စီးပွားရေးနှင့် ကုန်သွယ်မှုမြှင့်တင်ရန်၊ စီးပွားရေးပိတ်ဆို့မှုများ လျှော့ချရန်အတွက် အာဂျင်တီးနားနှင့် အင်ဒိုနီးရှားနိုင်ငံအခြေစိုက် Mercosur – ASEAN Chamber of Commerce (MACC) ရုံးခွဲများမှ ကိုယ်စားလှယ်များနဲ့ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) တို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့တယ်လို့ ယင်းအသင်းချုပ်မှ ပြောပါတယ်။
Mercosur – ASEAN Chamber of Commerce ရုံးခွဲများမှ ကိုယ်စားလှယ်များက မြန်မာနိုင်ငံနဲ့ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်ရန်အတွက် ကုန်သည်စက်မှုအသင်းချုပ်နှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲနှင့် စီးပွားရေးလုပ်ငန်းများ အကျိုးတူပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် မြန်မာလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ဧပြီလ ၅ ရက်နေ့က ကုန်သည်စက်မှုအသင်းချုပ်မှာ ပြုလုပ်ခဲ့ပါတယ်။
Mercosur သည် အာဂျင်တီးနား၊ ဘရာဇီး၊ ပါရာဂွေးနှင့် ဥရုဂွေးနိုင်ငံတို့ဖြင့် စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်များဆောင်ရွက်နိုင်ရန်အတွက် ဖွဲ့စည်းထားခြင်းဖြစ်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလာရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိတယ်လို့ ယင်းအသင်းချုပ်မှ ပြောပါတယ်။
နားလည်မှုစာချွန်လွှာကို MACC နှင့် UMFCCI တို့အကြား စီးပွားရေးသတင်းအချက်အလက်များ မျှဝေရန်၊ စီးပွားရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနှင့် ပေါ်လစီအချက်အလက်များဖလှယ်ရန်၊ စီးပွားရေးနှင့် ကုန်သွယ်မှုမြှင့်တင်ရန်၊ နည်းပညာများနှင့် သင်တန်းများဖလှယ်ရန် စတဲ့အချက်အလက်များ ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ် ရေးထိုးခြင်းဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောပါတယ်။
MACC မှ ကိုယ်စားလှယ်များက မြန်မာနိုင်ငံမှာ အလုပ်သမားရေးရာကဏ္ဍ၊ ဥပဒေရေးရာကဏ္ဍ၊ ခရီးသွားကဏ္ဍနှင့် ပညာရေးကဏ္ဍတို့မှာ ပူးပေါင်းဆောင်ရွက်လိုပြီး ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွေမှာလည်း အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ ပြောပါတယ်။
The Voice