လက်ရှိတွင် တစ်နိုင်ငံလုံး၏ ၅၆ ဒသမ ၆၈ ရာခိုင်နှုန်းခန့် ဓာတ်အား သုံးစွဲနိုင်ပြီဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ပြောကြား


07 December, 2020

လက်ရှိတွင် မြန်မာတစ်နိုင်ငံလုံး ၏ ၅၆ ဒသမ ၆၈ ရာခိုင်နှုန်းခန့် ဓာတ်အားသုံးစွဲနိုင်ပြီ ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားခဲ့သည်။

၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး ၁၀၀ ရာခိုင်နှုန်း လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ရေး နှင့် ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ၇၅ ရာခိုင်နှုန်းကျော် လျှပ်စစ်ဓာတ်အားရရှိသုံးစွဲနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်တစ်ဝှမ်းလုံးရှိ ဒေသများသို့ ဟန်ချက်ညီညီ တိုးတက်ဆောင်ရွက်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ထို့သို့ ဆောင်ရွက်ရာတွင် ဓာတ်အားစနစ်နှင့် ဝေးကွာသော ကျေးလက်ဒေသများ လျှပ်စစ်မီးရရှိရေးအတွက် Decentralization စနစ်၊ Mini Grid ၊ Renewable Energy ၊ Solar ၊ အသေးစား ရေအားလျှပ်စစ် စီမံကိန်းများ၊ ဒီဇယ်အင်ဂျင်သုံးမီးစက်များ၊ ကိုယ်ထူ ကိုယ်ထ တစ်ပိုင်တစ်နိုင် အစီအစဉ်များနှင့် အသီးသီးတည်ဆောက်နိုင်ရန် စီမံ၍ လျှပ်စစ်ဓာတ်အားပေးနိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဒီဇင်ဘာ ၅ ရက်တွင် ဒက္ခိဏခရိုင် လျှပ်စစ် အင်ဂျင်နီယာရုံးသို့ သွားရောက်စစ်ဆေးစဉ် ထည့်သွင်း ပြောကြားခဲ့သည်။

ထို့အတူ လျှပ်စစ်မီးမရရှိသေးသော ပြည်သူများ လျှပ်စစ်ဓာတ်အား တိုးတက်သုံးစွဲနိုင်မှုကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဓာတ်အား ဖြန့်ဖြူးရေးလိုင်းများနှင့် ဓာတ်အားခွဲရုံများကို တိုးချဲ့တည်ဆောက်လျက်ရှိရာ ယခုအချိန် ကာလ အထိ (၄) နှစ်ကျော် ကာလအတွင်း ၃၃ ကေဗွီ ဓာတ်အားလိုင်း (၂၄၀၀)မိုင်၊ ၁၁ ကေဗွီ ဓာတ်အား လိုင်း (၁၄၀၀၀)မိုင်၊ ၄၀၀ ဗို့ ဓာတ်အားလိုင်း (၁၄၀၀၀)မိုင်၊ စုစုပေါင်း (၃၀၄၀၀) မိုင် တို့ကို လည်းကောင်း၊ ၃၃ ကေဗွီ ဓာတ်အားခွဲရုံ (၃၆၀၀)အမ်ဗွီအေ နှင့် ၁၁ ကေဗွီ ဓာတ်အားခွဲရုံ (၁၀၀၀၀) အမ်ဗွီအေတို့ကို အသီးသီးတိုးတက်အောင် ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် မြို့ (၈၂) မြို့နှင့် ကျေးရွာပေါင်း (၁၀၂၉၄) ရွာတို့ကို နိုင်ငံတော်ဓာတ်အားစနစ်မှ တိုးတက်ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားခဲ့သည်။

လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင်လည်း ဓာတ်အားဖြန့်ဖြူးရေးအပိုင်းအနေဖြင့် ၆၆ ကေဗွီ ဓာတ်အားလိုင်း (၂၂၅.၉၉)မိုင်နှင့် (၈၉၀)အမ်ဗွီအေ၊ ၃၃ ကေဗွီ ဓာတ်အားလိုင်း (၃၅၅.၀၄)မိုင်နှင့် (၄၇၄) အမ်ဗွီအေ၊ ၁၁ ကေဗွီဓာတ်အားလိုင်း (၁၁၉၉.၂၂)မိုင်နှင့် (၁၁၄.၆) အမ်ဗွီအေ တိုးချဲ့တည်ဆောက်သွားမည် ဖြစ်ကြောင်း၊ ထို့သို့ တည်ဆောက်ရာတွင် နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံငွေမှ ကျခံဆောင်ရွက်သကဲ့သို့ နိုင်ငံတကာချေးငွေများဖြစ်သည့် World Bank ၊ ADB ၊ JICA နှင့် KfW စသည်တို့အပြင် မိတ်ဖက်နိုင်ငံများ၏ အကူအညီ(Grant)တို့ဖြင့်လည်း ဆောင်ရွက် ပေးလျက် ရှိကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

Xinhua

Local News Read 837 times