တရုတ်အစိုးရ အာဏာပိုင်တွေက Ant ကို ကုမ္ပဏီ ပေါ်ပေါက်လာစဉ်တုန်းက မူလအစပြုခဲ့တဲ့ Payments Services များကိုသာ လုပ်ကိုင်ဖို့ အမိန့်ထုတ်ပြန်လိုက်ပါတယ်။
ဂျက်မာရဲ့ အွန်လိုင်း ငွေကြေးမဟာ့မဟာလုပ်ငန်းကြီး Ant Group Co ကို မူရင်းမူလဖြစ်တဲ့ ငွေပေးငွေယူ ဝန်ဆောင်မှုများကိုသာ လုပ်ကိုင်ဖို့ အမိန့်ထုတ် ညွှန်ကြားခဲ့ပါတယ်။ ငွေဝင်လမ်းဖြောင့်တဲ့ စားသုံးသူချေးငွေ လုပ်ငန်းတွေနဲ့ ကြွယ်ဝမှု စီမံရေးလုပ်ငန်းတွေ လုပ်ကိုင်ခွင့် မရှိတော့ပါဘူး။ ဆက်လက်ကြီးထွားဖို့ဆိုတာလည်း လမ်းပျောက်သွားပါတယ်။
ဗဟိုဘဏ်က Ant ရဲ့ အလုပ်အမှုဆောင်တွေကိ ခေါ်တွေ့ခဲ့ပြီး ကုမ္ပဏီရဲ့ ချေးငွေလုပ်ငန်း အာမခံလုပ်ငန်း ကြွယ်ဝမှုစီမံပေးရေးလုပ်ငန်းတွေကို တည့်မတ်မှန်ကန်အောင် လုပ်ဖို့ ညွှန်ကြားခဲ့ပြီး People’s Bank of China က တနင်္ဂနွေနေ့မှာ ကြေညာချက် တရားဝင် ထုတ်ပြန်ခဲ့တယ်။ Ant Group Co ကို ဖျက်သိမ်းပစ်လိုက်တော့လိ့ တိုက်ရိုက်မပြောရုံတမယ်ပဲ ရှိပါတယ်။ Ant Group Co က လုပ်ငန်းတစ်ခုလုံးကို အလုံးစုံစိစစ်ပြုပြင်ပါလို့ ညွှန်ကြားချက်ထဲမှာ ဖော်ပြထားတယ်။ လုပ်ကိုင်သွားမယ့် အစီအစဉ် အချိန်ဇယားကိုလည်း ဖြစ်နိုင်သရွေ့ အမြန်ဆုံး တင်ပြဖို့ တောင်းဆိုထားတယ်။
ဂျက်မားရဲ့ အွန်လိုင်းငွေကြေးအင်ပါယာ Ant ဟာ အမေရိကန်နိုင်ငံမှ PayPal လိုမျိုး အွန်လိုင်းငွေချေစနစ်ကို လုပ်ကိုင်တာကနေ စတင်ခဲ့ပြီး ၁၇ နှစ်တာ ကာလအတွင်း အခြားငွေကြေးလုပ်ငန်းနယ်ပယ်တွေမှာပါ ချဲ့ထွင်လုပ်ကိုင်ခဲ့ပြီး အကြီးအကျယ် အောင်မြင် ကြီးထွားလာခဲ့ပါတယ်။
Ant ရဲ့ အစုရှယ်ယာတွေကို လူထုထံ ရောင်းချဖို့ စီစဉ်နေစဉ်မှာ ဖြစ်ပေါ်မယ့် ပေါက်ဈေးအရ ရှယ်ယာတွေရဲ့ စုစုပေါင်းတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၃၀၀ ဘီလျံကျော် ရှိမယ်လို့ တွက်ချက်ခန့်မှန်းထားပါတယ်။ တရုတ်အစိုးရက ရှယ်ယာရောင်းချမယ့် အစီအစဉ်ကို တားမြစ်ခဲ့ပြီး အခုလို ညွှန်ကြားချက်တွေ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ဟန်ကျိုမြို့ အခြေစိုက် ငွေကြေးလုပ်ငန်းစုကြီး Ant ဟာ အွန်လိုင်းငွေပေးငွေယူ ဝန်ဆောင်မှုကိုသာ လုပ်ကိုင်ခွင့် ရှိတော့မှာ ဖြစ်ပြီး ကျန်တဲ့ ငွေကြေးလုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်ဖို့အတွက် သီးခြားဦးပိုင်ကုမ္ပဏီတစ်ခု ထူထောင်ပြီး တသီးတခြားလုပ်ကိုင်ရတော့မှာ ဖြစ်ပါတယ်။ အဲဒီဦးပိုင်ကုမ္ပဏီမှာ အရင်းအနှီး လုံလုံလောက်လောက် မ,တည်ဖို့ကိုလည်း ဗဟိုဘဏ်က ညွန်ကြားထားပါတယ်။ သုံးစွဲသူတွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ တစ်စွန်းတစမှ မပေါက်ကြားစေဖို့ကိုလည်း တာဝန်ယူခိုင်းထားပါတယ်။
ငွေကြေးဝန်ဆောင်မှုကဏ္ဍမှာ Ant က ကြီးစိုးလွှမ်းမိုးပြီး လက်ဝါးကြီးအုပ်ထားတယ်။ ပြိုင်ဘက်တွေကို ဖယ်ထုတ်ပစ်တယ်။ လူဦီးရေ သန်းချီတဲ့ သုံးစွဲသူတွေ တခြားရွေးချယ်စရာလုပ်ငန်း မရှိအောင် လုပ်ထားပြီး Ant ရဲ့ လက်ခုပ်ထဲကရေ ဖြစ်နေစေတယ်လို့လည်း ဗဟိုဘဏ်က ထောက်ပြထားပါတယ်။
တရုတ်အစိုးရ အာဏာပိုင်တွေက ဘီလျံနာ ဂျက်မားရဲ့ ထောက်တိုင်အမြွှာဖြစ်တဲ့ Ant Group Co နဲ့ Alibaba Group Holding Ltd. တို့ကို တစ်ချိန်တည်းမှာ စုံစမ်းစစ်ဆေးမှုတွေ ပြုခဲ့တယ်။ လက်ဝါးကြီးအုပ်တဲ့ လုပ်ကိုင်မှုတွေ ရှိမရှိ ဆန်းစစ်ခဲ့ပါတယ်။
E-commerce လုပ်ငန်းကြီး Alibaba ဟာ အမေရိကန်နိုင်ငံ စတော့အိပ်ချိန်းမှာလည်း စာရင်းဝင်လုပ်ငန်းဖြစ်တာကြောင့် Alibaba ကို တရုတ်အစိုးရက စစ်ဆေးနေတယ်ဆိုတဲ့ သတင်းကြောင့် အမေရိကန်မှာ Alibaba ရဲ့ ရှယ်ယာတွေ ဈေးကျကုန်တဲ့အထိ ဂယက်ထခဲ့ပါတယ်။
Ant က ဗဟိုဘဏ်ရဲ့ ညွှန်ကြားချက်များအပေါ် ကြေညာချက် တနင်္ဂနွေနေ့မှာပဲ ထုတ်ပြန်ခဲ့တာမှာ အထူးအဖွဲ့ တစ်ဖွဲ့ ဖွဲ့စည်းပြီး အလုံးစုံ ပြုပြင်ပြောင်းလဲဖို့အတွက် အဆိုပြုချက်များနဲ့ အချိန်ဇယားတစ်ခုတို့ကို တင်ပြသွားမည် လို့ ဖော်ပြထားပါတယ်။
သုံးစွဲသူတွေ Ant ရဲ့ ဝန်ဆောင်မှုများ ဆက်လက်သုံးစွဲနိုင်အောင် စီစဉ်ပေးထားမှာ ဖြစ်ပြီး အခုလို အရေးကိစ္စပေါ်ပေါက်နေတာအတွက်ကြောင့် ကုန်ကျစရိတ်ကို ပြောင်းလဲမှာ မဟုတ်ကြောင်းလည်း ကတိကဝတ်ပြုထားပါတယ်။
ဂျက်မာအပေါ် ကျရောက်နေတဲ့ ဖိအားရဲ့ အဓိက အကြောင်းရင်းက အင်တာနက်လောကထဲမှာ ဂျက်မားရဲ့ ဩဇာတိက္ကမ ကြီးမားလွန်းနေတာ ဖြစ်ပါတယ်။ တိုင်းပြည် စီးပွားရေး စည်ပင်ဝပြောဖို့ တွန်းအားစုအဖြစ် ရပ်တည်နေပြီး တိုင်းပြည်ရဲ့ နည်းပညာစွမ်းရည်အတွက် စံပြုရတဲ့ အင်ပါယာရဲ့ ပြည်ရှင်အဖြစ်ကို ဂျက်မာ ရောက်ရှိနေတာ ဖြစ်ပါတယ်။
ဂျက်မာနည်းတူ ဩဇာကြီးမားတဲ့သူတစ်ဦးကတော့ Tencent Holdings Ltd ရဲ့ ဥက္ကဋ္ဌ မာဟွာတန် ဖြစ်ပါတယ်။ တရုတ်အစိုးရက Tencent Holdings Ltd ကိုလည်း စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်နေပါတယ်။ တခြား တိုင်ကွန်းတွေလည်း အလားတူပင် စုံစမ်းစစ်ဆေးမှုကို ရင်ဆိုင်နေရပါတယ်။ တရုတ်ပြည်မှာ နေထိုင်သူတွေရဲ့ နေ့စဉ်ဘဝများထဲမှာ သူတို့ရဲ့ လုပ်ငန်းတွေက မပါမဖြစ် အရေးပါနေပြီး ဩဇာကြီးမားလွန်းနေတယ်။
အခုလို အရေးယူဆောင်ရွက်နေချိန်မှာ ဂျက်မာအပါအဝင် တိုင်ကွန်းတွေကို တရုတ်ပြည်တွင်းမှာပဲ နေထိုင်ကြဖို့ စုံစမ်းစစ်ဆေးရေးအဖွဲ့က အကြံပြုထားတယ်လို့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ဆိုပါတယ်။
Ant လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေထဲမှာ ဘယ်လုပ်ငန်းတွေကို စွန့်လွှတ်ရမလဲ။ ငွေကြေးကဏ္ဍ ရုတ်ရုတ်သဲသဲ မဖြစ်အောင် ဘယ်နည်းဘယ်ပုံ နောက်ဆုတ်ခိုင်းရမလဲ ဆိုတာကို China Banking and Insurance Regulatory Commission အပါအဝင် ကြီးကြပ်ရေး ကော်မတီတွေက ချိန်ဆနေပါတယ်။