နိုင်ငံခြားသားဝန်ထမ်းများ ခန့်ထားခြင်းနှင့်စပ်လျဉ်း၍ ဘဏ်များအနေဖြင့် လိုက်နာရန်ကိစ္စ အမှာစာ ထုတ်ပြန်


02 August, 2021

နိုင်ငံခြားသားဝန်ထမ်းများ ခန့်ထားခြင်းနှင့်စပ်လျဉ်း၍ ဘဏ်များအနေဖြင့် လိုက်နာရန်ကိစ္စ အမှာစာ ထုတ်ပြန်ထားပါသည်
အမှာစာ

အကြောင်းအရာ။ နိုင်ငံခြားသားဝန်ထမ်းများ ခန့်ထားခြင်းနှင့်စပ်လျဉ်း၍ ဘဏ်များအနေဖြင့် လိုက်နာရန်ကိစ္စ

ရည် ညွှန်း ချက် ။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ၂၀-၅-၂၀၂၀ ရက်စွဲပါ စာအမှတ်၊ မဗဘ/ MP/ FIR/   
ဘဏ်စိစစ်/၁(၂/၂၀၂၀)

၁။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ရည်ညွှန်းချက်ပါ အမှာစာဖြင့် ပြည်တွင်းပုဂ္ဂလိကဘဏ်များတွင် နိုင်ငံခြားသားဝန်ထမ်းခန့်အပ်ခြင်းနှင့်စပ်လျဉ်း၍ ဘဏ်များ၏တာဝန်ယူမှုဖြင့် ခန့်အပ်ရန် လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် တာဝန်ယူဆောင်ရွက်ပေးရမည့်အချက်များကို သတ်မှတ် ပေးခဲ့ပါသည်။

၂။ သို့ရာတွင် ဘဏ်များ၌ ခန့်အပ်ထားသည့် နိုင်ငံခြားသားဝန်ထမ်းများ၏ တာဝန်ထမ်းဆောင်မှု နှင့် တာဝန်ထမ်းဆောင်မှုပြီးဆုံးခြင်း မပြီးဆုံးမီ လုပ်ငန်းတာဝန်မှကင်းကွာခြင်း၊ အလုပ်မှနုတ်ထွက် ခြင်းများ ဖြစ်ပေါ်လာပါက အဆိုပါနိုင်ငံခြားသား တာဝန်ယူဆောင်ရွက်ခဲ့သည့် လုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အကြံပေးအပါအဝင် နိုင်ငံခြားသားဝန်ထမ်းခန့်အပ်ရာတွင် လိုက်နာရန်အတွက် ဤအမှာစာအား ထုတ်ပြန်လိုက်သည်။

၃။ ဘဏ်များအနေဖြင့် နိုင်ငံခြားသားဝန်ထမ်းခန့်အပ်ရာ၌ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ကြိုတင် ခွင့်ပြုချက်ကို အတည်ပြုခန့်အပ်ခြင်းမပြုမီ ရက်ပေါင်း ၃ဝ ကြိုတင်၍ တင်ပြရမည်။ ယင်းသို့ ကြိုတင်ခွင့်ပြုချက်တင်ပြရာ၌ အောက်ပါအချက်များကို လိုက်နာဆောင်ရွက်ရမည်

(က) ဘဏ်ကြီး၊ ဘဏ်လတ်နှင့် ဘဏ်သေးတို့သည် နိုင်ငံခြားသားဝန်ထမ်းများကို အောက်ဖော်ပြပါ သတ်မှတ်ချက်အတိုင်း ခန့်ထားရမည်

ဘဏ်အမျိုးအစားအရ နိုင်ငံခြားသားဝန်ထမ်းခန့်အပ်ရန် အများဆုံးဦးရေ သတ်မှတ်ချက်

ဘဏ်ကြီး* ၂၅ ဦးထက်မပို 
ဘဏ်လတ်** ၁၅ ဦးထက်မပိ
ဘဏ်သေး*** ၈ ဦးထက်မပို

* ဘဏ်ကြီးဆိုသည်မှာ ဘဏ်၏ရရန်ပိုင်ခွင့်များက ဈေးကွက်ဝေစု၏ ၅% ထက်ကျော်သည့် ဘဏ်ကိုဆိုသည်။ 
“*ဘဏ်လတ်ဆိုသည်မှာ ဘဏ်၏ရရန်ပိုင်ခွင့်များက ဈေးကွက်ဝေစု၏ ၁% ထက်ကျော်သော်လည်း ၅% ထက်နည်းသည့်ဘဏ်ကိုဆိုသည်။
 ***ဘဏ်သေးဆိုသည်မှာ ဘဏ်၏ရရန်ပိုင်ခွင့်များက ဈေးကွက်ဝေစု၏ ၁% အောက်နည်းသည့်ဘဏ်ကိုဆိုသည်။ (ဘဏ်ကြီးဘဏ်လတ်နှင့် ဘဏ်သေး ားခွဲခြားမှုစာရင်းအား မြန်မာနိုင်ငံတော်ဗဟိုဘဏ် Website တွင် ကြည့်ရှုနိုင်ပါသည်။)

သို့ရာတွင် ဘဏ်များအနေဖြင့် မြန်မာနိုင်ငံသားများကိုသာ တတ်နိုင်သမျှ ခန့်ထား ရမည်ဖြစ်သည်။

(ခ) နိုင်ငံသားပိုင်ဘဏ်များတွင် နိုင်ငံခြားသားများအား ဘဏ်၏ဥက္ကဋ္ဌ သို့မဟုတ် ဒုတိယ ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခြင်းမပြုရ။

(ဂ) အမှုဆောင်အရာရှိချုပ်ရာထူးကို နိုင်ငံခြားသားအား ခန့်အပ်ထားခြင်းဖြစ်ပါက ဒုတိယ အမှုဆောင်အရာရှိချုပ်ရာထူးအား မြန်မာနိုင်ငံသားကို ခန့်အပ်ရမည်။

(ဃ) နိုင်ငံခြားသားဝန်ထမ်းများကို ဌာနအကြီးအကဲအဖြစ် ခန့်အပ်မည်ဆိုပါက မိမိတို့ ဘဏ်ရှိ ဌာနအရေအတွက် စုစုပေါင်း၏ ၅၀% အထိသာ ခန့်အပ်ရမည်။ ဌာန အကြီးအကဲ (Head of Department) သည် နိုင်ငံခြားသားဝန်ထမ်းဖြစ်ပါက ဒုတိယ ဌာနအကြီးအကဲသည် မြန်မာနိုင်ငံသားဖြစ်ရမည်။

(င) ဘဏ်သည် ခန့်အပ်မည့်နိုင်ငံခြားသားဝန်ထမ်းထံမှ ရရှိနိုင်သည့် မျှော်မှန်းချက် သို့မဟုတ် တာဝန်ပေးအပ်မည့် သီးခြားလုပ်ငန်းစီမံကိန်းများ၊ ကျွမ်းကျင်မှု၊ ဌာနတွင်း သင်ကြားပေးမည့် အရည်အသွေးမြှင့်တင်မှု သင်တန်းအစီအစဉ်၊ အသေးစိတ် အချက်အလက်များနှင့်အတူ ပူးတွဲ၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့တင်ပြရမည်။

(စ) မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ ကြိုတင်ခွင့်ပြုချက်ရယူရန်အတွက် လျှောက်ထားရာတွင် အောက်ပါအချက်များအား ပူးတွဲတင်ပြရမည်

(၁) ဘဏ်နှင့် နိုင်ငံခြားသားများအကြား အလုပ်သမားဆိုင်ရာဥပဒေနည်းဥပဒေများ နှင့်အညီ ချုပ်ဆိုထားပြီး အထက်အပိုဒ် ၃(င) တွင် ဖော်ပြထားသည့်အချက် များအား ထည့်သွင်းချုပ်ဆိုထားသည့် အလုပ်ခန့်အပ်မှုဆိုင်ရာ သဘောတူ စာချုပ် (မူကြမ်း )၊

(၂) ၎င်း၏ ကိုယ်ရေးအချက်အလက်အပြည့်အစုံ (ပူးတွဲ-၁ )၊ ကြပ်မတ်ကွပ်ကဲသည့် အဖွဲ့အစည်း (Regulator) သို့မဟုတ် နောက်ဆုံးဆောင်ရွက်ခဲ့သည့် အဖွဲ့အစည်း၏ ထောက်ခံချက်၊

(၃) ပညာအရည်အချင်းနှင့် လုပ်ငန်းအတွေ့အကြုံဆိုင်ရာ ဆောင်ရွက်ခဲ့မှုမှတ်တမ်း အပြည့်အစုံ

(၄) နိုင်ငံခြားသားဝန်ထမ်းသည် နိုင်ငံရေးကင်းရှင်းကြောင်း၊ ပြစ်မှုကင်းရှင်းကြောင်း၊ နာမည်ပျက်စာရင်းဝင်မဟုတ်ကြောင်းစသည့် ၎င်းနှင့်ပတ်သက်သော ကိစ္စအဝဝကို ဘဏ်က တာဝန်ယူစိစစ်ထားသည့် အထောက်အထား၊

(၅)နိုင်ငံခြားသားဝန်ထမ်းသည် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှုကိစ္စရပ်များတွင် ပါဝင်ဆောင်ရွက်ခဲ့ခြင်းမရှိကြောင်း ဘဏ်က တာဝန်ယူစိစစ်ထားသော အထောက်အထား။

(ဆ) ခန့်ထားမည့်နိုင်ငံခြားသားဝန်ထမ်းများသည် ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ ပုဒ်မ ၇၆ နှင့် ပုဒ်မ ၇၇ တို့ပါ ပြဋ္ဌာန်းချက်များနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ၂၅-၃-၂၀၁၉ ရက်စွဲပါ ညွှန်ကြားချက်အမှတ် (၈/၂၀၁၉) ပါ သင့်လျော်မှန်ကန်ခြင်း ရှိမှုဆိုင်ရာ စံသတ်မှတ်ချက်များနှင့်ကိုက်ညီရမည်။

၄။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဘဏ်များမှ ကြိုတင်ခွင့်ပြုချက် တောင်းခံလာသည့် နိုင်ငံခြားသားဝန်ထမ်း၏ ကျွမ်းကျင်မှုသင့်လျော်မှန်ကန်ခြင်းရှိမှုတို့အား စိစစ်ခြင်း၊ အကဲဖြတ် မေးမြန်းခြင်းများပြုလုပ်ပြီးနောက် သင့်လျော်သည်ဟုယူဆပါက အဆိုပါနိုင်ငံခြားသားဝန်ထမ်းအား ဌာနအကြီးအကဲ (Head of Department) ဖြစ်ပါက အစမ်းခန့်ကာလ (၁) နှစ်၊ ဌာနအကြီးအကဲ (Head of Department) အောက်ဝန်ထမ်းဖြစ်ပါက အစမ်းခန့်ကာလ(၆)လ ခန့်အပ်ရန်ခွင့်ပြုမည် ဖြစ်ပြီး ယင်းကာလအတွင်း ဆောင်ရွက်မှုအပေါ်မူတည်၍ အတည်ပြုခန့်အပ်ခြင်းကို အစမ်းခန့် ကာလအပါအဝင် အများဆုံး (၃) နှစ် ခွင့်ပြုမည်ဖြစ်သည်။

၅။ ခန့်အပ်ခြင်းခံရသည့် နိုင်ငံခြားသားဝန်ထမ်းများသည် မြန်မာနိုင်ငံသားဝန်ထမ်းများနှင့်အတူ ပူးတွဲတာဝန်ထမ်းဆောင်၍ မြန်မာနိုင်ငံသားဝန်ထမ်းများအား သက်ဆိုင်ရာနယ်ပယ်အလိုက် ကျွမ်းကျင်မှုပညာရပ်များ (သတင်းအချက်အလက်နည်းပညာ (IT) အပါအဝင်) အား သင်ကြားပြသ ပေးရမည်။ ဘဏ်သည် ပြည်တွင်းဝန်ထမ်းများက နိုင်ငံခြားသားဝန်ထမ်းများထံမှ ရာထူး/တာဝန်ရှိမှု များအား လွှဲပြောင်းရယူနိုင်ရန်အတွက် သက်ဆိုင်ရာနယ်ပယ်အလိုက် ကျွမ်းကျင်မှုပညာရပ်များ သင်ကြားရေးအစီအစဉ်တစ်ရပ်ကို ချမှတ်ဆောင်ရွက်ထားရမည်။

၆။ (က) ဘဏ်သည် နိုင်ငံခြားသားဝန်ထမ်းအား အတည်ပြုခန့်အပ်သည့်ကာလ(၃)နှစ် ပြီးဆုံး ပြီးနောက် ခန့်အပ်မည့်ကာလ သက်တမ်းတိုးမြှင့်လိုခြင်းအတွက် အောက်ပါတို့ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ တင်ပြရမည် 
      (၁) ခန့်အပ်လိုသည့် နိုင်ငံခြားသားဝန်ထမ်း၏ လုပ်ငန်းစွမ်းဆောင်ရည်အတွက် ဘဏ်၏ အကဲဖြတ်ချက်
     (၂) အဆိုပါ နိုင်ငံခြားသားဝန်ထမ်းနှင့် ဆက်လက်လုပ်ဆောင်မည့်အစီအစဉ်။
(ခ) မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ခန့်အပ်ခြင်းခံရသည့် နိုင်ငံခြားသားဝန်ထမ်း၏ သက်တမ်းတိုးကာလကို အများဆုံး (၂) နှစ်အထိ ခွင့်ပြုမည်။

၇။ . ခန့်အပ်ခြင်းခံရသည့် နိုင်ငံခြားသားဝန်ထမ်းများသည်

(က) အကြောင်းကိစ္စတစ်ရပ်ရပ် (ဥပမာ မိသားစုဆိုင်ရာကိစ္စရပ်များနှင့် အလုပ်ကိစ္စ တစ်ရပ်ရပ်) ကြောင့် ၎င်းတို့၏တာဝန်အရ မိခင်နိုင်ငံ/ ပြည်ပသို့သွားရောက်ရမည် ဆိုပါက သက်ဆိုင်ရာဘဏ်မှတစ်ဆင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ အသိပေးတင်ပြ ရမည်။ ယင်းသို့သွားရောက်ခြင်းအတွက် ဌာနနှင့်ကင်းကွာသည့်ကာလသည် ၃ လထက် မပိုစေရ။ သို့ရာတွင် အထူးကိစ္စရပ်များအတွက် ဗဟိုဘဏ်သို့ တင်ပြခွင့်ပြုချက်ရယူရမည်

(ခ) မြန်မာနိုင်ငံသို့ . ပြန်လည်ရောက်ရှိလာပါက ရောက်ရှိကြောင်း သက်ဆိုင်ရာဘဏ်မှ တစ်ဆင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ ပြန်လည်တင်ပြရမည်

(ဂ) တာဝန်ထမ်းဆောင်ခြင်းမှ ရပ်စဲခြင်းခံရခြင်း သို့မဟုတ် တာဝန်ထမ်းဆောင်မှုပြီးဆုံး သည့်အခါ မိခင်နိုင်ငံသို့မပြန်မီ သို့မဟုတ် အခြားအဖွဲ့အစည်းတစ်ခုခုသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခြင်းမပြုမီ ရက်သတ္တတစ်ပတ် ကြိုတင်၍ သက်ဆိုင်ရာဘဏ်မှ တစ်ဆင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ တင်ပြရမည်။

၈။ ဘဏ်များသည် မိမိတို့ဘဏ်တွင် ခန့်ထားခွင့်ရရှိထားသည့် နိုင်ငံခြားသားဝန်ထမ်းများ၏ ကိုယ်ရေးအချက်အလက်များနှင့် ခန့်ထားရာတွင်သတ်မှတ်ထားသည့် အလုပ်တာဝန်ဝတ္တရားများ အပါအဝင် ဗဟိုဘဏ်ကတောင်းခံသည့်အချက်အလက်များကို ၃ လတစ်ကြိမ်နှင့် ပြောင်းလဲမှု ရှိတိုင်း (ပူးတွဲ-၂ )ပါ ပုံစံဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ တင်ပြရမည်။

၉။ ဘဏ်တွင် လက်ရှိခန့်အပ်ထားသည့် နိုင်ငံခြားသားဝန်ထမ်းများနှင့်စပ်လျဉ်း၍ စာချုပ် သက်တမ်းမကုန်ဆုံးသေးပါက ဤအမှာစာပါ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သတ်မှတ်ထားသည့် အချက်များနှင့်မကိုက်ညီပါက ထပ်မံထည့်သွင်းချုပ်ဆိုထားသော အလုပ်ခန့်အပ်မှုဆိုင်ရာ သဘောတူ စာချုပ်ကို ပြင်ဆင်ချုပ်ဆို၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ တင်ပြရမည်။ သတ်မှတ်ဦးရေထက် ပိုပါက လျှော့ချမည့်အစီအစဉ်ကို ရက်ပေါင်း ၃၀ အတွင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ တင်ပြရမည်။ 

၁၀။ ဘဏ်တွင် အစုရှယ်ယာပိုင်ဆိုင်မှု(Equity Participation) အရ နိုင်ငံခြားသားများ ဘဏ်၏ ဒါရိုက်တာအဖွဲ့ဝင်အဖြစ်ပါဝင်ခြင်းအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ တင်ပြရမည်ဖြစ်ပြီး ကိစ္စရပ်တစ်ခုချင်းအလိုက် စိစစ်၍ ခွင့်ပြုမည်ဖြစ်သည်။

၁၁။ ဘဏ်တွင် လက်ရှိခန့်အပ်ထားသည့် နိုင်ငံခြားသားဝန်ထမ်းများ၏ အသေးစိတ်အချက်အလက် များကို (ပူးတွဲ-၃)ပါပုံစံအတိုင်း ဤအမှာစာထုတ်ပြန်သည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း မြန်မာ နိုင်ငံတော်ဗဟိုဘဏ်သို့ တင်ပြရမည်။

၁၂။ နိုင်ငံခြားသားဝန်ထမ်းများ၏ ပြည်တွင်းနေထိုင်ခွင့် (Stay Permit) နှင့် ပြည်ဝင်ခွင့် (Visa) ထောက်ခံချက်နှင့်ပတ်သက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ၁၀-၄-၂၀၁၉ ရက်စွဲပါ အမှာစာ အမှတ်၊ မဗဘ/ဘဏ်စိစစ်/၁(၈/၂၀၁၉) အား ဆက်လက်လိုက်နာဆောင်ရွက်ရန်ဖြစ်ပါသည်။

၁၃။ ပြည်တွင်းနေထိုင်ခွင့် (Stay Permit) နှင့် ပြည်ဝင်ခွင့် (Visa) ထောက်ခံချက်လျှောက်ထားသူ အားလုံးသည် မြန်မာနိုင်ငံတွင်နေထိုင်စဉ်အတွင်း တည်ဆဲဥပဒေများကိုလိုက်နာ၍ သင့်လျော်သည့် ပြုမူနေထိုင်မှုများနှင့်အညီ နေထိုင်ရမည်။

၁၄။ ဘဏ်သည် မိမိခန့်အပ်ထားသည့် နိုင်ငံခြားသားဝန်ထမ်းများက မြန်မာနိုင်ငံတွင် နေထိုင်စဉ် အတွင်း တည်ဆဲဥပဒေများကို လိုက်နာ၍ သင့်လျော်စွာပြုမူနေထိုင်ရေးကို တာဝန်ယူဆောင်ရွက် ရမည်။ နိုင်ငံခြားသားဝန်ထမ်းက မြန်မာနိုင်ငံတွင် နေထိုင်စဉ်အတွင်း တည်ဆဲဥပဒေများကို ချိုးဖောက်ကြောင်းသင့်လျော်စွာပြုမူနေထိုင်မှုမရှိကြောင်းကို တွေ့ရှိရပါက သိလျှင်သိချင်း မြန်မာ နိုင်ငံတော်ဗဟိုဘဏ်သို့ သတင်းပေးပို့ရမည်။ ဘဏ်သည် ခန့်အပ်ထားသည့် နိုင်ငံခြားသားဝန်ထမ်း များက မြန်မာနိုင်ငံတွင်နေထိုင်စဉ်အတွင်း တည်ဆဲဥပဒေတစ်ရပ်ရပ်ကို ဖောက်ဖျက်ကြောင်း တွေ့ရှိ ရပါက ယင်းအား တာဝန်မှ ချက်ချင်းရပ်ဆိုင်းရမည်။

၁၅။ ဘဏ်သည် ဤအမှာစာပါအချက်များအား လိုက်နာခြင်းမရှိကြောင်းတွေ့ရှိခဲ့ပါက ငွေရေး ကြေးရေးအဖွဲ့အစည်းများဥပဒေ၊ ပုဒ်မ ၁၅၄ အရ စီမံခန့်ခွဲရေးနည်းလမ်းတစ်ရပ်ရပ်ဖြင့် အရေးယူခြင်း ခံရမည်ဖြစ်သည်။

၁၆။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ၂၀-၅-၂၀၂၀ ရက်စွဲပါ အမှာစာ အမှတ်၊ မဗဘ ဘဏ်စိစစ်/၁ (၂/၂၀၂၀) အား ဤအမှာစာဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်သည်။ 

၁၇။ ဤအမှာစာသည် ထုတ်ပြန်သည့်နေ့မှစ၍ အကျိုးသက်ရောက်စေရမည်။ 

ပုံ
ဥက္ကဋ္ဌ(ကိုယ်စား) 
(သန်းသန်းဆွေ ဒုတိယဥက္ကဋ္ဌ)


ဖြန့်ဝေခြင်း 
ဘဏ်များအားလုံး
 

Banking & Loan Read 11999 times