အာဆီယံ ထုတ်လုပ်ရေးကဏ္ဍသည် ဇွန်လအတွင်း အကျဘက်ကို ပြန်လျှောဆင်းသွား


02 July, 2021

အာဆီယံ ထုတ်လုပ်ရေးကဏ္ဍသည် ဇွန်လအတွင်း အကျဘက်ကို ပြန်လျှောဆင်းသွားခဲ့သည်ဟု  IHS Markit ၏ PMI™လစဉ်အစီရင်ခံစာတွင် ဖော်ပြထားသည်။


အဓိက တွေ့ရှိချက်များ

  • ထုတ်လုပ်မှုမှာ၂၀၂၀ ပြည့်နှစ် ဇူလိုင်မှစပြီး အများဆုံး ကျဆင်းသွားခြင်း
  • အော်ဒါအသစ်များ အသစ်တဖန် ကျလာပြန်ခြင်း
  • လုပ်ငန်းများ၏ ယုံကြည်မှုမှာ ဆယ်လအတွင်း အနိမ့်ဆုံးသို့ ထိုးကျသွားခြင်း

ဒေတာကို ၂၀၂၁ ခုနှစ် ဇွန်လ ၁၁-၂၄ ရက်များတွင် စုစည်းခဲ့သည်။


IHS Markit ဝယ်ယူရေး မန်နေဂျာများ၏ အညွှန်းကိန်း (PMI™) နောက်ဆုံး ဒေတာအရအာဆီယံ ထုတ်လုပ်မှုသည် ဇွန်လတွင် ကျဆင်းမှုဘက်သို့ ဦးတည်သွားပြန်သည်။
ထုတ်လုပ်မှုရော အော်ဒါ အသစ်များပါ လေးလအတွင်း ပထမအကြိမ် ကျဆင်းလာခဲ့ရာ စက်မှု ထုတ်လုပ်မှု ကျဆင်းနှုန်းမှာ တစ်နှစ်နီးပါးတွင် အများဆုံး ဖြစ်ခဲ့သည်။ သို့ဖြစ်၍ လာမည့် ၁၂ လ အကြာတွင် ထုတ်လုပ်မှုနှင့် ပတ်သက်ပြီး ကုမ္ပဏီများ ပြသကြသည့် အကောင်းမြင်မှု အဆင့်မှာ နိမ့်ကျသွားသည်။
အဓိကအကျဆုံး PMI အညွှန်းကိန်းသည် မေလ၏ ၅၁.၈ မှ ဇွန်လတွင် ကြားနေအမှတ် ၅၀.ဝ အောက် ၄၉.၀ တွင် မှတ်တမ်း တင်ခဲ့သည်။ ၎င်းက ကဏ္ဍ၏ အခြေအနေ ဖေဖေါ်ဝါရီလမှစပြီး ပထမအကြိမ် ဆုတ်ယုတ်လာမှုကို အချက်ပြနေသော်လည်း အနည်းအကျဉ်းမျှသာဖြစ်သည်။

ဇွန်လတွင် အသစ်တဖန် အကျဘက် ဦးလှည့်ခဲ့ခြင်းမှာ အာဆီယံအဖွဲ့ဝင် ခုနစ်နိုင်ငံအနက် ငါးနိုင်ငံထဲက ကျဆင်းမှုများကြောင့်ဖြစ်သည်။ 
အထင်ရှားဆုံး ဆုတ်ယုတ်မှုကို အဓိကအကျဆုံး အညွှန်းကိန်း မေလ၏ ၅၁.၃ မှ ဇွန်လတွင် ၃၉.၉ သို့ ထိုးကျသွားခဲ့သည့် မလေးရှားနိုင်ငံမှာ မြင်ခဲ့ရပြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေး အစီအစဉ်များ တင်းကျပ်လာမှုကို ထင်ဟပ်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင်ပါ ဇွန်လတွင် မြန်ဆန်စွာ ကျဆင်းမှုကို မြင်ခဲ့ကြရသည်။ စက်မှုကဏ္ဍထဲက အစိတ်အပိုင်းအချို့ ပြန်ဖွင့်လာကြ၍ PMI မှာ ငါးလအတွင်း အမြင့်ဆုံး ဖြစ်လာသော်လည်း စစ်တမ်း သမိုင်းထဲတွင် အနိမ့်ဆုံး တစ်ခု ဖြစ်နေဆဲဖြစ်သည်။
အခြားနိုင်ငံများအနက် ဗီယက်နမ်နှင့် စင်ကာပူ နှစ်နိုင်ငံစလုံးမှာ သက်ဆိုင်ရာ စက်မှုကဏ္ဍများက အသစ်တဖန် ဆုတ်ယုတ်မှုကို မှတ်တမ်းတင်ခဲ့ကြသည်။ ဗီယက်နမ်၏ အဓိကအကျဆုံး အညွှန်းကိန်း (၄၄.၁) က ၂၀၂၀ ခုနှစ် မေလမှစပြီး အပြင်းထန်ဆုံး ကျဆင်းမှုကို ထောက်ပြလိုက်ပြီး စင်ကာပူ၏ PMI ကိန်းဂဏန်း (၄၆.၅) ကမူ ဆယ်လအတွင်း အားအကောင်းဆုံး ကျဆင်းမှုကို ညွှန်ပြနေသည်။
ထိုင်းနိုင်ငံ၏ ထုတ်လုပ်ရေး ကဏ္ဍကမူ ဇွန်လတွင် ဆက်လက်ကျဆင်းမှုကို ထောက်ပြနေသည်။ PMI (၄၉.၅) မှာ ယခုလတွင် သိသာစွာ မြင့်တက်လာခဲ့ခြင်းက ဒသမဂဏန်းမျှ ကျဆင်းမှုကို အချက်ပြနေကာ ကဏ္ဍ၏ အခြေအနေမှာ တည်ငြိမ်မှုဆီ ချဉ်းကပ်နေပါသည်။
ဇွန်လတွင် ဖိလစ်ပိုင်နိုင်ငံမှ အဓိကအကျဆုံး PMI ကို သုံးလအတွင်းမှာ ကြားနေအမှတ် ၅၀.၀ အထက်တွင် ပထမအကြိမ် မှတ်ပုံတင်လိုက်ကြောင်း သတင်းကောင်းများ ကြားသိလာရသည်။ 
သို့သော်လည်း ၅၀.၈ တွင် ရှိနေသော အညွှန်းကိန်းမှာ အသင့်အတင့် ဦးမော့မှုကိုသာ အချက်ပြနေသည်။
အင်ဒိုနီးရှားနိုင်ငံကပါ ဇွန်လတွင် တိုးတက်မှုကို ပြသနေရာ လက်ရှိ တိုးတက်မှုအစဉ်ကို ရှစ်လသို့ ဆွဲဆန့်လိုက်သည်။ အဓိကအကျဆုံးPMI (၅၃.၅) က မေလထက် နိမ့်ကျသွားသော်လည်း ခြုံပြောရလျှင် ခိုင်မာသည့် တိုးတက်မှုကို ညွှန်ပြနေသည်။

 

အာဆီယံထုတ်လုပ်မှု ကဏ္ဍ အသစ်တဖန် ကျဆင်းလာမှုအတွက် အဓိကအကြောင်းရင်းမှာ ဇွန်လတွင် ထုတ်လုပ်မှုရော အော်ဒါသစ်များပါ ထပ်ပြီး ကျလာမှုဖြစ်သည်။
ထုတ်လုပ်မှု ကျဆင်းလာမှုမှာ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လမှစပြီး အများဆုံး ဖြစ်ခဲ့ပြီး အသင့်အတင့် ရှိနေချိန်မှာ ရရှိခဲ့သည့် စုစုပေါင်း အော်ဒါသစ်များ၏ ကျဆင်းမှုနှုန်းမှာမူ ကိုးလအတွင်းမှာ အများဆုံး ဖြစ်လာရာ ပြည်ပမှ ဝယ်လိုအား အသစ်တဖန် ကျဆင်းလာမှုကြောင့်လည်း ဖြစ်ပါသည်။
ကုမ္ပဏီများက လာမည့် ၁၂ လအတွင်း ထုတ်လုပ်မှုနှင့် ပတ်သက်၍ အကောင်းပိုမြင်လာကြသော်လည်း အကောင်းမြင်စိတ် အဆင့်အတန်းမှာမူ
အသင့်အတင့်မျှဖြစ်ကာ လွန်ခဲ့သည့် သြဂုတ်လမှစပြီး အားအနည်းဆုံးဖြစ်သည်။
ဤအတောအတွင်း အာဆီယံ ကုန်စည်ထုတ်လုပ်သူတို့က သူတို့၏ ဝယ်ယူမှုများကို ဖေဖေါ်ဝါရီလမှစပြီး ပထမဆုံးအကြိမ် လျှော့ချခဲ့ကြသည်။ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလမှစပြီး အနက်ရှိုင်းဆုံး ထိုးကျမှုဖြစ်သည်။ ဇွန်လတွင် ထုတ်လုပ်မှုအကြို လက်ကျန် စာရင်းများပါ နိမ့်ကျသွားရာ ၂၅ လ ကြာမြင့်လာပြီဖြစ်သော လက်ရှိ ကျဆင်းမှု အစဉ်ထဲတွင် အများဆုံးနှင့် အပြင်းထန်ဆုံး နှုန်းမျိုးဖြစ်သည်။
တချိန်တည်းမှာ ပျမ်းမျှ ပစ္စည်းပေးသွင်းမှု အချိန်များမှာ အသစ်တဖန် ပိုကြာလာခဲ့ပြီး ရာသီအလိုက် ညှိထားသည့် သက်ဆိုင်ရာ အညွှန်းကိန်းမှာ မေလထက် အနည်းငယ်မျှ ပြောင်းလာခဲ့ကာ ၂၀၂၀ ပြည့်နှစ် မေလမှစပြီး ဒုတိယ အပြင်းထန်ဆုံး ကြန့်ကြာမှုအဖြစ် ထောက်ပြရပါမည်။
ဇွန်လဒေတာက ကုန်ထုတ်စွမ်းအားများအပေါ် ဖိစီးမှုများ နည်းလာမှုကိုပါ ညွှန်ပြနေသည်။
မပြီးဘဲ ကျန်ရစ်ခဲ့သည့် အလုပ်များမှာ အဓိအားဖြင့် တည်ငြိမ်နေခဲ့ပြီး သုံးလကြာ စုစည်းမှုကာလကို ဆက်လိုက်ကာ ကုမ္ပဏီများက ဝန်ထမ်းဦးရေကို သင့်တင့်သည့် နှုန်းဖြင့် ဆက်ပြီး ဖြတ်တောက်လာခဲ့ကြသည်။
ဈေးနှုန်းများကို လေ့လာကြည့်လျှင် ထုတ်လုပ်မှု စရိတ်များမှာ ဇွန်လတွင် ရှေ့ဆက်ပြီး ထိုးတက်သွားသည်။ 
ငွေကြေးဖောင်းပွမှု နှုန်းမှာ လေးလအတွင်း အနိမ့်ဆုံးသို့ အားပျော့သွားခဲ့သည့်တိုင်အောင် အရှိန်ကောင်းနေဆဲဖြစ်သည်။ သို့ဖြစ်၍ ပျမ်းမျှရောင်းဈေးများပါ ရှေ့ဆက် မြင့်တက်ခဲ့ပြန်သည်။ တိုးတက်မှု နှုန်းမှာ ခိုင်မာလှပြီး စစ်တမ်း၏ ရေရှည် ပျမ်းမျှထက် မြင့်ပါသည်။

 

ပုံ

 

သုံးသပ်ချက်
"နောက်ဆုံး စစ်တမ်း ရလဒ်များကို သုံးသပ် ဖေါ်ပြရာတွင်၊ IHS Markit မှ စီးပွားရေး ပညာရှင် Lewis Cooper ပြောကြားခဲ့သည်မှာ-
"အာဆီယံ ထုတ်လုပ်မှုကဏ္ဍသည် ဇွန်လအတွင်း ထုတ်လုပ်မှုရော အော်ဒါသစ်များပါ အသစ်တဖန် ကျဆင်းလာခဲ့သောကြောင့် အကျဘက်သို့ လျှောဆင်းသွားပြန်သည်။
ကဏ္ဍ၏ ဆုတ်ယုတ်မှုနှုန်းမှာ အနည်းငယ်မျှသာ ဖြစ်ခဲ့သော်လည်း လွန်ခဲ့သည့် အောက်တိုဘာမှစပြီး အများဆုံး တစ်ခုဖြစ်သည်။
"သို့ဖြစ်၍ လုပ်ငန်းဆိုင်ရာ ယုံကြည်မှုမှာ ရှေ့ဆက်ပြီး အသင့်အတင့်ဖြစ်လာကာ အကောင်းမြင်မှု အဆင့်အတန်းမှာမူ လွန်ခဲ့သည့် သြဂုတ်လမှစပြီး အနိမ့်ဆုံး တစ်ခုဖြစ်သည်။
"နိုင်ငံများအလိုက် ခြားနားမှုများ သိသာလှပြီး အကျဘက် လျှောဆင်းမှု၏ အဓိကမောင်းနှင်အားမှာ မလေးရှားနှင့် မြန်မာနိုင်ငံများထဲက ထင်ရှားသည့် ကျဆင်းမှုများဖြစ်ပြီး မလေးရှားနိုင်ငံထဲတွင် ကိုဗစ်-၁၉ တင်းကျပ်မှုများ တိုးချမှတ်လာရ၍ လွန်ခဲ့သည့် နှစ်လအတွင်း တိုးတက်မှုမှနေပြီး အကျဘက် ဦးလှည့်မှုကို မြင်လာရသည်။
"အခြေအနေများကို ပြန်ပြီး ထိန်းချုပ်လာနိုင်သည်နှင့်အမှ ဒေသတစ်ဝန်းမှာ လော့ဒေါင်း အစီအစဉ်များကို ဖြေလျော့ပေးလာနိုင်လျှင် ကျွန်ုပ်တို့သည် ထုတ်လုပ်မှုကဏ္ဍထဲတွင် နာလန်ပြန်ထူရေး လှုပ်ရှားမှုများကို ပြန်ပြီး တွေ့မြင်ကြရဖွယ် ရှိသော်လည်း ၂၀၂၀ ပြည့်နှစ်ထဲတွင် ကူးစက်မြန် ကပ်ရောဂါကြောင့် ဆုံးရှုံးခဲ့ကြရသည့် ခြေကုပ် အများအပြားကို ပြန်ပြီး ရယူရန် အားထုတ်ဖို့ လိုအပ်နေပါသေးသည်"

တွက်ချက်နည်း
IHS Markit အာဆီယံ ထုတ်လုပ်မှု PMI™ ကို အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံများမှ ထုတ်လုပ်သူ ၂,၁၀၀ ခန့်ပါဝင်သည့် အဖွဲ့များမှ ထည့်ကုန်ဝယ်ယူရေး မန်နေဂျာများထံ ပို့ပေးခဲ့သည့် မေးခွန်းလွှာများအတွက် ရရှိသည့် ဖြေကြားချက်မျာှေေ အပေါ်အခြေခံပြီး IHS Markit မှ တွက်ချက် ပါသည်။ ယင်းနိုင်ငံများသည် အာဆီယံထုတ်လုပ်သူများ၏ ထပ်တိုး တန်ဖိုး ၉၈% ကို ထုတ်လုပ် ပေးကြပါသည်*။ မေးမြန်းရန် ရွေးချယ်ခံရသူများကို GDP အားထောက်ပံ့မှုအပေါ် အခြေခံပြီး အသေးစိတ်ကဏ္ဍနှင့် လုပ်သားအင်အား ပမာဏ အမျိုးမျိုး ပါဝင်အောင် ရွေးခဲ့ပါသည်။
စစ်တမ်းအတွက် ဖြေကြားချက်များကို လစဉ် ဒုတိယ လဝက်ပိုင်းမှာ ကောက်ခံခြင်းဖြစ်ပြီး ယခင်လနှင့်နှိုင်းယှဉ်ပြီးပြောင်းလဲမှုကိုညွှန်ပြပါသည်။ စစ်တမ်း၏ ကိန်းရှင်တိုင်း အတွက် ပျံ့နံှ့မှု အညွှန်းကို တွက်ချက်ပါသည်။ အညွှန်းမှာ ‘ပိုမြင့်သည့်’ ဖြေကြားချက်များ၏ရာခိုင်နှုန်းနှင့် ‘အပြောင်းအလဲမရှိ’ဟု ဖြေခဲ့ကြသူတို့၏ ရာခိုင်နှုန်း တစ်ဝက်ကို စုပေါင်းမှု ဖြစ်ပါသည်။ အညွှန်းများမှာ ၀ နှင့် ၁၀၀ အကြားရှိနိုင်ပြီး ၅၀ အထက်တွင် ရှိနေပါက ခြုံပြောရလျှင် ယခင်လထက် တိုးတက်မှုကို ပြပြီး၊ ၅၀ အောက် ဆိုပါက ခြုံကြည့်လျှင် ကျဆင်းမှုကိုညွှန်ပြ ပါသည်။
ယင်းနောက်မှာ အညွှန်းများကို ရာသီအလိုက် ညှိပေးရပါသည်။ အာဆီယံ အညွှန်းများကို တစ်နိုင်ငံစီ၏ အညွှန်းများအားချိန်ဆလျက် စုပေါင်း တွက်ယူပါသည်။ နိုင်ငံများအလိုက် ချိန်ဆမှုကို နှစ်စဉ် ထုတ်လုပ်မှု ထပ်တိုးတန်ဖိုးမှ တွက်ယူပါသည်*။အဓိကအကျဆုံး ကိန်းဂဏန်းမှာ ထည့်ကုန်ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်း Purchasing Managers’ Index™ (PMI)ဖြစ်ပါသည်။
PMI မှာ အောက်ပါ အညွှန်း ငါးခုတို့၏ ချိန်ဆတွက်ထားသည့် ပျမ်းမျှဂဏန်း ဖြစ်သည်-

  • အော်ဒါသစ်များ (၃၀%)၊
  • ထုတ်လုပ်မှု (၂၅%)၊
  • အလုပ်နေရာ (၂၀%)၊
  • ပစ္စည်းပေးသွင်းသူတို့၏ ပေးသွင်းမှု ကြာမြင့်ချိန်များ (၁၅%) နှင့်
  • သိုလှောင်ထားသည့်ထည့်ကုန်များ (၁၀%)

PMI ကို တွက်ချက်နိုင်ရန် ပစ္စည်းပေးသွင်းသူတို့၏ ပေးသွင်းမှု ကြာမြင့်ချိန်များ အညွှန်းကို အခြား အညွှန်းများနှင့် ယှဉ်ရနိုင်အောင် ဦးတည်ချက်ကို ပြောင်းပေးထားပါသည်။ကောက်ယူထားသည့် စစ်တမ်း ဒေတာကို ထုတ်ပြန်မှု နောက်ပိုင်းတွင် ပြန်လည် ပြင်ဆင်ခြင်း မရှိသော်လည်း ရာသီအလိုက်ညှိပေးရမည့် အချက်များကိုမူ အချိန်အခါအလိုက် ညှိပေးနိုင်သောကြောင့် ရာသီအလိုက်ညှိထားသည့် စစ်တမ်း ဒေတာများအပေါ်သက်ရောက်မှု ရှိနိုင်ပါသည်။ဒေတာကို ၂၀၂၁ ခုနှစ် မေလ ၁၁-၂၄ ရက်များတွင် စုစည်းခဲ့သည်။


IHS Markit အကြောင်း
IHS Markit (NYSE: INFO) သည် နိုင်ငံတကာ စီးပွားရေးများကို မောင်းနှင်ပေးကြသည့် အဓိက စက်မှုလုပ်ငန်းများနှင့်ဈေးကွက်များဆိုင်ရာ အရေးပါသည့် အချက်အလက်များ၊ ဆန်းစစ်ချက်များနှင့် ဖြေရှင်းနည်းများ အတွက် ကမ္ဘာ့ထိပ်သီး ကုမ္ပဏီဖြစ်ပါသည်။ မိမိတို့၏ ကုမ္ပဏီသည် မျိုးဆက်သစ် အချက်အလက်များ၊ ဆန်းစစ်ချက်များနှင့် ဖြေရှင်းနည်းများကို စီးပွားရေးလုပ်ငန်းများ၊ ဘဏ္ဍာရေးနှင့် အစိုးရများရှိ သုံးစွဲသူများထံသို့ ပို့ပေးပြီး ၎င်းတို့၏ လုပ်ကိုင်နိုင်စွမ်းကို မြှင့်တင်ပေးလျက် ပြည့်စုံစိတ်ချရသည့် ဆုံးဖြတ်ချက်များ ချမှတ်စေနိုင်ရန် နက်ရှိုင်းသည့် အတွင်းသဘောများကို တင်ပြပေးပါသည်။ IHS Markit ထံတွင်စီးပွားရေး လုပ်ငန်းများနှင့် အစိုးရအဖွဲ့များမှ သုံးစွဲသူ ၅၀,၀၀၀ ကျော် ရှိရာ Fortune Global 500 မှ ၈၀ ရာခိုင်နှုန်းနှင့် နိုင်ငံတကာထိပ်သီး ဘဏ္ဍာရေး အဖွဲ့အစည်းများ ပါဝင်ကြပါသည်။
IHS Markit မှာ IHS Markit Ltd. နှင့်/သို့မဟုတ် ၎င်းနှင့်ဆက်နွှယ်မှုရှိသည့် အဖွဲ့အစည်များ၏ မှတ်ပုံတင်ထားသည့် အမှတ်တံဆိပ် ဖြစ်ပါသည်။ အခြား ကုမ္ပဏီများနှင့် ထုတ်ကုန် အမည်များ အားလုံးတို့သည် သက်ဆိုင်ရာ ပိုင်ရှင်များ၏ အမှတ်တံဆိပ်များ ဖြစ်နိုင်ပါသည်။ © 2021 IHS Markit Ltd. မူပိုင်ခွင့်များ အားလုံးကို ထိန်းချုပ်ထားသည်။

PMI အကြောင်း
ထည့်ကုန်ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်း (PMI™) စစ်တမ်းများကို ယခုအခါ နိုင်ငံပေါင်း ၄၀ ကျော်အပြင် ယူရိုဇုန်အတွင်းရှိအထင်ကရ ဒေသများအတွက်ပါ ထုတ်ပြန်ပေးနေပါသည်။ ၎င်းတို့မှာ ကမ္ဘာပေါ်တွင် အနီးကပ်ဆုံး စောင့်ကြည့်လေ့လာလျက်ရှိသည့်လုပ်ငန်းဆိုင်ရာ စစ်တမ်းများ ဖြစ်ကြပြီး ၎င်းတို့၏ စီးပွားရေးအတွက် ထူးခြားသည့် အလားအလာများဆိုင်ရာ လစဉ် အညွှန်းများကိုနောက်ဆုံး အချက်အလက်များနှင့်အညီ တိကျစွာ ညွှန်ပြပေးနိုင်စွမ်းကြောင့် ဗဟိုဘဏ်များ၊ ဘဏ္ဍာရေး ဈေးကွက်များနှင့်လုပ်ငန်းဆိုင်ရာ ဆုံးဖြတ်ချက်များကို ချမှတ်ပေးကြသူတို့ အားကိုးကြရပါသည်။ နောက်ထပ် လေ့လာလိုပါက ihsmarkit.com/products/pmi.html သို့ ဝင်ရောက်ကြည့်ရှုပါ။

 

Industry Reviews Read 304 times