၂၀၁၈ခုနှစ်တွင် မြန်မာနိုင်ငံအနေဖြင့် (AEC) တွင်စတင်ပါဝင်ကုန်သွယ်ခွင့်ရမည် ဖြစ်သဖြင့် လွတ်လပ်စွာကုန်သွယ်မှုကြောင့် အကျိုးအမြတ်များရရှိလာနိုင်သော်လည်း ပြည်တွင်းမှ လုပ်ငန်းရှင်များ၊ ပုဂ္ဂလိက လုပ်ငန်းအများစုအတွက် စိန်ခေါ်စရာများစွာရှိနေသည်။
AEC ၏ မျှော်မှန်းချက်
**************
အာဆီယံစီးပွားရေးအသိုက်အဝန်း၏ မျှော်မှန်းချက်များမှာ အာဆီယံကို တစ်ခုတည်းသော ဈေးကွက်နှင့်ထုတ်လုပ်မှုများ၏ အခြေခံဒေသဖြစ်ရန်၊ ယှဉ်ပြိုင်ထုတ်လုပ်ရောင်းချနိုင်စွမ်းမြင့်မားသည့် စီးပွားရေးဒေသဖြစ်ရန်၊ မျှတသည့်စီးပွားရေးဖွံ့ဖြိုးတိုး တက်မှု ဒေသဖြစ်ရန်၊ ကမ္ဘာ့စီးပွားရေးစနစ်တွင် အပြည့်အဝပါဝင်သောဒေသ ဖြစ်ရန်တို့ဖြစ် ကြောင်းသိရပါ သည်။ အာဆီယံစီးပွားရေးအသိုက်အဝန်းတွင် အာဆီယံနိုင်ငံအဖွဲ့ဝင်သစ်များဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ် (CLMV) တို့ကို အထူးအခွင့်အရေးပေးသည့် အနေဖြင့် ၂၀၁၈ခုနှစ်အထိ လိုက်နာ အကောင်အထည်ဖော်ရမယ့် တာဝန်များကို ရွှေ့ဆိုင်းပေးခဲ့ခြင်းဖြစ်သည်။
ပြည်တွင်း စီးပွားရေးလုပ်ငန်းများ၏ အခြေအနေ
**********************************
နိုင်ငံတွင်း စီးပွားရေးလုပ်ငန်းများကို သုံးသပ်ရလျှင် အထူးသဖြင့် လယ်ယာစီးပွားအခြေခံ စီးပွားရေးလုပ်ငန်းများမှာ အများစု ဖြစ်ကြပြီး ပြည်တွင်းပြည်ပကုန်သွယ်မှုတွင်လည်း စိုက်ပျိုးရေးထွက်ကုန်များကိုသာ ပို့ကုန်ကဏ္ဍတွက် အဓိကအားပြုလုပ် ဆောင်နေ ခြင်းဖြစ်သည်။ ထို့အတွက်ကြောင့် လယ်ယာစိုက်ပျိုးရေးအခြေခံ စီးပွားရေးလုပ်ငန်းများဖြင့်သာ ဖြစ်ပေါ်လာမည့် လွတ်လပ်သော ဈေးကွက်တွင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
သို့သော် အဓိကပို့ကုန်များဖြစ်သည့် ဆန်စပါး၊ ပဲ၊ ပြောင်းကဏ္ဍများ၏အခြေအနေကိုကြည့်လျှင် အရည်အသွေးနှင့်အရေအတွက် နည်းပါးခြင်းတို့ကြောင့် ဈေးကွက်ကောင်းတွင် ယှဉ်ပြိုင်နိုင်ခြင်းမရှိသကဲ့သို့၊ ပဲမျိုးစုံကဏ္ဍမှာလည်း အိန္ဒိယမှ ဝယ်ယူခြင်းမရှိသဖြင့် အကျပ်ရိုက်ကာ လတ်တလောအစားထိုးတင်ပို့နိုင်ရန် ဈေးကွက်အဆင့်သင့်မရှိသဖြင့် ပဲသီးနှံစိုက် တောင်သူများအတွက် အခက်အခဲများနှင့် ရင်ဆိုင်ရတော့သည်။ အစားထိုးသီးနှံသီးနှံများ စိုက်ပျိုးရန်ဟု ဆော်သြနေကြသော်လည်း တောင်သူများနှင့် သီးနှံ တသားတည်းကျမှုမရှိသေးခြင်းနှင့် မည်သည့်သီးနှံက ဈေးကွက်ဝင်နိုင်သည်ဆိုသည့်အခက်အခဲများ ရှိနေပေသေးသည်။
ဟင်းသီးဟင်းရွက် သစ်သီးဝလံကဏ္ဍတွင်လည်း ပြည်တွင်း၏ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်ထက်ပိုမိုသက်သာသော၊ အရည်အသွေး၊ အရေအတွက်အားဖြင့်မယှဉ်နိုင်သည့် ပြည်ပစိုက်ပျိုးသီးနှံများမှာ ပြည် တွင်းဈေးကွက်သို့ လွှမ်းမိုးကြီးစိုး ထားသည့်အတွက် ပြည်တွင်းစိုက်ပျိုးသီးနှံထွက်ကုန်များ၏ အခြေအနေမှာ ရေရှည်တွင်အလား အလာမကောင်းနိုင်သည့် အခြေအနေတွင်ဖြစ်သည်။
ထို့ပြင် စိုက်ပျိုးထုတ်လုပ်မှုနှင့်ဆက်နွယ်နေသည့် ကုန်ထုတ်လုပ်ငန်းများ၏ လုပ်ကိုင်မှုများတွင်လည်း နည်းပညာ၊ စက်ကိရိ ယာ၊ စံချိန်စံညွှန်းများ၏ အားနည်းချက်များကြောင့် ပြည်ပနိုင်ငံမှ ကုန်စည်များနှင့်ယှဉ်လျှင် ဈေးကောင်းမရနိုင်သည့်မှာလည်း အားလုံးအသိပင်ဖြစ်ပြီး ဖိနပ်၊ အဝတ်အစား၊ အသုံးအဆောင်စသည့် ပစ္စည်းတိုင်းသည် ပြည်ပမှ တင်သွင်းလာသည့် ပစ္စည်းများ ဖြင့် ယှဉ်ပြိုင်နိုင်စွမ်းမရှိသဖြင့် ဈေးကွက်တွင်ကုန်ပစ္စည်းတော်တော်များများမှာ ပြည်တွင်းဖြစ်၏ အခန်းကဏ္ဍသည် မှေးမှိန်နေသည့်အတွက် အာဆီယံစီးပွားရေးအသိုက်အဝန်းပြည့်ပြည့်၀၀အကောင်အထည်မပေါ်မီပင် ပြည်တွင်း၏ထုတ်လုပ်နိုင် မှု စွမ်းအားများကို ခြိမ်းခြောက်နေသည့် အခြေအနေများပင်ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် အာဆီယံစီးပွားရေးအသိုက်အဝန်း (AEC) ယန္တရားမောင်းနှင်လည်ပတ်မှုတွင် နိုင်ငံပိုင်များသည် လည်း ကောင်း၊ အစိုးရထိန်းချုပ်စီးပွားရေးလုပ်ငန်းများ၊ ပုဂ္ဂလိကထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများ အားလုံးပါဝင်ပတ်သက်ကြရ တော့မည်ဖြစ်သည်။ ယင်းကြောင့် ပြည်ပကုန်သွယ်ရေးသာမက ပြည်တွင်းစီးပွားကုန်သွယ်မှုနှင့် ဈေးကွက်များကိုပါ ယခု ထက်ပို၍တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ဧကန်မုချ သက်ရောက်လာမည်ဖြစ်သည်။
ကုန်သွယ်ရေးအလားအလာကောင်းများ
*****************************
တစ်ဖက်တွင် အလားအလာများအနေဖြင့် မြန်မာနိုင်ငံသည် အိန္ဒိယ၊ တရုတ်စသည့်နိုင်ငံများသို့ နယ်စပ်ဒေသမှ ကုန်စည်များ တင်ပို့နိုင်မည့် အခွင့်အလမ်းရှိနေပြီး၊ ၂၀၁၅ခုနှစ် အာဆီယံစီးပွားရေး အသိုင်းအဝိုင်း၏ ရလဒ်အဖြစ် အာဆီယံနိုင်ငံအချင်း ချင်းပိုမိုကုန်သွယ်ကြ မည်ဟုမျှော်မှန်းထားသော်လည်း လက်ရှိ အချိန်ကာလအထိ အာဆီယံကုန်သွယ်ရေး၏ ၇၅ရာခိုင်နှုန်းသည် အာဆီယံအဖွဲ့ဝင် မဟုတ်သောနိုင်ငံများနှင့် ကုန်သွယ်နေသည့်အတွက် ၁၆ နိုင်ငံပါဝင်သည့် ဒေသဆိုင်ရာဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership- RCEP) ကို ဆက်လက်အကောင် အထည်ဖော်နိုင်ရန်အာရုံစိုက်နေကြောင်း lowy institute တွင်ဖော်ပြပါရှိသည်။ အာဆီယံ ၁၀နိုင်ငံအပြင် သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်နှင့် တောင်ကိုရီးယားစသည့် နိုင်ငံတို့ပါဝင်သွားမည်ဟုလည်းသိရသည်။
ပြုပြင်ပြောင်းလဲသင့်သည့် အခန်းကဏ္ဍ
*****************************
စီးပွားရေးပညာရှင်အများစုမှ သုံးသပ်ထားသည့်အတိုင်း ရေရှည်တွင် ဈေးကွက်စီးဆင်းလည်ပတ်မှုကောင်းမွန်နိုင်သော်လည်း ရေတိုတွင် အသေးစား၊ အလတ်စားလုပ်ငန်းများ၊ အထူးသဖြင့် အသေးစားတောင်သူလယ်သမားငယ်များထိခိုက်နစ်နာနိုင်မည်ပဲဖြစ် သည်။ ပြည်တွင်း၏ စီးပွားရေးအခြေအနေများမှာလည်း နှစ်ပေါင်းများစွာခေတ်နောက်ကျခဲ့သည့်အတွက် ဈေးကွက်စီးပွားရေး စနစ်တွင် အဆင်သင့်ဖြစ်မနေသည့် အစီအမံများ၊ လုပ်ထုံးလုပ်နည်းများကလည်း ယှဉ်ပြိုင်နိုင်ရန်အတွက် အဟန့်အတားဖြစ်နေ မည်ဟုလည်း စိုးရိမ်ပူပန်မှုများရှိနေကြသည်။
ကမ္ဘာ့ဘဏ်မှ ၂၀၁၈ခုနှစ်၊ မေလ ၁၇ရက်နေ့တွင်ထုတ်ပြန်သည့် အစီရင်ခံစာအရ မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု သည် မရေရာမှုများကြားမှ ဖွံ့ဖြိုးလာရန်လမ်းစများရှိနေကြောင်းဖော်ပြထားသည်။ စိန်ခေါ်မှုများအတွက် အကောင်းဘက်သို့ဦးတည် သည့် စီးပွားရေးဖွံ့ဖြိုးမှုအရှိန် ဆက်လက်ထိန်းသိမ်းနိုင်ရန် ဦးစားပေးဆောင်ရွက်သင့်သည်မှာ အစိုးရကဏ္ဍသုံးစွဲမှုများနှင့် ပုဂ္ဂလိကကဏ္ဍစီးပွားရေးလုပ်ငန်းများအားတည်ငြိမ်သည့် မေခရိုစီးပွားေးရးအခြေအနေ၊ ခိုင်မာအားကောင်းသည့် မူဝါဒများဖြင့် အားပေးထောက်ကူပြုရန်လိုအပ်မည်ဖြစ်ကြောင်းဖော်ပြထားသည်။
ယင်းအပြင် ပို့ကုန်ပိုင်းဆိုင်ရာတွင်လည်း တင်ပို့မည့်ကုန်စည်အမျိုးအစားများကို စနစ်တကျမဟာဗျူဟာရေးဆွဲ၍ အောက်ခြေမှစကာ တင်ပို့နိုင်သည့်အဆင့်အထိ ပြည်ပနိုင်ငံများနှင့်ယှဉ်ပြိုင်နိုင်စွမ်းရှိသော ကုန်စည်များအဖြစ် ထိရောက်စွာဆောင်ရွက်နိုင် ခြင်းမရှိသည်တို့မှာလည်း ပြုပြင်ပြောင်းလဲရမည့် အဓိကအားနည်းချက်ပင်ဖြစ်သည်။လယ်ယာစီးပွားအခြေခံသည့် နိုင်ငံဖြစ် သော်လည်း စိုက်ပျိုးသီးနှံတိုင်း၏ ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက်တွင် အားနည်းချက်များရှိနေသည့်အတွက် ဟာကွက်များကို တစ်ပြိုင်နက်တည်း ခဏတွင်းမှာပင် ပြည့်မီသွားစေရန် ဆောင်ရွက်နိုင်ခြင်းမရှိသည့်အချက်မှာလည်း ကြီးမားသည့် စိန်ခေါ်မှုများပင်ဖြစ်သည်။
ဖြေရှင်းနိုင်မည့် နည်းလမ်းတစ်ခုဖြစ်သော ပြင်ပရင်းနှီးမြှုပ်နှံမှုများဖြင့် ဖြည့်ဆည်းလုပ်ဆောင်မည့် နည်းလမ်းမှာလည်း ပြည်တွင်း၏ အခြေခံအဆောက်အအုံမပြည့်စုံခြင်း၊ အလုပ်သမားအရည်အသွေးမပြည့်မဝခြင်း၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၏ ခိုင်မာမှုအားနည်းခြင်းနှင့် လုပ်ငန်းများတွင် ကြုံတွေ့လာနိုင်သည့် စိန်ခေါ်မှုများအတွက် အကာအကွယ်ပေးစေမည့် အာမခံလုပ်ငန်းကဲ့သို့သောလုပ်ငန်းများအပါအဝင် ဆုံးရှုံးနစ်နာမှုကို ပြန်လည်ဖြည့်ဆည်းနိုင်မည့် အစီအစဉ်များအား နည်းခြင်းတို့ကြောင့် ရင်းနှီးမြှုုပ်နှံမှုများမှာ ထင်သလောက်ဝင်ရောက်မှုနည်းပါးနေခြင်းတို့၏ အကြောင်းရင်းခံများဖြစ်ကြသည်။
အာဆီယံ၏ ကုန်သွယ်မှုနှင့်ဂျီဒီပီအချိုး (Trade-to-GDP) သည် သုံးချိုးတစ်ချိုးအဖြစ်ရှိနေပြီး၊ အာဆီယံကုန်သွယ်မှု တိုးတက်ရ ခြင်းမှာ အာဆီယံသည် နယ်စပ်ဖြန်ကျော်ကူးသန်းရောင်းဝယ်မှုကို ပိုမိုအဆင်ပြေချောမွေ့အောင်ဆောင်ရွက်နိုင်ခြင်းကြောင့် ဖြစ်ကြောင်းသိရသည်။အထက်တွင် တင်ပြသကဲ့သို့ မြန်မာနိုင်ငံအနေဖြင့် ဈေးကွက်တွင်ယှဉ်ပြိုင်နိုင်စွမ်းမရှိသည့် ပြဿနာရပ်များရှိသော်လည်း (RCEP) ကဲ့သို့ပူးပေါင်းဆောင်ရွက်မှုများရှိလာပါက အိမ်နီးချင်းနိုင်ငံများ၏ ဈေးကွက်အခွင့်အလမ်းမှာ မြန်မာနိုင်ငံ၏ လက်တစ်ကမ်းတွင်ရှိနေသည့်အတွက် အားနည်းချက်များရှိသော်လည်း အားသာချက်များကို မိမိရရကိုင်တွယ်လုပ်ဆောင်နိုင်ရန် အစိုးရအနေဖြင့် ဥပဒေ၊ မူဝါဒ၊ ပေါ်လစီကဲ့သို့သော အခြေအနေကောင်းများဖန်တီးပေးပြီး လုပ်ငန်းရှင်များအနေဖြင့်လည်း ပါးပါးနပ်နပ်ဖြင့်အခွင့်အရေးကောင်းများ ဖန်တီးဆောင်ရွက်သင့်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
myanmar harp