Apple ၏ တရုတ်အစိုးရနှင့် ဒေါ်လာ ၂ရ၅ ဘီလျံ ရင်းနှီးမြှုပ်နှံမှု အပေးအယူ


12 December, 2021

Apple ၏ စီအီးအို Tim Cook သည် ခြောက်နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် တရုတ်ပြည်တွင်း‌ေဈးကွက်မှာ iPhone ကုိ အ‌ရောင်းရဆုံး စမတ်ဖုန်း ဖြစ်လာအောင် လမ်းခင်းပေးမည့် နားလည်မှု စာချွန်လွှာကို လွန်ခဲ့သည့် ငါးနှစ်က လူသိမခံဘဲ တရုတ်အာဏာပိုင်များနှင့် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း ၊ ထိုစာချုပ်ကို လိုက်နာသောအားဖြင့် အမေရိကန်ဒေါ်လာ ၂၇၅ ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့သည်ဟု theinformation.com တွင် ထုတ်ဖော်ရေးသား ထားသည်။
Apple အဖို့ အမေရိကန်သည် iPhone အတွက် အကြီးမားဆုံးဈေးကွက်ဖြစ်ပြီး တရုတ်ပြည်သည် ဒုတိယအကြီးမားဆုံးဈေးကွက် ဖြစ်သည်။ သို့ဖြစ်ရာ iPhone ၏ ပြိုင်ဘက်များ ပြည့်နှက်နေသော တရုတ်ပြည်တွင်း ဈေးကွက်ထဲတွင် iPhone ကို အရောင်းရဆုံး စမတ်ဖုန်းအဖြစ် ထိပ်ဆုံးသို့ ရောက်အောင်ပြုပေးရန် အလွန်အမင်း အရေးပါသော လျှို့ဝှက်အပေးအယူကို တရုတ်အစိုးရနှင့် Cook ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ခဲ့သည်။
တရုတ်အစိုးရမှ Apple ကို အနှောက်အယှက်ပေးသည့် စည်းမျဉ်းစည်းကမ်းများ ပြဌာန်းလာနေသည်ကို ရပ်တန့်ရန် Cook သည် တရုတ်အာဏာပိုင်များနှင့် ငါးနှစ်သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။ လိုအပ်ပါက သက်တမ်းကို ၆ နှစ်အထိ တိုးမြှင့်သတ်မှတ်ရန်လည်း သဘောတူထားကြသည်။
တရုတ်အစိုးရကို Apple က လုံလောက်သော အကျိုးကျေးဇူးမပြုဟု ဆိုသဖြင့် Cook က တရုတ်ပြည် စီးပွားရေးနှင့် နည်းပညာ တတ်ပွန်မှု စွမ်းရည်တို့ တိုးတက်ကောင်းမွန်အောင် Apple က လုပ်ဆောင်ပေးမည်ဟု ကမ်းလှမ်းခဲ့သည်။
လွန်ခဲ့သော ၅ နှစ်က Cook သည် တရုတ်ပြည်သို့ အကြိမ်ကြိမ် သွားရောက်ခဲ့သည်။ နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့သည်။
ထိုစဉ်က သိထားကြသည်မှာ တရုတ်ပြည်ခရီးစဉ်များအတွက် တကယ့်အကြောင်းရင်းသည် တရုတ်အစိုးရက Apple ကို တရုတ်နိုင်ငံမှာ လုပ်ရကိုင်ရ ခက်ခဲအောင် လုပ်နေသည့် အကြောင်းရင်းခံများကို ရှာဖွေသိရှိရန်ဟူ၍ ဖြစ်သည်။
သာဓကအားဖြင့် Apple သည် တရုတ်ပြည်တွင် iBooks နှင့် iTunes Movies များကို ပိတ်ပစ်ခဲ့ရသည်။ စမတ်ဖုန်းမဟုတ်သော ပစ္စည်းများတွင် iPhone အမည်ကို အသုံးပြုခြင်းမှ တားဆီးရန် တရားစွဲဆိုရာတွင် ရှုံးနိမ့်ခဲ့သည်။ တရုတ်ဈေးကွက်မှ ဝင်ငေွ ၂၆% ကျဆင်းနေသည်။
Cook က Apple Pay, iCloud နှင့် App Store တို့ကို တရုတ်အစိုးရ၏ အနှောက်အယှက် ကင်းကင်းဖြင့် လုပ်ကိုင်ခွင့်ရအောင် အာဏာပိုင်တို့ကို မဲဆွယ်စည်းရုံးသည်။

Cook သည် Apple နှင့် အမျိုးသား ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် National Development and Reform Commission တို့အကြား စကားလုံး ၁၂၅၀ ပါ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့သည်။ Apple သည် လိုက်လျောမှုများဖြင့် စည်းမျဉ်းအချို့မှ ကင်းလွတ်ခွင့်အချို့နှင့် လဲလှယ်ရန် သဘောတူညီခဲ့သည်။ Apple သည် ၅ နှစ်တာကာလအတွင်း အမေရိကန်ဒေါ်လာ ၂၇၅ ဘီလျံကျော် သုံးစွဲရန် သဘောတူသည်။

သဘောတူညီချက်များအရ အမြင့်ဆုံး ထုတ်လုပ်မှု နည်းပညာများကို တရုတ်ပြည်တွင် ဖန်တီးရန် Apple က ကူညီပေးသည်။ တရုတ်မှ ပစ္စည်းပေးသွင်းသည့် လုပ်ငန်းများထံမှ အစိတ်အပိုင်းများ ပိုမိုရယူ သုံးစွဲသည်။ ဆော့ဖ်ဝဲ လုပ်ငန်းများနှင့် လက်တွဲလုပ်ကိုင်သည်။ တရုတ်နည်းပညာကုမ္ပဏီများတွင် တိုက်ရိုက်ရင်းနှီးမြှုပ်နှံသည်။ တက္ကသိုလ် သုတေသနများတွင် ပါဝင်လုပ်ကိုင်သည်။ နည်းပညာလုပ်သားများကို သင်တန်းပေးသည်။ တရုတ်အစိုးရမှ အခါအားလျော်စွာ တောင်းဆိုသည်တို့ကို ဖြည့်ဆည်းသည်။
၂၀၁၆ တွင် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပြီးသည့်နောက်တွင် တရုတ်ပြည်မှ ကားအငှားခေါ်ပေးသည့် ဝန်ဆောင်မှု လုပ်ငန်းကြီး Didi Chuxing တွင် အမေရိကန်ဒေါ်လာ ၁ ဘီလျံ ရင်းနှီးမြှုပ်နှံခဲ့သည်။
Apple က တရုတ်ပြည်တွင် နာမည်ကြီး တက္ကသိုလ် Tsinghua University နှင့် အတူလက်တွဲပြီး သုတေသနနှင့် ဖွံ့ဖြိုးရေးဌာန ဖွင့်လှစ်ထားရှိသည်။
iCloud ကို တရုတ်ပြည် ပြင်ပတွင် ထားရှိပါက တရုတ်ပြည်မှ သုံးစွဲသူများ ပိတ်ပင်ခံထားရသဖြင့် iCloud ကို တရုတ်ပြည်မှာ ထားရှိသည်။ တရုတ်ပြည်မှ သုံးစွဲသူများ ထားသိုသည့် အချက်အလက်များကို အမေရိကန်လုပ်ငန်း လက်ထဲတွင် ရှိနေသော iCloud တွင် ထားရှိခြင်းကို တရုတ်အာဏာပိုင်တို့က တစ်စုံတစ်ရာ ကန့်ကွက်ခြင်း မပြုချေ။
iCloud သုံးစွဲမှုများတွင် အသုံးပြုသည့် ဝှက်စာစနစ်အတွက် ဝှက်စာဖော်သည့် ကီးများ encryption keys ကိုလည်း Apple လက်ထဲ ထားခွင့်ရသည်။
တရုတ်ပြည်တွင် လက်လီအရောင်းဆိုင် ၁၁ ခု ထပ်တိုးပြီး ဖွင့်လှစ်သည်ဟု The Information တွင် ဖော်ပြထားပါသည်။
၂၀၁၉ခုနှစ်တွင် တယ်လီကွန်းပစ္စည်းများထုတ်လုပ်သည့် Huawei Technologies Co ကို အမေရိကန်အစိုးရက ပိတ်ဆို့အရေးယူပြီးနောက် တန်ပြန်တုံ့ပြန်သည့်အနေဖြင့် Apple ကို သပိတ်မှောက်ရန် လှုံ့ဆော်မှုများ တရုတ်ပြည်တွင် ပေါ်ပေါက်ခဲ့သော်လည်း iPhone13 စတင် ရောင်းချသည့်အခါ အလုအယက် ဝယ်ယူခဲ့ကြသည်။ ဝယ်ရန် စာရင်းပေးပြီး တစ်လဝန်းကျင် စောင့်ရသည်အထိ ဖြစ်ခဲ့သည်။ iPhone13 အရှိန်ကြောင့် အောက်တိုဘာလတွင် တရုတ်ပြည်၏ အရောင်းရဆုံး စမတ်ဖုန်းအမှတ်တံဆိပ် သရဖူကို Apple ပြန်လည်ရရှိခဲ့သည်။ ၂၀၁၅ ဒီဇင်ဘာလနောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည်ရရှိခြင်း ဖြစ်သည်။

 

 

Investment/Divestment Read 3853 times