မြန်မာ့ဆန်ကို ဘင်္ဂလားဒေ့ရှ်မှ ထပ်မံဝယ်ယူမည်


31 May, 2018

ဇူလိုင်လအတွင်း မြန်မာနိုင်ငံမှ ဆန်တန်ချိန် တစ်သိန်းနှင့် နှစ်သိန်းအကြားကို ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် အစိုးရချင်းသဘောတူညီမှုစာချုပ်ချုပ်ဆိုကာ ထက်မံဝယ်ယူမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရပါသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွင်းမှာလည်း မြန်မာနိုင်ငံမှ ဆန်တန်ချိန် နှစ်သိန်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အစိုးရချင်း သဘောတူညီမှု စာချုပ်ချုပ်ဆိုကာ ဝယ်ယူထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရပါသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာအထိ တင်ဒါစနစ်၊ G to G စာချုပ်များဖြင့် ၁ ဒသမ ၂ သန်းခန့်အထိ တင်သွင်းထားကြောင်း၊ ထို့အပြင် ဆန်တန်ချိန် တစ်သန်းအထိ ထပ်မံတင်သွားမည်ဖြစ်ကြောင်း သိရပါသည်။

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအကြား G to G စာချုပ်ချုပ်ဖြင့် တင်ပို့ရန် ဆန်တန်ချိန် သုံးသိန်းအထိ MoU ရေးထိုးထားပြီး ၂၀၁၇ ဒီဇင်ဘာအထိ ဆန်တန်ချိန် တစ်သိန်း တင်ပို့ထားပြီးဖြစ်ကြောင်း သိရပါသည်။

လက်ရှိဘဏ္ဍာနှစ် တစ်လကျော်ကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဆန်နှင့် ဆန်ကွဲတန်ချိန် ၁၁၄၄၀၀ ကျော်၊ နယ်စပ်ကုန်သွယ်မှုမှ ဆန်နှင့် ဆန်ကွဲ တန်ချိန် ၁၆၄၅၀၀ ကျော် တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ဈေးကွက်အသစ်များ တိုးချဲ့တင်ပို့နိုင်ခဲ့သောကြောင့် ပြည်ပသို့ မြန်မာဆန်တန်ချိန် ၃ ဒသမ ၆ သန်းနီးပါးတင်ပို့နိုင်ခဲ့ပြီး နှစ်ပေါင်း ၅၀ ကျော်အတွင်း စံချိန်တင် တင်ပို့နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

Daily Eleven

Export, Import Read 422 times