ရခိုင်ပြည်နယ်အတွင်း လုပ်ကိုင်နေကြသည့် ဆားတောင်သူများမှာ ဆားဈေးနှုန်း ယခင်နှစ်ကထက် မြင့်တက်သဖြင့် ဈေးကောင်းရနေသော်လည်း နည်းပညာနှင့် ဆားလုပ်ငန်း အဆင့်မြှင့်တင်ရန် လိုအပ်နေကြောင်း ဆားလုပ်ငန်းရှင်များထံမှ သိရသည်။
ရခိုင်ပြည်နယ်အတွင်းလုပ်ကိုင်နေကြသော ဆားလုပ်ငန်းမှာ လွန်ခဲ့သောနှစ် ၃၀ ဝန်းကျင်မှ နည်းပညာများကိုသာအသုံးပြုနေရသည့်အတွက် နည်းပညာပိုင်းအားနည်းချက်ကြောင့် ဆားလုပ်ငန်းမှာ ထင်သလောက် ခရီးမပေါက်နိုင်သေးကြောင်း ရခိုင်ပြည်နယ် ဆားလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါသည်။
အဆင့်မြင့်တဲ့ဆား တွေကို စားသုံးသူတွေက လိုအပ်ချက်တွေရှိနေကြောင်း၊ ထိုင်းနိုင်ငံဆားတွေကို မြဝတီလမ်းကနေ တစ်နေ့ကို တန် ၁၀ဝ၊ ၁၅၀ နှုန်းနဲ့ မြန်မာနိုင်ငံထဲကိုဝင်ရောက်ပြီး ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ နေပြည်တော် အဲဒီလိုနေရာတွေကို ဖြန့်ပြီးတော့ တင်ပို့နေကြောင်း၊ မြန်မာနိုင်ငံမှာ ယခုလို အဆင့်မြင့်တဲ့စက်ရုံတစ်ရုံ မတည်နိုင်တာကတော့ ဝမ်းနည်းစရာပါဟု ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။
ရခိုင်ပြည်နယ်ရှိ ပေါက်တောမြို့နယ်သည် ဆားကျင်းများကို အများဆုံးလုပ်ကိုင်သည့် မြို့နယ်တစ်မြို့နယ်ဖြစ်သော်လည်း ယခုအချိန်တွင် ဆားတောင်သူများမှာ သမားရိုးကျအတိုင်း ထုတ်လုပ်နေသည့်အတွက် ဆားအတွင်း ရွှံ့ပါဝင်ခြင်းများကြောင့် ဆားသန့်ရရှိရန် ရေဆေးရသကဲ့သို့ ရွှံ့များပါဝင်ထွက်ရှိလာသည့် ဆားများမှာ အရည်အသွေးမကောင်းကြောင်း သိရပါသည်။
လက်ရှိအချိန်တွင် ရခိုင်မှထုတ်လုပ်သော ဆားများကို မန္တလေး၊ မင်းဘူးနှင့် ပြည်နယ် အတွင်း မောင်တော၊ ဘူးသီးတောင်၊ ကျောက် ဖြူ၊ ပေါက်တောနှင့် မင်းပြားစသည့် မြို့နယ် များသို့ အများဆုံးတင်ပို့နေရကာ ယခင်က ဘင်္ဂလားဒေ့ရှ်ဘက် တင်ပို့နိုင်ခဲ့သော်လည်း ယခုအချိန်တွင် နည်းပညာအခက်အခဲကြောင့် မတင်ပို့နိုင်တော့ကြောင်း သိရသည်။
လက်ရှိအချိန် ဆားကြမ်းတစ်ပိဿာလျှင် ကျပ်၁၀ဝ ကျော်ဖြင့်ဝယ်ယူရပြီး အချောအဆင့် တစ်ပိဿာကျပ် ၂၀ဝ ဖြင့် ပြန်လည် ရောင်းချလျက်ရှိကြောင်း၊ ပြီးခဲ့သည့်နှစ်က ဆားကြမ်း တစ်ပိဿာကျပ် ၅၀ နှင့် ၆၀ ကြား ဝယ်ယူခဲ့ရကာ အချောတစ်ပိဿာလျှင် ကျပ် ၁၅၀ ဝန်းကျင်ဖြင့် ရောင်းချခဲ့ရကြောင်း သိရပါသည်။
Source: Myanmar Times