဲ့ဝင် ( ရှမ်းပြည်နယ် တောင်ပိုင်း) မှ ဦးခွန်ထွန်းထွန်းဦးက ထောပတ်သီးဈေးကွက်ကို အိမ်နီးချင်းနိုင်ငံတွေက စိတ်ဝင်စားတယ်။ ဈေးကွက်မှာလည်း ဈေးကောင်းရတယ်။ ဒါပေမဲ့ ပြည်တွင်းမှာ ထောပတ်သီးမျိုး အများကြီးထွက်နေပေမယ့် မျိုးမခွဲရသေးတော့ အခက်အခဲရှိတယ်။ မျိုးခွဲပြီးရင်တော့ အခုထက်ပိုပြီး တင်ပို့နိုင်မှာပါလို့ ပြောပါတယ်။

အသင်းအနေနဲ့ ဈေးကွက်ဝင်ထောပတ်သီးမျိုးတွေကို ၂၀၁၅ ခုနှစ်ကတည်းက သုတေသနပြုလုပ်ထားရာ လာမယ့်ရာသီ (ထောပတ်သီးပန်းပွင့်ချိန်) ကို စောင့်ကြည့်ပြီး လာမယ့်နှစ် ဧပြီလခန့်မှာ စာအုပ်ထုတ်ပေးမှာဖြစ်ပါတယ်။

ထောပတ်သီးကို ပြည်ပတင်ပို့ရာမှာ ထိုင်းနိုင်ငံကို ရာခိုင်နှုန်း ၉၀ ကျော်တင်ပို့ရောင်းချနေရပြီး တရုတ်၊ ဟောင်ကောင်၊ ကမ္ဘောဒီးယားနိုင်ငံတွေကိုလည်း တင်ပို့မှုရှိကြောင်းနဲ့ ထောပတ်သီးတစ်တန်ကို အမေရိကန်aဒါ်လာ ၁၂၀ဝ မှ ၁၅၀ဝ အကြား ဈေးရရှိကြောင်း သိရပါတယ်။

မြန်မာနိုင်ငံမှာ ထောပတ်သီးစိုက်ဧက ၃၀ဝ၀ ဝန်းကျင်ရှိပြီး အဓိကအားဖြင့် ရှမ်းပြည်နယ်နဲ့ ချင်းပြည်နယ်တွေမှာ စိုက်ပျိုးထုတ်လုပ်သလို Hass၊ Reed၊Zutano၊ Fuerte၊ Bacon၊ Lamb-hass မျိုးတွေကို စိုက်ပျိုးထုတ်လုပ်နေပါတယ်။

The Myanmar Times

Export, Import Read 491 times