ပုဂံ -ညောင်ဦး ဒေသတွင် သတ်မှတ်ချက်နှင့် ကိုက်ညီသော ဟိုတယ် ၂၁ လုံး ပြန်လည် ဖွင့်လှစ်ခွင့်ပြု


02 October, 2021

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နှင့် ပုဂံမြို့များတွင် ဖွင့်လှစ်ထားသော ဟိုတယ်များအနက် COVID-19 ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များနှင့် ကိုက်ညီသော ဟိုတယ် ၂၁ လုံးကို ပြန်လည်ဖွင့်ခွင့် ပြုထားပြီ ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ) မှ သိရသည်။

ညောင်ဦးမြို့နှင့် ပုဂံမြို့များအတွင်းရှိ ရှေးဟောင်းစေတီ၊ ဘုရားများ၊ အဆောက်အအုံများအတွင်းသို့ ဝင်ရောက် ဖူးမြော်ခွင့်ပြုပြီးနောက် လာရောက်ဖူးမြော်ကြမည့် ရပ်နီးရပ်ဝေးမှ ဘုရားဖူးပြည်သူများ တည်းခိုရာတွင် အဆင်ပြေစေရန် ဟိုတယ်၊ တည်းခိုရိပ်သာများကို COVID-19 ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေး စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ခွင့်ပြုပြီးနောက် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ) သို့ တရားဝင် ခွင့်ပြုချက် တောင်းခံ၍ ဖွင့်လှစ်ထားသည့် ဟိုတယ်၊ တည်းခိုရိပ်သာ အလုံးရေမှာ စုစုပေါင်း ၂၁ လုံးသာ ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ) မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းအောင်က ပြောကြားသည်။

“ပုဂံခရီးစဉ် ဒေသအတွင်းမှာက ကျွန်တော်တို့စီ တရားဝင် မှတ်ပုံတင်ထားတာက ဟိုတယ်၊ တည်းခိုရိပ်သာ အလုံး ၁၅၀ ရှိတယ်။ ကျောက်ပန်းတောင်းမှာက ဟိုတယ်၊ တည်းခိုရိပ်သာ ၁၄ လုံး ရှိပါတယ်။ ပုဂံခရီးစဉ်ဒေသမှာ ကျွန်တော်တို့ရုံးကို ခွင့်ပြုမိန့်တင်ပြီး ဖွင့်နေတာက ဟိုတယ်၊ တည်းခိုရိပ်သာ စုစုပေါင်း ၂၁ လုံး ရှိပါတယ်။ ကျန်တဲ့ ဟိုတယ်၊ တည်းခိုရိပ်သာတွေက အကြောင်းအမျိုးမျိုးကြောင့် မဖွင့်နိုင်ဘူး။ ဖွင့်လိုက်ရင် အလုပ်သမား ကုန်ကျစရိတ်နဲ့ ဝန်ဆောင်မှု ကုန်ကျစရိတ်တွေ အဆင်မပြေဘူးလေ”ဟု ၎င်းက ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နှင့် ပုဂံမြို့များတွင် ဖွင့်လှစ်ထားသော ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း၊ Inn စုစုပေါင်း ၁၅၀ ရှိကြောင်း၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ဟိုတယ်၊မိုတယ်၊ တည်းခိုခန်း၊ Inn စုစုပေါင်း ၁၄ လုံးရှိကြောင်း၊ COVID-19 ကူးစက်မြန်ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက် အဆိုပါ ဟိုတယ်နှင့် တည်းခိုရိပ်သာများကို ၂၀၂၀ ပြည့်နှစ် ဧပြီလအတွင်းမှ စတင်၍ ယာယီ ပိတ်ထားခဲ့ရာ ယခုအခါတွင် COVID-19 ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေး စည်းကမ်းချက်များနှင့်အညီ ပြန်လည် ဖွင့်လှစ်ခွင့်ပြုပြီ ဖြစ်သည်။

 

news-eleven.com

Local News Read 1046 times