အာဆီယံအဖွဲ့ဝင်နိုင်ငံများအချင်းချင်း ကုန်သွယ်မှုကျဆင်းလာ


02 July, 2018

အာဆီယံစီးပွားရေးအသိုက်အဝန်း (Asean Economic Community- AEC)ကို စတင်ကျင့်သုံးသည့် သုံးနှစ်တာကာလအတွင်း ဝင်ရောက်လာချိန်၌ အာဆီယံနိုင်ငံများနှင့်အာဆီယံပြင်ပနိုင်ငံများ (ဥပမာ-တရုတ် နှင့် တောင်ကိုရီးယား)၏ ကုန်သွယ်မှုသည် အာဆီယံနိုင်ငံအချင်းချင်း ကုန်သွယ်မှုထက် မြင့်တက်လာခဲ့ပါသည်။

လာမည့် ၅နှစ်တွင်လည်း ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်စသည့် CLMV ၏ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများ၌ ထိုင်းနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ပါဝင်မှုသည် တရုတ်နိုင်ငံ၊ တောင်ကိုရီး ယားနိုင်ငံနှင့်အခြားနိုင်ငံများ၏ ပါဝင်မှုထက်နိမ့်ကျမည်ဖြစ် ကြောင်းတွေ့ရှိရသည်။

အာဆီယံနိုင်ငံအချင်းချင်း ကုန်သွယ်မှုသည် AEC စတင်အကောင် အထည်ဖော်သော၂၀၁၅ ခုနှစ်တွင် ၂၄ ဒသမ ၉ ရာခိုင်နှုန်းကျဆင်းပြီး၂၀၁၆ နှင့်၂၀၁၇ ခုနှစ်များတွင်လည်း ၂၄ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ လာမည့် ၅နှစ် တွင်လည်း အာဆီယံနိုင်ငံအချင်းချင်း ကုန်သွယ်မှုသည် ၂၄ ဒသမ ၇ ရာခိုင်နှုန်းကျဆင်းမည်ဟု UTCC (University of the ThaiChamber of Commerce)မှ ညွှန်ကြားရေးမှူးMr. Aat Pisanwanich က ပြောကြားခဲ့သည်။

အာဆီယံနိုင်ငံများနှင့် အာဆီယံပြင်ပနိုင်ငံများ၏ကုန်သွယ်မှုသည် ၂၀၁၅ ခုနှစ်တွင် ၇၅ဒသမ၁ ရာခိုင်နှုန်း ရှိရာမှ ၂၀၁၆-၂၀၁၇ ခုနှစ်တွင် ၇၅ဒသမ၂ ရာခိုင်နှုန်းသို့ မြင့်တက်လာပါသည်။ လာမည့် ၅ နှစ်ကာလ တွင်လည်း ၇၅ ဒသမ ၃ ရာခိုင်နှုန်းထိ မြင့်တက်လာမည်ဖြစ်သည်။

ထို့နောက် အာဆီယံနိုင်ငံအချင်းချင်း ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ၂ဒသမ၀၆၈ ထရီလီယံ (ထိုင်းဘတ် ၆၆ဒသမ၂ ထရီ လီယံ)ရှိပြီး လာမည့် ၅ နှစ်အတွင်း ကုန်သွယ်မှုပမာဏ ဒေါ်လာ ၂ဒသမ၅၈ ထရီလီယံအထိ မြင့်တက်လာရန်မျှော်မှန်းထားကြောင်း တွေ့ရှိရသည်။

အာဆီယံ နိုင်ငံများသည်အဖွဲ့ဝင် နိုင်ငံအချင်းချင်း ကုန်သွယ်မှုထက် အာဆီယံပြင်ပနိုင်ငံများနှင့်ကုန်သွယ်မှုကို ပိုမိုအလေးထားကြသဖြင့် ဂျပန်၊ တရုတ်နှင့် တောင်ကိုရီးယား စသည့်နိုင်ငံများ၏ ကုန်သွယ်မှုသည် အာဆီယံနိုင်ငံများတွင် မြင့်တက်လာသည်။

အာဆီယံနိုင်ငံအချင်းချင်း ကုန်သွယ်မှု ကျဆင်းလာမှုတွင် သိသာထင်ရှားသောအချက်မှာ အာဆီယံ နိုင်ငံအများစု၏ ပို့ကုန် ဖွဲ့စည်းတည်ဆောက်ပုံသည် အများအားဖြင့် တူညီနေခြင်းဖြစ်သည်။

အာဆီယံနိုင်ငံများ၏ ပို့ကုန်တွင် စိုက်ပျိုးရေးနှင့် ပြုပြင် ပြီး စိုက်ပျိုးရေးထွက်ကုန်များ အဓိကပါဝင်မှုသည် အဖွဲ့ဝင်နိုင်ငံများအကြား ယှဉ်ပြိုင်မှုကို ဖြစ်စေသည်။

ထို့နောက် ပြည်တွင်းလုပ်ငန်းများ ကာကွယ်ရေးအတွက် အကောက်ခွန်မဟုတ်သော ကုန်သွယ်ရေးအတား အဆီးများကို ချမှတ်ကျင့်သုံးလာကြသဖြင့် အာဆီယံနိုင်ငံအချင်းချင်းကုန်သွယ်မှုကျဆင်း လာခြင်းဖြစ်သည်။

ထို့အပြင် အာဆီယံနိုင်ငံများသည် တရုတ်၊ တောင်ကိုရီးယား၊အိန္ဒိယ၊ ဂျပန်စသည့် အာဆီယံပြင်ပနိုင်ငံများနှင့် လွတ်လပ်သောကုန်သွယ်ရေး သဘောတူညီချက်များကို လက်မှတ်ရေးထိုးထားကြသည်။

ထို့ကြောင့် ယင်းနိုင်ငံများမှ ရင်းနှီးမြှုပ်နှံသူများသည် အာဆီယံနိုင်ငံများ၏အကောက် ခွန်နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အရေးများ၊ ထုတ်လုပ်တင်ပို့မှုဆိုင်ရာ အခွင့်အရေးများကို ရရှိခံစားနေကြပါသည်။

လာမည့်၅နှစ်အတွင်း တရုတ် နိုင်ငံနှင့်တောင်ကိုရီးယားနိုင်ငံတို့သည် CLMV ၌ ဂျပန်နိုင်ငံထက် ပိုမို ရင်းနှီးမြှုပ်နှံကြမည့်အပြင် CLMV နှင့်တရုတ်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ တို့၏ ကုန်သွယ်မှုသည်လည်း ဆက်လက်မြင့်တက်လာမည် ဖြစ်သည်။

CLMV နိုင်ငံများအတွင်း အာဆီယံနိုင်ငံများ၏ဈေးကွက်ရရှိမှုသည်တရုတ် နှင့်ကိုရီးယားနိုင်ငံများထက် ဆက်လက်နိမ့်ကျမည်ဖြစ်သည်။

 MOC

Export, Import Read 2429 times