အာရှငွေကြေးများ ဒေါ်လာလဲနှုန်းတွင် ဆက်လက်ကျဆင်း


16 September, 2022

အာရှငွေကြေးများ ဒေါ်လာလဲနှုန်းတွင် ဆက်လက်ကျဆင်း

 

လာမည့်အပတ်တွင် အမေရိကန် Federal Reserve  က အတိုးနှုန်း မြှင့်တင်လိမ့်ဦးမည်ဟူသော ထင်ကြေးသည် သေချာသလောက် ဖြစ်နေသဖြင့်  ဒေါ်လာဝယ်လိုအားကို ထက်သန်နေစေသည်။ အာရှငွေကြေးများ ကန်ဒေါ်လာနှင့် ငွေလဲနှုန်းများ တွင် တန်ဖိုးကျဆင်းလျက်ရှိရာ သောကြာနေ့ (စက်တင်ဘာ ၁၆)တွင် နှစ်ပေါင်းများစွာအတွင်း အနိမ့်ဆုံးသို့ ရောက်ရှိသွားခဲ့သည်။


ထိုင်ဝမ်ဒေါ်လာသည် ၂၀၁၉ ခုနှစ် စက်တင်ဘာလနောက်ပိုင်း အနိမ့်ဆုံးသို့ ကျဆင်းသွားသည်။ တောင်ကိုရီးယားဝမ်သည် ၂၀၀၉ ခုနှစ် နှစ်စပိုင်းတွင် ရောက်ရှိခဲ့ဖူးသည့် အနိမ့်ဆုံးအဆင့်သို့ ယခုအခါ ပြန်လည် ရောက်ရှိခဲ့သည်။ ၂၀၀၆ ခုနှစ် ဒီဇင်ဘာလနောက်ပိုင်း ထိုင်းဘတ်သည် အနိမ့်ဆုံးအဆင့် ရောက်ရှိသည်။
ဘတ်ငွေသည် ၂၀၀၆ ခုနှစ် ဒီဇင်ဘာလတွင် အနိမ့်ဆုံးဖြစ်ခဲ့ဖူးသော အမေရိကန်တစ်ဒေါ်လာ ၃၇ ဘတ်ကို ကျော်လွန်သွားခဲ့သည်။


သောကြာနေ့မွန်းလွဲပိုင်းတွင် ပြည်ပဈေးကွက်များမှာ ဘတ်ငွေသည် တစ်ဒေါ်လာလျှင် ၃၇.၁ ဘတ်ဝန်းကျင် အရောင်းအဝယ်ဖြစ်ခဲ့သည်။ ပြည်တွင်းတွင် ပျမ်းမျှ Interbank Exchange Rate သည် Bank of Thailand အဆိုအရ ကြာသပတေးနေ့ ကုန်သွယ်မှုပိတ်ချိန်၌  ၃၆.၇၁၄ ဘတ်ဖြင့် ဈေးပိတ်ခဲ့သည်။ တရုတ်ယွမ်ငွေသည်လည်း စိတ်ပိုင်းဆိုင်ရာအရ ယုံကြည်အားထားမှုအတွက် အရေးကြီးသော  တစ်ဒေါ်လာလျှင် ၇ ယွမ်အဆင့်ကို ကျော်လွန်ကာ အားနည်းသွားခဲ့သည်။


၂၀၀၈ ခုနှစ် ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်းနောက်ပိုင်း တစ်ဒေါ်လာလျှင် ၇ ယွမ်အောက်သို့  ၂ ခါမျှသာ ကျဆင်းခဲ့ဖူးသည်။ တစ်ဒေါ်လာလျှင် ၇ ယွမ်အဆင့်ကို ကျော်လွန်သည့်အခါ ငွေအရင်းအနှီးများ တရုတ်ပြည် ပြင်ပသို့ စီးထွက်ပြီး ရေကြည်ရာမြက်နုရာသို့ ပြောင်းရွှေ့လိမ့်မည်။ ယခုနှစ်အထိ အာရှတွင် အဆိုးရွားဆုံး ထွန်းသစ်စဈေးကွက်ငွေကြေးဖြစ်သည့် တောင်ကိုရီးယား ဝမ်သည် ၀.၂% ကျဆင်းခဲ့ပြီး ဒေါ်လာနှင့် ခြောက်ပတ်မြောက်ဆက်တိုက် အပတ်စဉ် ကျဆင်းမှုဆီသို့ ဦးတည်နေပါသည်။


တောင်ကိုရီးယားနိုင်ငံခြားငွေလဲလှယ်ရေး အာဏာပိုင်ထံမှ ဒေါ်လာများ ရောင်းချဖွယ်ရှိသဖြင့် ဒေါ်လာနှင့်လဲနှုန်းတွင်  ဝမ်ငွေအား ကြာသပတေးနေ့မှာ ယာယီသက်သာရာရစေခဲ့သည်။ သို့သော် ငွေကြေးအဆင့် ကျမသွား‌ေအာင် ဒေါ်လာ ထုတ်ရောင်းပြီး ခုခံကာကွယ်ခြင်းသည် အလွန်ကုန်ကျစရိတ်များပြီး တစ်ဖက်သတ် ရောင်းချပေးနေရခြင်း ဖြစ်နေသည်ဆိုလျှင် ထိရောက်မှုမရှိကြောင်း လေ့လာသူများက သတိပေးထားသည်။


အစိုးရသည် လာမည့်သီတင်းပတ်အစောပိုင်းတွင် ပို့ကုန်လုပ်ငန်းရှင်များနှင့် သွင်းကုန်လုပ်ငန်းရှင်များနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သောကြာနေ့တွင် ဆိုးလ်မြို့‌တော်ရှိ ဘဏ္ဍာရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ပြောကြားခဲ့ပြီး ဒေါ်လာ-ဝမ် ငွေ‌ကြေးဈေးကွက်တည်ငြိမ်စေရန် အစီအမံများ ပြင်ဆင်ရန် ဆွေးနွေးမည် ဖြစ်သည်။


မလေးရှားတွင်  အားလပ်ရက်ဖြစ်သဖြင့်  ငွေကြေးဈေးကွက် ပိတ်ထားသည်။ အိန္ဒိယရူပီသည် ၀.၂% ကျဆင်းခဲ့သည်။ အင်ဒိုနီးရှား ရူပီယာသည်  အနိမ့်ဆုံးသို့ ရောက်ရှိ‌နေခဲ့သည်မှာ ခြောက်ပတ်ကျော်သွားပြီ။


Source Bangkokpost
#MyanmarIndustriesGuide 

 Telegram Channel  https://t.me/Guid4U

Banking & Loan Read 18725 times