ဘဏ်ချေးငွေအတိုးနှုန်း လျှော့ချဖွယ်ရှိ


04 October, 2018

ငွေဖောင်းပွမှုနှုန်း အနည်းငယ်လျော့ကျလာတဲ့အခါမှာ ဘဏ်ချေးငွေနဲ့ပတ်သက်ပြီး တဖြည်းဖြည်း လျှော့ချရမယ့်သဘောရှိလာတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောပါတယ်။

SME လုပ်ငန်းတွေဖွံ့ဖြိုးတိုးရေး ချေးငွေနဲ့ပတ်သက်လို့ သုံးနှစ်ကနေ ငါးနှစ်အထိ ချေးဖို့ အစိုးရက သတ်မှတ်ပေးထားပေမဲ့ လက်တွေ့မှာတော့ ဘဏ်တွေပေါ်မှာ မူတည်နေပါတယ်။ မန္တလေးတိုင်းမှာတော့ သုံးနှစ်ချေးတယ်လို့ ဆိုပါတယ်။ အတိုးနှုန်းကလည်း ဗဟိုဘဏ်ကနေ သတ်မှတ်တာပါ။ ဗဟိုဘဏ်ကလည်း ဘာကြောင့် သတ်မှတ်ရလဲဆိုတော့ ငွေဖောင်းပွမှုနှုန်းပေါ်မှာ အခြေခံပြီးတော့မှ အပ်ငွေအပ်ချင်တဲ့သူတွေ အပ်ချင်တဲ့နှုန်းကို သတ်မှတ်တာလို့ သိရပါတယ်။

“လက်ရှိဆိုရင် ရှစ်ရာခိုင်နှုန်းလို့ ကျွန်တော်တို့က သတ်မှတ်ထားတယ်၊ ဒါပေမဲ့ အခုနောက်ပိုင်းမှာ ငွေဖောင်းပွမှုနှုန်းက နည်းနည်းလေးတော့ ကျလာတယ်၊ ကျလာတဲ့အခါကျတော့ ငွေဖောင်းပွမှုနှုန်းက ငါးရာခိုင်နှုန်း၊ ခြောက်ရာခိုင်နှုန်း ရှိလာတယ်၊ ရှိတယ်ဆိုရင်တော့ အတိုးနှုန်းက တဖြည်းဖြည်းတော့ ပြန်ပြီးတော့ လျှော့ချရမယ့်သဘောရှိလာတယ်၊ ဒါပေမဲ့လဲ အများကြီးတော့ လျှော့ချလို့မရဘူး၊ ဘဏ်တွေရဲ့အတိုးနှုန်းလျှော့ချတာက သူများနိုင်ငံတွေမှာဆိုရင် ပွိုင့်ဖိုက်တို့ ပွိုင့်တူးဖိုက်တို့ အဲဒီလောက်ပဲလျှော့ချတာ၊ အတိုးနှုန်းကို ချတော့ချရမယ်၊ အဲဒါလဲ ဘယ်ပေါ်မှာ မူတည်လဲဆိုတော့ ဈေးကွက်ငွေဖောင်းပွမှုနှုန်း၊ ကုန်ဈေးနှုန်းပေါ်မှာ မူတည်ပါတယ်”လို့ ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောပါတယ်။

အတိုးနှုန်းများပြားမှုနဲ့ ချေးငွေကာလတိုတောင်းမှုတွေကြောင့် ချေးငွေနဲ့လုပ်ကိုင်တဲ့ လုပ်ငန်းချင်းအတူတူမှာတောင် ပြည်တွင်းအသေးစားနဲ့ အလတ်စား SME လုပ်ငန်းတွေဟာ အိမ်နီးချင်းနိုင်ငံတွေက SME နဲ့မယှဉ်နိုင်ဘဲဖြစ်နေရတယ်လို့ မန္တလေးမြို့ခံ SMEလုပ်ငန်းရှင်အချို့က ပြောပါတယ်။

“ကုမ္ဗဏီချင်း၊ လုပ်ငန်းချင်း ထောင်တာ အတူတူပဲ၊ ကိုယ်လဲထောင်တယ်၊ နိုင်ငံခြားကလာပြီး ကုမ္ဗဏီထောင်တယ်၊ ချေးငွေချင်းလဲ အတူတူပဲ၊ သူက သူ့နိုင်ငံက ချေးတယ်၊ ဒီမှာ ငါးနှစ် အလုပ်လုပ်လိုက်တယ်၊ ကိုယ်ကကျတော့ ငါးနှစ်ပြည့်တဲ့အချိန်မှာ ဘဏ်တိုးနှုန်းနဲ့ဒဏ်ကြေးတွေနဲ့ များလာတယ်၊ သူကကျတော့ ငါးနှစ်ပြည့်လို့ သူ့နိုင်ငံပြန်သွားတဲ့အခါမှာ သူ့မှာကိုက်တယ်၊ သူ့နိုင်ငံက အတိုးနှုန်းက လျော့နေတာကိုး”လို့ ဂျယ်လီထုတ်ပြီး နိုင်ငံခြားတင်ပို့ဖို့ ကြိုးပမ်းနေသူ စီးပွားရေးလုပ်ငန်းရှင် ဦးကျော်စိုးနိုင်က ပြောပါတယ်။

ပုံနှိပ်စက်လုပ်ငန်းရှင်တစ်ဦးကလည်း “ဘဏ်နဲ့ငွေချေးပြီးလုပ်တဲ့အခါမှာ SME ဖြစ်မှ ၈.၅ ဖြစ်ပြီးတော့ ကျွန်တော်တို့က တခြားဘဏ်ချေးငွေဆိုရင် ၁၂ ရာခိုင်နှုန်းပေးရပါတယ်၊ အဲဒီအချိန်မှာ ဥပမာ ထိုင်းဆိုရင် လေးရာခိုင်နှုန်းအောက် ချေးငွေပဲရှိတယ်၊ ကျွန်တော်တို့က အနည်းဆုံး ၈.၅ နဲ့လုပ်မယ်ဆို အဲဒီမှာတင် ချေးငွေချေးတဲ့လုပ်ငန်းရှင်ချင်း ကျွန်တော်တို့က တစ်နှစ်ကို ၄.၅ ဆုံးရှုံနေသလိုဖြစ်နေပါ တယ်”လို့ ပြောပါတယ်။

ဘဏ်ချေးငွေတိုးနှုန်း တွက်ချက်မှုစနစ်ကို ပြင်ဆင်ပေးမှ ပြည်တွင်း SME လုပ်ငန်းတွေအတွက် ပိုမိုအကျိုးရှိမှာဖြစ်တယ်လို့ လုပ်ငန်းရှင်အချို့က ဆိုပါတယ်။

“ကျွန်တော်တို့လုပ်ငန်းတွေ အားအင်ချည့်နဲ့သွားပြီဆိုတဲ့အချိန်ကျမှ ဆိုကြပါစို့ ဘဏ်ပေါ်လစီတွေ ပြောင်းမယ်ဆိုရင် ဒါကအကျိုးရှိစေမှာမဟုတ်ပါဘူး၊ ကျွန်တော်တို့ ပြင်ဆင်နေဆဲကာလမှာ သူတို့ဆီကလုပ်ငန်းတွေကလဲ ရပ်နေမှာမဟုတ်ပါဘူး၊ ဒါလေးကို လေးလေးနက်နက် စဉ်းစားပြီး ဆောင်ရွက်ပေးဖို့ပါ”လို့ မန္တလေးစက်မှုဇုန် (၂) က လယ်ယာသုံးပစ္စည်းထုတ်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ဘဏ်တိုးနှုန်း များပြားတာတွေကြောင့် ဖိအားအများအပြားရှိတဲ့အပြင် အရင်းကို ကာလတိုပြန်ဆပ်ရတာကြောင့် ဘဏ်ချေးငွေကို အသုံးပြုလုပ်ငန်းတိုးချဲ့နိုင်ရေးဆိုတာဟာ အပြောလွယ်သလောက် လက်တွေ့လုပ်ဆောင်ဖို့ခက်ခဲတဲ့အရာဖြစ်တယ်လို့ လုပ်ငန်းရှင်တွေက ဆိုပါတယ်။

kumudra

Banking & Loan Read 590 times