ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲမှ ပြည်တွင်းရှိ ကဏ္ဍငါးခုကို အဓိကထား စောင့်ကြည့်လေ့လာမည်


15 December, 2017

ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲမှ ပြည်တွင်းရှိ ကဏ္ဍငါးခုကို အဓိကထား စောင့်ကြည့်လေ့လာမည်

နိုင်ငံတကာငွေကြေးခဝါချမှု တိုက်ဖျက်ရေးဗဟိုအဖွဲ့က နှစ်စဉ် မြန်မာနိုင်ငံအား စောင့်ကြည့်လေ့လာမှုပြုလုပ်လျက်ရှိရာ ပြည်တွင်းရှိ ကဏ္ဍငါးခုကို အဓိကထားစောင့်ကြည့်လေ့လာသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၈ ရက်က သိရပါသည်။

အဆိုပါကဏ္ဍများတွင် အိမ်ခြံမြေကဏ္ဍ၊ ကျောက်မျက်လုပ်ငန်းကဏ္ဍ၊ ရွှေလုပ်ငန်းကဏ္ဍ တို့ပါဝင်ကြောင်း သိရပါသည်။

နိုင်ငံတွင် ငွေကြေးခဝါချမှုများမည်မျှခန့်ရှိသည်၊ ထိုအရာနှင့်ပတ်သတ်၍ အကြမ်းဖက်မှုများကို မည်မျှထောက်ပံ့သည်ဆိုခြင်းကို အပြန်အလှန် အကဲဖြတ်သော စနစ်ဖြင့် သွားပြီး မြန်မာနိုင်ငံကို တခြားအဖွဲ့ဝင်နိုင်ငံများကအနည်းဆုံး ခြောက်ဦးခန့်ပါဝင် အကဲဖြတ်ပါသည်။

တခြားနိုင်ငံများကို မြန်မာနိုင်ငံအပါအဝင် အဖွဲ့ဝင်နိုင်ငံများက အကဲဖြတ်ပါသည်။

အကဲဖြတ်ခြင်းက မူအားဖြင့် ၄၉ ချက်ကို အဓိကထားပြီး ဆောင်ရွက်ခြင်းဖြစ်ကြောင်း အိမ်ခြံမြေကဏ္ဍအတွက် စောင့်ကြည့်ရမည့်တာဝန်ရှိသူတစ်ဦးက ပြောကြားပါသည်။

ထိုကဲ့သို့ အကဲဖြတ်စစ်ဆေးပြီးပါက နိုင်ငံတွင်း ငွေကြေးခဝါချမှုကင်းရှင်းခြင်းရှိမရှိကို ကြေညာပေးလျက်ရှိရာ မြန်မာနိုင်ငံသို့ ဝင်ရောက်ရင်းနှီးမြှုပ်နှံသည့် နိုင်ငံခြားကုမ္ပဏီများအနေဖြင့် နိုင်ငံအတွင်းအခြေအနေများကိုစိစစ်မှုများပြုလုပ်နို်င်မည်ဖြစ်ကြောင်း သိရပါသည်။

မြန်မာနိုင်ငံသည် အဆိုပါ နိုင်ငံတကာငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ (Asia Pacific Group ) သို့ ၂၀၀၆ ခုနှစ် မတ်လ ၉ ရက်တွင် စတင်ဝင်ရောက်ခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်မှသာ ငွေကြေးခဝါချမှု အညိုရောင်အဆင့်မှလွတ်မြောက်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

ယခုနှစ်အတွက် နိုင်ငံတကာငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က နိုဝင်ဘာလအတွင်းက ပြည်တွင်းသို့လာရောက်စစ်ဆေးမှုများ ပြုလုပ်ပြီးဖြစ်ရာ မကြာမီတွင် မြန်မာနိုင်ငံအတွက် အဆင့်သတ်မှတ်ချက်ကို ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရပါသည်။

Source:pyi Myanmar

Banking & Loan Read 748 times