မြေဧက ၅၃၀ ခန့်ရှိ လုပ်ငန်းသုံးခုကို B. O. T စနစ်ဖြင့် ငှားရမ်းလုပ်ကိုင်ခွင့်ပြုဖို့ အဆိုပြုလွှာများ


02 April, 2019

စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနလက်အောက် မြေဧရိယာ ၅၃၀ ဧကခန့်ရှိ လုပ်ငန်းသုံးခုကို စီးပွားရေးအရ အကျိုးရှိစွာအသုံးပြုနိုင်ဖို့အတွက် B. O. T စနစ်ဖြင့် နှစ်ရှည်ငှားရမ်းလုပ်ကိုင်ခွင့်ပြုမှာဖြစ်ရာ ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်၊ ကုမ္ပဏီများကို Expression of Interest ( EOI ) အဆိုပြုလွှာများပေးပို့ဖို့ ဖိတ်ခေါ်ထားပါတယ်။

B. O. T စနစ်ဖြင့် နှစ်ရှည်ငှားရမ်းလုပ်ကိုင်ခွင့်ပြုမယ့် လုပ်ငန်းသုံးခုမှာ လှပဒါးငါးမွေးမြူရေးစခန်း၊ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် လှပဒါးကျေးရွာ၊ မြေအကျယ်အဝန်း ၂၀၁ ဒသမ ၇၈ ဧကရှိ ရေယာဉ်လွန်းကျင်းလုပ်ငန်း၊ ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် ဂျောင်းဝိုင်းကျေးရွာ၊ မြေအကျယ်အဝန်း ၂၇ ဒသမ ၉၇ ဧကရှိ မအူပင် ဝါးတောငါးမွေးမြူရေးစခန်း၊ ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ်၊ မြေအကျယ်အဝန်း ဧက ၃၀၀ တို့ဖြစ်ပါတယ်။

အဆိုပြုလွှာပုံစံတွေကို ၂၀၁၉ ခုနှစ် ဧပြီ ၅ ရက်မှ  ဧပြီ ၂၄ ရက်အထိ ရုံးချိန်အတွင်း စီမံရေးရာဌာနမှာ အခမဲ့လာရောက်ထုတ်ယူနိုင်ပါတယ်။ ထုတ်ယူပြီးတဲ့အဆိုပြုလွှာတွေကိုတော့ ၂၀၁၉ ခုနှစ် ဧပြီ ၃၀ ရက် မွန်းလွဲ ၃ နာရီနောက်ဆုံးထားပြီး ရုံးအမှတ် ၃၆၊ ငါးလုပ်ငန်းဦးစီးဌာန၊ စီမံရေးရာဌာနစုကို တင်ပြရမှာဖြစ်ကာ သတ်မှတ်အချိန်ထက်နောက်ကျတင်ပြတဲ့ အဆိုပြုလွှာတွေကို လက်ခံမှာမဟုတ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ ပြောပါတယ်။

ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်၊ ကုမ္ပဏီတွေက ပေးပို့လာတဲ့ EOI အဆိုပြုလွှာတွေအပေါ် အခြေခံကာ ဒုတိယအဆင့်လုပ်ငန်းအလိုက် Open Tender ထပ်မံခေါ်ယူဆောင်ရွက်သွားမယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဦးစီးဌာန ငါးလုပ်ငန်းဦးစီးဌာနက ထုတ်ပြန်ကြေညာထားပါတယ်။

Daily Eleven
 

Local News Read 522 times