ဆန်ချောဈေးနှုန်းအဆမတန်မြင့်တက်နေမှုကို အရေးယူနိုင်ရန် စီစဉ်


27 August, 2018

ပြီးခဲ့သည့် ငါးနှစ်အတွင်း ပြည်တွင်း၌ ပေါ်ဆန်းဈေးနှုန်းသည် တစ်အိတ်လျှင် ကျပ် ၇၀၀၀ အထိသာ မြင့်တက်ခဲ့သော်လည်း၂၀၁၇ ခုနှစ် သြဂုတ်မှ ၂၀၁၈ သြဂုတ်အထိ တစ်နှစ်အတွင်း ပေါ်ဆန်းတစ်အိတ်ကို ကျပ် ၁၈၀၀၀ အထိ စံချိန်တင် မြင့်တက်ခဲ့ကြောင်း သြဂုတ် ၂၃ ရက်က ဝါးတန်းဆန်ကုန်စည်ဒိုင်တွင် ပြုလုပ်သည့် လတ်တလော ဖြစ်ပေါ်နေသော ဆန်ချောဈေးနှုန်းများအပေါ် ဆန်ကုန်သည်များ၊ ဆန်အကျိုးဆောင်များနှင့် ဆန်လက်လီဆိုင်ပိုင်ရှင်များ တွေ့ဆုံးဆွေးနွေးပွဲ အခမ်းအနားမှ သိရသည်။

“ဖော်ပြထားတဲ့ စာရင်းဇယားမာျးအရ ပြီးခဲ့တဲ့ငါးနှစ်အတွင်းမှာ ပေါ်ဆန်းတစ်အိတ်ကို ၇၀၀၀ ကျပ်အထိပဲမြင့်တက်ခဲ့တယ်။ ဒီဘက်တစ်နှစ်အတွင်းမှာ တစ်အိတ်ကို ၁၈၀၀၀ အထိ မြင့်တက်ခဲ့တာကို တွေ့ရပါတယ် " ဟု ဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးသော ဆန်လက်လီ အရောင်းဆိုင်ပိုင်ရှင် တစ်ဦးက ဆွေးနွေးတင်ပြခဲ့သည်။

နှိုင်းယှဉ်ချက်

*******

နှစ်အလိုက်ဖြစ်ပေါ်ခဲ့သည့် ပေါ်ဆန်းဆန်ဈေးနှုန်းများကို လေ့လာကြည့်ပါက ၂၀၁၃ ခုနှစ် သြဂုတ်တွင် ပေါ်ဆန်းတစ်အိတ် ကျပ် ၃၆၅၀၀၊ ၂၀၁၄ ခုနှစ် သြဂုတ်တွင် ပေါ်ဆန်းတစ်အိတ် ကျပ် ၄၁၀၀၀၊ ရေးကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့သည့် ၂၀၁၅ ခုနှစ်တွင် ပေါ်ဆန်းတစ်အိတ် ကျပ် ၃၈၅၀၀၊ ၂၀၁၆ ခုနှစ် သြဂုတ်တွင် ပေါ်ဆန်းတစ်အိတ် ကျပ် ၃၄၅၀၀၊ ၂၀၁၇ ခုနှစ် သြဂုတ်တွင် ပေါ်ဆန်းတစ်အိတ် ကျပ် ၃၄၀၀၀ အသီးသီးရှိခဲ့ကြောင်း အဆိုပါ ဆွေးနွေးပွဲတွင် ဖော်ပြခဲ့သည့် နှစ်အလိုက် ဆန်ဈေးနှုန်း နှိုင်းယှဉ်ချက်များမှ သိရသည်။

ဖော်ပြချက်များအရ ၂၀၁၃ ခုနှစ်မှ ၂၀၁၇ ခုနှစ် ငါးနှစ်အတွင်း ဆန်ဈေးနှုန်းအမြင့်ဆုံးနှင့် အနိမ့်ဆုံး ကွာခြားချက်သည် ကျပ် ၇၀၀၀ သာရှိသည်။

၂၀၁၈ ခုနှစ် သြဂုတ်တွင် ပေါ်ဆန်းဈေးနှုန်း တစ်အိတ်ကို ကျပ် ၅၂၀၀၀ နှင့်အထက်ဖြစ်နေသည့်အတွက် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် သြဂုတ်တွင် ဖြစ်ပေါ်ခဲ့သည့် ပေါ်ဆန်းဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက တစ်နှစ်အတွင်း တစ်အိတ်ကို ကျပ် ၁၈၀၀၀ အထိ မြင့်တက်ခဲ့ခြင်းဖြစ်သည်။

“ဆန်ဈေးနှုန်းများကို နှိုင်းယှဉ်ဇယားနဲ့ ပြထားတာပါ။ ဒီနေရာမှာ လေ့လာကြည့်ရင် ဒီနှစ်သြဂုတ်လမှာ ဖြစ်နေတဲ့ ပေါ်ဆန်းဈေးနှုန်းဟာ အမြင့်ဆုံးရောက်ရှိနေတာ တွေ့ရပါတယ်" ဟု မြန်မာနိုင်ငံ ဆန်စပါးကုန်သည်အသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဦးက ပြောကြားသည်။

ယခင်နှစ်များတွင် ပေါ်ဆန်းဈေးနှုန်း တစ်ခါတက်ပါက တစ်အိတ်ကို ကျပ် ၃၀၀ မှ ကျပ် ၅၀၀ အထိသာ မြင့်တက်ခဲ့သော်လည်း လက်ရှိ ၂၀၁၈ ခုနှစ်တွင် ပေါ်ဆန်းဈေးနှုန်း တစ်ခါတက်ပါက တစ်အိတ်လျှင် ကျပ ်၂၀၀၀ မှ ကျပ် ၃၀၀၀ အထိ မြင့်တက်ခဲ့ကြောင်းသိရသည်။ ယင်းကဲ့သို့ ဈေးနှုန်းများ စံချိန်တင်ဖြစ်နေသော်လည်း ပြည်တွင်း၌ ပေါ်ဆန်းဆန် စိုက်ပျိုးထုတ်လုပ်မှု လျော့ကျခြင်း မရှိကြောင်း သိရသည်။

“ပြန်လည်သုံးသပ်တဲ့အခါမှာ ဒီနေ့ပေါ်ဆန်းဆန် စိုက်ပျိုးထုတ်လုပ်မှုကလည်း ယခင်နှစ်ထက်များပါတယ်။ မနှစ်ကထက် စိုက်ဧကများသလို အထွက်နှုန်းလည်းများပါတယ်" ဟု ဦးအောင်သန်းဦးက ပြောကြားသည်။

“ ပြည်သူတွေစားနေတဲ့ ရွှေဘိုပေါ်ဆန်းဆန်က အခုဆို ၆၀၀၀၀ ကျော်သွားပြီ။ ပြည်သူအများစုစိုက်တဲ့ဆန်အမျိုးအစားတွေက ၂၅၀၀၀ လောက်ပဲရှိတာ။ဆိုတော့ ဈေးက ထက်ဝက်မကဘူဖြစ်နေတယ်။ တောင်သူတွေလည်းအဆင်မပြေဘူး၊ စားသုံးသူတွေလည်း အဆင်မပြေဘူး" ဟု ဆန်ကုန်သည်တစ်ဦးက ပြောကြားခဲ့သည်။

အရေးယူဆောင်ရွက်မှုများ

*******

ပြည်တွင်းစားသုံးသည့် ဆန်ချောဈေးဆွဲတင်သူများကို အရေးယူရန် ဆောင်ရွက်မည်ဟု မြန်မာနိုင်ငံ ဆန်ကုန်သည်အသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဦးက သြဂုတ် ၂၃ ရက်တွင် ပြုလုပ်သည့် ‘လတ် တလော ဖြစ်ပေါ်နေသော ဆန် ချောဈေးနှုန်းများကိစ္စ ဆွေးနွေး ပွဲ’တွင် ပြောကြားခဲ့သည်။

‘‘ဈေးကွက်တည်ငြိမ်အောင် အားလုံးဝိုင်းဝန်းကြိုးစားရမှာပါ။ ဒီထဲမှာတော့ တစ်ဦးတစ်ယောက်တည်းရဲ့ အကျိုးစီးပွားအတွက်လုပ်တာမျိုးကို ကျွန်တော်တို့က အမြဲမျက်ခြည်မပြတ် စောင့်ကြည့်နေမယ်။ သတင်းတပ်ဖွဲ့၊ စုံစမ်းစစ်ဆေးရေးဌာန အစရှိတဲ့ အဖွဲ့တွေကလည်း ဒီနေ့ပွဲကို တက်ပါတယ်။ ဒီအပေါ်မှာလည်း စုံစမ်းဖော်ထုတ်ဖိ့ုလိုပါတယ်။ ဘယ်သူတွေက အသံထွက်နေလဲဆိုတာလည်း စောင့်ကြည့်လေ့လာသွားမယ်ဆိုတာ သတင်းပေး ချင်ပါတယ်’’ဟု ဦးအောင်သန်းဦး က ပြောသည်။

ဈေးကွက်စီးပွားရေးစနစ်တွင် လွတ်လပ်စွာ ရောင်းဝယ်ခွင့်ရှိသော်လည်း ယင်းအချက်သည် ပြည်သူလူထု စားသုံးသူများ အပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်လာမည်ဆိုပါက သက်ဆိုင်ရာဥပဒေများအရ အရေးယူနိုင်ရန် ဆောင်ရွက်မည်ဟု ၎င်းကဆိုသည်။

‘‘သက်ဆိုင်ရာဌာနတွေ စသုံးလုံးတို့၊ ဘာတို့ကတော့ စုံစမ်းစစ်ဆေးတာတွေ လုပ်ရမှာပါ။ ဘယ်လိုအရေးယူရမလဲဆိုတာ သူတို့ဌာနက စုံစမ်းရမှာပါ။ လက်ရှိတော့ ဝန်ကြီးဌာနကို ဒီကိစ္စတင်ပြထားတာ မရှိသေးပါဘူး။ ဈေးကွက်ထဲမှာရှိတဲ့ ဈေးနှုန်းအတက်၊ အကျတွေကိုတော့ အမြဲမပျက်စောင့်ကြည့် လေ့လာနေတာရှိပါတယ်။ လိုရင် သက်ဆိုင်ရာအဖွဲ့တွေနဲ့ ခေါ်ယူညှိနှိုင်းဆွေးနွေးတာတွေလည်းရှိပါတယ်’’ ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ဆိုသည်။

ဆန်စက်တည်ထောင်သူများပြားလာ၍ ဆန်စက်ပိုင်ရှင်များက စပါးကုန်သည်များထံမှ ဈေးပိုပေး၍ စပါးကို အပြိုင်ဝယ်ယူလာခြင်း၊ ဆန်ကုန်သည်များထံ ဆန်စက်ပိုင်ရှင်များက ဈေးပိုပေးရန် တောင်းဆိုခြင်းတို့သည်လည်း ဆန်ဈေး၊ စပါးဈေးမြင့်တက်လာစေသည့် အချက်တစ်ချက်အဖြစ်ပါဝင်ကြောင်း ၎င်းကဆိုသည်။

စပါးဈေးလည်း ဈေးကစားမှုကြောင့် တစ်ဆထက် တက်လာပြီး စပါးပေါ်ချိန် တင်းတစ်ရာလျှင် ကျပ်ခြောက်သိန်းမှ ခုနစ်သိန်းကြား ပေါက်ဈေးရှိနေသည့် ပေါ်ကျွဲသည် လက်ရှိအချိန်တွင် ကျပ် ၁၂ သိန်း ပေါက်ဈေးရှိနေ သည်။ ပေါ်ဆန်းစပါး တင်းတစ်ရာလျှင် ကျပ်ကိုးသိန်းပေါက်ဈေးရှိရာမှ လက်ရှိတွင် ကျပ် ၁၄ သိန်း ပေါက်ဈေးရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးကုန်သည်အသင်း အတွင်းရေးမှူး ဦးအောင်မြင့်ကဆိုသည်။ လက်ရှိတွင် ယခင်နှစ် ကာလတူ ပြည်ပဆန်တင်ပို့မှုနှင့် နှိုင်းယှဉ်ပါက တန်ချိန် ငါးသိန်း လျော့နည်းနေပြီး ဆန်လက်ကျန် လည်း လုံလောက်စွာရှိကြောင်း ယခုနှစ်သြဂုတ်အတွင်း ဆန်ဈေးနှုန်းများ စံချိန်တင်မြင့်တက်ခဲ့ပြီး ထိန်းချုပ်နိုင်ရန် ပေါ်ဆန်းအစား အခြားဆန်များကို စားသုံးရန် တိုက်တွန်းကြောင်း ဆန်ကုန်သည်များက ပြောသည်။

‘‘ယခင်နှစ် သြဂုတ်လနဲ့ အခု သြဂုတ်လဈေးက အများကြီးကွာ တယ်။ အခုနှစ် ဇူလိုင်နဲ့ အခုဈေး ကို တွက်ရင်ကိုပဲ ဆန်ဈေးက ၂၀ ရာခိုင်နှုန်းလောက်ထိ မြင့်တက် သွားတယ်။ ဒါမျိုးက လုံးဝမဖြစ် သင့်ဘူး။ အခုနောက်ပိုင်း အရည် အသွေးကောင်းတဲ့ ဆန်တွေ အများကြီးစိုက်လာကြပါတယ်။ အဲဒါကြောင့် စားသုံးသူတွေက ဘယ်ဆန်စားစား အရည်အသွေး ပိုင်း အာမခံနိုင်တဲ့အတွက် ဆန် တစ်မျိုးတည်းနောက်ကို မလိုက် ဖို့ အရေးကြီးပါတယ်’’ဟု ဦးအောင်သန်းဦးက ပြောသည်။

မြန်မာနိုင်ငံ၏ နှစ်စဉ် ဆန်ထွက်ရှိမှုပမာဏမှာ တန်ချိန် ၁၄သန်းခန့်ဖြစ်ကြောင်း စိုက်ပျိုးရေး ဦးစီးဌာန စာရင်းများတွင်ဖော်ပြထားသည်။

Source: eleven media / 7day

Local News Read 463 times