ဘဏ်ငွေစာရင်းအကောင့်ဟောင်းများ ငွေသားထုတ်ဖို့ ခက်နေဆဲ


28 October, 2021

မြန်မာနိုင်ငံမှာ အရင်စစ်အာဏာမသိမ်းခင်ထဲက ဖွင့်ထားတဲ့ ငွေစာရင်းအကောင့်တွေကနေ ငွေထုတ်ယူဖို့ ခက်ခဲနေပေမဲ့၊ ငွေစာရင်းအကောင့်အသစ် ဖွင့်ထားသူတွေကတော့အလွယ်တကူ ငွေသားထုတ်ယူနိုင်ကြပါတယ်။ ငွေစာရင်းအကောင့်အဟောင်းသာရှိသူတွေကတော့ ငွေထုတ်ရတာ ခက်ခဲနေကြဆဲဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဗဟိုဘဏ်ရဲ့ ကန့်သတ်ချက်သစ်တွေကြောင့် ဘဏ်စာရင်း ရှိ သူတွေ ငွေသားထုတ်ယူနိုင်ဖို့ အခက်အခဲတွေ ဖြစ်နေကြပါတယ်။ ကိုယ့်ငွေစာရင်းထဲက ငွေကို ထုတ်ယူနိုင်ဖို့ အတွက် တချို့က ငွေသားလဲပေးသူတွေကို လိုချင်တဲ့ငွေပမာဏရဲ့ ၆% လောက်အထိ ဝန်ဆောင်ခပေးပြီး ထုတ်ယူနေကြရတာပါ။ ဘဏ်တွေမှာ ကိုယ်တိုင်သွားထုတ်မယ်ဆိုရင်လည်း အလွယ်တကူ ထုတ်လို့ မရကြသေးပါဘူး။ ရခိုင်ပြည်နယ်က KBZ ဘဏ်တွေမှာဆိုရင် တစ်နေ့ကို လူ ၁၅ ယောက်ကိုသာ ငွေသားထုတ်ပေးနေပြီး တစ်ပတ်ကို ငွေသားများဆုံး သုံးသိန်းအထိသာ ထုတ်ပေး နေတာပါတယ်။

ငွေထုတ်ယူနိုင်ဖို့ ကြိုတင် တန်းစီ တိုကင်ယူရတာမှာ တချို့ဆို တိုကင်ရဖို့ကို တလလောက်စောင့်ရတဲ့အထိ ဖြစ်ပါတယ်။ ဒါကြောင့် အများစုက အပြင်က ငွေထုတ်ယုူနိုင်တဲ့ နေရာတွေမှာ အခကြေးငွေပေးပြီး ထုတ်ယူနေကြပါတယ်။ ဘဏ်မှာ ငွေထုတ်ရတာ အဆင်မပြေလို့ ငွေထုတ်နိုင်တဲ့နေရာတွေမှာ ငွေ ၁ သိန်းအတွက် အဖိုးအခ ၁ သောင်းလောက်အထိ ပေးပြီး ထုတ်ယူနေရတယ်လို့ စစ်တွေမြို့နယ်က ကိုခိုင်ရိုးလှ က ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့က တကယ့်ကို အရေးကြီးလာတဲ့အချိန် ကိုယ်ရေးကိုယ်တာတွေ၊ မကျန်းရေးမမာရေး အချိန်တွေ ဆိုရင် ဘဏ်က မရရင် အပြင်ကနေသွားထုတ်ရတယ်။ အပြင်မှာ Kpay နဲ့ ထုတ်လို့ရတဲ့ဟာရှိတယ်။ ဒါပေမယ့် သူတို့က တရားမဝင်ဈေးကွက်လို့ပြောချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ပိုက်ဆံတသိန်းထုတ်ဖို့အရေး သူတို့ကို ပိုက်ဆံ ၇ ထောင်၊ ၈ ထောင်၊၁၀ ရာခိုင်နှုန်းဆိုရင် တသောင်းအထိ ပေးရတာတွေလည်းရှိတယ်။ အဲဒီမှာလည်း တန်းစီပြီးထုတ်ရတာ။ အဲမှာလည်း ဒုက္ခသည်တွေ ကြုံတာပေါ့။ ပိုက်ဆံကလည်း သူများတွေလို သိန်းထောင်နဲ့ ရာနဲ့ချီပြီးရှိတာလည်းမဟုတ်ဘူး။ ရှိတဲ့လစာလေးကို ယုံကြည်လို့ အပ်ထားတာ။ အခု ကိုယ်အလိုရှိတဲ့အချိန် ထုတ်လို့မရဘူး။ ပြဿနာတွေ အမျိုးမျိုးနဲ့ ကြုံနေရတာပေါ့လေ။”

မြောက်ဦးမြို့နယ်က ကိုတိုးမြတ်ကလည်း ဘဏ်တွေမှာ ငွေထုတ်မယ်ဆိုရင်တစ်ပတ်ကို ငွေသုံးသိန်းထုတ်ရဖို့အတွက် တလလောက်စောင့်ရတာကြောင့် အပြင်မှာ ငွေအဆမတန်ပေး ထုတ်နေရတဲ့အတွက် ဝင်ငွေထိခိုက်နေပါတယ်။

“ဘဏ်က သွားထုတ်မယ်ဆိုရင်လည်း အချိန်ကြန့်ကြာတာတွေ ရှိတယ်။ ဘာလို့လဲဆိုတော့ အခုက ဘဏ်က ငွေသိပ်ထုတ်မပေးဘူး။ ကျနော်တို့ တိုကင်နံပါတ်ယူရတယ်။ ပိုက်ဆံက အခုလိုနေတာ။ ဒါပေမယ့် တိုကင်နံပါတ်က နောက်ထပ် တပတ်လောက်မှ ထုတ်ရမှာ။ တပတ်လောက်စောင့်ရမှာဆိုတော့ ကျနော်တို့ ငွေလိုရင် အခက်အခဲဖြစ်တယ်ပေါ့။ အဲဒီအခါကျတော့ အဆင်ပြေတဲ့ KBZ Pay ကပဲ သွားထုတ်တယ်။ အဲဒီက သွားထုတ်ရင်လည်း ရာခိုင်နှုန်း အများကြီးပေးပြီးတော့ ထုတ်နေရတာတော့ အဆင်မပြေဘူး။ လစာလည်း ထိခိုက်တာပေါ့။”

လက်ရှိ ရခိုင်ပြည်နယ်မှာ ATM တွေလည်း ပိတ်ထားသလို တပတ်ကို ကျပ်ငွေ သုံးသိန်း အထိလောက်ကိုသာ တိုကင်စနစ်နဲ့ ထုတ်ပေးနေတာဖြစ်ပြီး တပတ်ကို လူ ၇၅ ယောက်ပဲ ထုတ်ပေးနေတာပါ။ စစ်တွေမြို့ နယ်မှာဆိုရင်KBZ ဘဏ်မှာ ငွေအပ်ထားသူတွေအနေနဲ့ ငွေထုတ်မရတဲ့အကြောင်းနဲ့ ပတ်သတ်ပြီး မေးမြန်းတာတွေကို ပြန်မဖြေကြားတဲ့အပြင် ဘဏ်ဝန်ထမ်းတွေရဲ့ ဆက်ဆံရေးအဆင်မပြေတာတွေနဲ့ တခါတလေ ဘဏ်ဝန်ထမ်းတွေရဲ့ အော်ဟစ်တာတွေအထိပါ ကြုံတွေ့နေရတယ်လို့ ငွေထုတ်ယူသူတွေက ပြောပြကြပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဗဟိုဘဏ်က ဘဏ်တွေအပေါ် ကန့်သတ်ချက်တွေ ချမှတ်ခဲ့တဲ့အတွက် ငွေထုတ်ရခက်တဲ့ ပြဿနာတွေ စပေါ်လာခဲ့တာပါ။ ငွေထုတ်ရအဆင်ပြေဖို့အတွက် ငွေစာရင်းအကောင့် အသစ်တွေ ဖွင့်ကြပါလို့ ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးဝင်းသော်က သတင်းစာရှင်းလင်းပွဲတခုမှာပြောပြီး အကောင့်အသစ်တွေဖွင့်ကြဖို့ တိုက်တွန်းထားပါတယ်။ မြန်မာနိုင်ငံမှာ လူအများသုံးကြတဲ့ ကမ္ဘောဇဘဏ်ရဲ့ဝဘ်ဆိုဒ်မှာတော့ လွယ်ကူစွာ ငွေသားထုတ်ယူနိုင်သည့် ငွေစာရင်းအကောင့်အသစ်ဆိုပြီး ဘဏ်စာရင်းသစ် ၅ မျိုးကို ကြေညာထားပါတယ်။ ဘဏ်စာရင်း အကောင့်သစ်တွေကို လူတိုင်းဖွင့်နိုင်ပြီး အမျိုးအစားအလိုက် ကျပ်တစ်သောင်းကနေစပြီး ကျပ်ဆယ်သိန်းအထိ စတင်ထည့်ဝင်ငွေတွေ သတ်မှတ်ထားပါတယ်။

စီးပွားရေးလုပ်ငန်း လုပ်နေကြသူတော်တော်များများကတော့ ငွေအသွင်းအထုတ်လွယ်ကူအောင်နဲ့ ငွေသား ပမာဏ အကန့်အသတ်မရှိ ထုတ်ယူနိုင်အောင် ဘဏ်စာရင်းအသစ်တွေ ဖွင့်ပြီး ဆောင်ရွက်နေကြပါတယ်။ ဝါးခယ်မ ရောင်းဝယ်ရေးကုမ္ပဏီဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ဘဏ်စာရင်းအကောင့် အသစ်ကနေ ငွေထုတ်နိုင်ပေမဲ့ ကန့်သတ်ချက် ရှိနေသေးတာကို ခုလို ရှင်းပြပါတယ်။

“အကောင့်အဟောင်းကတော့ ငွေသားထုတ်လို့မရဘူး။ အကောင့်အသစ်ကတော့ ငွေသားထည့်ရင် ငွေသားပြန်ထုတ်လို့ရတယ်။ အကောင့်အဟောင်းမှာ အရင်တုန်းက ထည့်ထားတဲ့ဟာတွေဆိုရင် ငွေပြန်ထုတ် လို့မရဘူး။ အကောင့် transfer နဲ့ပဲ ပေးချေရတယ်။ အကောင့်အသစ်က ငွေသားထည့်ပြီးငွေသားပြန်ထုတ် တာ။ အကောင့်အဟောင်းကနေလည်း အကောင့်အသစ်ကို ပြောင်းလို့မရဘူး ထည့်လို့မရဘူး။”

ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA ကလည်း ရွှေဈေးနှုန်းထိန်းဖို့အတွက်ဆိုပြီး ၉၉.၉၉ ရာခိုင်နှုန်းပြည့်ရွှေတွေကို ဘဏ်တွေနဲ့ချိတ်ဆက်ပြီး ပြည်သူဆီ တိုက်ရိုက်ရောင်းချဖို့ စီစဉ်နေပြီး အဲလိုရောင်းချတဲ့အခါ အရင်ကဖွင့်ထားတဲ့ ဘဏ်အကောင့်က ငွေတွေနဲ့ ဝယ်ယူလို့ မရနိုင်ဘဲ အကောင့်အသစ်ဖွင့်ပြီးမှ ငွေသားနဲ့ဝယ်ယူလို့အသိပေးထားပါတယ်။ "ဘဏ်ကနေ ရွှေကိုဝယ်ယူမယ်ဆိုရင် လက်ရှိဖွင့်လှစ်ထားပြီးတဲ့ ဘဏ်အကောင့်ထဲမှာရှိတဲ့ငွေသားနဲ့ ပေးချေလို့မရဘဲ အကောင့်အသစ်နဲ့ ငွေသားပေးချေရမှာဖြစ်တယ်၊ စနစ်သစ်အရ အကောင့်အသစ်ဖွင့်ပြီး ငွေပေးချေရမှာဖြစ်တယ်လို့ အသင်း ဥက္ကဋ္ဌဦးမျိုးမြင့်YGEA ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပြောထားပါတယ်။

VOABurmese

Banking & Loan Read 7376 times