မြန်မာ့ဘဏ်လောက အလှည့်အပြောင်း


01 February, 2019

ရာစုနှစ်တစ်ဝက်ခန့် ခေတ်နောက်ကျကျန်နေသော မြန်မာ့ဘဏ်လောကမှာ ယခုနှစ်တွင် အလှည့်အပြောင်း ကြီးကြီးတစ်ခုဖြင့် ကြုံရတော့မည်။နိုင်ငံခြားဘဏ်များကို ပြည်တွင်း လုပ်ငန်းများသို့ ကျပ်၊ ဒေါ်လာနှစ်မျိုးလုံးဖြင့် ငွေချေးခွင့်ပြုလိုက်ခြင်းကြောင့် ပြည်တွင်းဘဏ်များအတွက် ပြိုင်ဆိုင်မှုပြင်းထန်လာသလို တစ်ဖက်တွင် အတွေ့အကြုံရှိ အင်အားတောင့်တင်းသော နိုင်ငံခြားဘဏ်များ၏ လုပ်ကိုင်နည်းနာများကို လက်တွေ့လွှဲပြောင်းရယူနိုင်မည့် အခွင့်အလမ်းလည်း ရှိနေသည်။

ဗဟိုဘဏ်၏ စည်းမျဉ်းလေးချက်ကြောင့် လျော့တိလျော့ရဲဖြစ်နေသော ပြည်တွင်းဘဏ်များ မရှူနိုင်မကယ်နိုင်ဖြစ်ကာ ယမန်နှစ်က ချေးငွေထုတ်ချေးနိုင်မှု အကျပ်ဆိုက်ခဲ့ရသည်။ ငွေပိုထုတ်ချေးငွေ (Overdraft) ယဉ်ကျေးမှုလွှမ်းမိုးသည့် မြန်မာ့ဘဏ်လောက၏ ဆုံးရှုံးနိုင်ခြေမြင့်မားလာမှုကို ထိန်းသိမ်းနိုင်ရန် ဗဟိုဘဏ်က စည်းမျဉ်းလေးချက်အပြင် နောက်ထပ်အမိန့်ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့ရပြီး ခြေလွန်လက်လွန်ဖြစ်နေသော၊ အစီရင်ခံစာတွင် ဖော်ပြထားခြင်းမရှိသော ချေးငွေများကို ကာလလတ်ချေးငွေအဖြစ် တဖြည်းဖြည်း ပြောင်းလဲနေရသည့် အချိန်အခါဖြစ်သည်။

 ပြည်သူလူထုအပ်နှံငွေများကို ဘဏ်နှင့် နီးစပ်သောအသိုင်းအဝိုင်း၊ နှီးနွှယ်ပတ်သက်သော ဆွေမျိုးသားချင်းလုပ်ငန်းများကိုသာ ထုတ်ချေးခဲ့ပြီး ဈေးကွက်ဖြန့်ကြက်ရန် ပျက်ကွက်ခဲ့သည့် မြန်မာ့ဘဏ်လုပ်ငန်းများ အသက်မှန်မှန်ရှူရန်ပင် ခက်ခဲနေဆဲ။ မြန်မာ့စီးပွားရေး၏ အဓိကမောင်းနှင်အားဖြစ်သော အသေးစားနှင့် အလတ်စားလုပ်ငန်းများအတွက် SME ချေးငွေခေါင်းစဉ်ဖြင့် ထုတ်ချေးမှုမှာ ပြည်တွင်းဘဏ်များ၏ စုစုပေါင်းချေးငွေ၏ ၁ ရာခိုင်နှုန်းအောက်တွင်သာ ရှိသည်။

 ဘဏ်များ၏ ချေးငွေထုတ်ချေးမှုမှာ မရွှေ့ပြောင်းနိုင်သော အိမ်၊ ခြံ၊ မြေပေါ်တွင် အဓိကအားပြုထားဆဲဖြစ်ပြီး လုပ်ငန်းများ၏ ငွေလည်ပတ်မှုစာရင်းနှင့် လုပ်ငန်းသဘာဝပေါ် အခြေတည်သုံးသပ်ကာ ချေးငွေထုတ်ချေးရန် ဗဟိုဘဏ်ကခွင့်ပြုထားသော်လည်း ပြည်တွင်းဘဏ်များတွင် ယင်းသို့လုပ်ဆောင်ရန် စွမ်းဆောင်ရည်မရှိသလောက်နည်းပါးနေဆဲဖြစ်သည်။

 ယင်းကွက်လပ်ကို ဖြည့်ဆည်းနိုင်လျှင် ချေးငွေလည်ပတ်မှုအားကောင်းကာ ပြည်တွင်းစီးပွားရေးဖွံ့ဖြိုးမှုကို များစွာထောက်ကူပေးနိုင်မည်ဖြစ်သည်။ ပြည်တွင်းပုဂ္ဂလိကဘဏ်များထက် ဈေးကွက်ဝေစုနည်းပါးသော်လည်း စုစုပေါင်းပိုင်ဆိုင်မှုအချိုးအစားများပြားသည့် နိုင်ငံပိုင်ဘဏ်များ ပြုပြင်ပြောင်းလဲရေးမှာ လက်ရှိအစိုးရ၏ ဦးစားပေးလုပ်ငန်းတွင်ပါဝင်ရာ နိုင်ငံပိုင်ဘဏ်များကို ပုဂ္ဂလိကဘဏ်များနည်းတူ ပြောင်းလဲလျှင် မြန်မာ့ဘဏ်လောကအတွက် အကျိုးများစွာဖြစ်ထွန်းလာမည်ဖြစ်သည်။

ပြည်သူလူထု၏ အပ်နှံငွေများစွာရှိနေသော နိုင်ငံပိုင်ဘဏ်များ၏ စာရင်းဇယားကို အများပြည်သူသိရှိနိုင်ရန်မဆိုထားနှင့် ဘဏ်အားလုံး၏ အချုပ်ဖြစ်သော မြန်မာနိုင်ငံတော်ဗဟိုဘဏ်ပင် အပြည့်အဝ ကြီးကြပ်နိုင်ခွင့်မရသေးသည့် အနေအထားကို ဦးစွာပြောင်းလဲရန်လိုသည်။သမားရိုးကျဘဏ်လုပ်ငန်းမှာ များစွာခေတ်နောက်ကျကျန်နေသော်လည်း နည်းပညာအခြေခံ ဘဏ်လုပ်ငန်းစနစ်မှာ ဆက်သွယ်ရေးလုပ်ငန်းများ၏ အကူအညီကြောင့် အရှိန်အဟုန်ဖြင့် တိုးတက်လာပြီး ပြည်သူအားလုံး ငွေကြေးကဏ္ဍတွင် ပါဝင်လာရေးကို များစွာအထောက်အကူပြုသည်။

ယခုနှစ်တွင် မိုဘိုင်းလ်ဘဏ်လုပ်ငန်း၊ အီလက်ထရွန်နစ်ဘဏ်လုပ်ငန်းနှင့် OK Dollar M-Pitesan ကဲ့သို့ ဘဏ်မဟုတ်သော သီးခြားငွေကြေးလုပ်ငန်းများ၏ ဖွံ့ဖြိုးမှုကြောင့် ဘဏ်နှင့် အလှမ်းဝေးသော ပြည်သူများပါ ငွေကြေးဈေးကွက်တွင်းပါဝင်လာပြီး ဈေးကွက်လည်ပတ်မှု ပိုမိုကောင်းလာမည့်အပြင် ငွေသားကိုင်ဆောင်သုံးစွဲမှု ယခင်ထက် အနည်းငယ် လျော့နည်းလာမည်ဖြစ်သည်။တည်ထောင်ပြီးဖြစ်သော ချေးငွေသတင်းအချက်အလက်ကုမ္ပဏီ ခရက်ဒစ်ဗျူရို၏လုပ်ငန်းများ ယခုနှစ်အတွင်း စတင်နိုင်ပါက ဘဏ်နှင့် ငွေကြေးအဖွဲ့အစည်းများ၏ ချေးငွေထုတ်ချေးနိုင်မှုတိုးတက်ရေးကို အထောက်အပံ့ဖြစ်စေကာ ငွေကြေးထောက်ပံ့မှု လိုအပ်ချက် မြင့်မားနေသော မြန်မာ့စီးပွားရေးကို ထောက်ကူနိုင်ပေလိမ့်မည်။

ဥပဒေ၊ စည်းမျဉ်းများ ပြုပြင်ပြောင်းလဲမှုနှင့် ပိုမိုတက်ကြွသည့် ဗဟိုဘဏ်ဒါရိုက်တာအဖွဲ့၏ လုပ်ဆောင်ချက်များကို ယမန်နှစ်က မြင်တွေ့ရခဲ့ပြီး ယခုနှစ်တွင်လည်း အလားတူဆက်လက်လုပ်ဆောင်နိုင်ပါက နိုင်ငံတကာနှင့် ဒေသတွင်းတွင် အောက်ကျနောက်ကျဖြစ် နေသော မြန်မာ့ဘဏ်လောကကို ခေတ်နှင့် မျက်ခြည်မပြတ်ရန် ဆောင်ရွက်နိုင်ပေမည်။အချုပ်အားဖြင့်ဆိုရသော် နယ်နှင့် ကျေးလက်ဒေသများရှိ အီလက်ထရွန်နစ်ဘဏ်လုပ်ငန်း၊ ငွေကြေးလုပ်ငန်းကိုသုံးစွဲမှု ဆက်လက်မြင့်တက်ခြင်း၊ Overdraft မဟုတ်သော ချေးငွေစစ်စစ်များ ပိုမိုပေါ်ပေါက်လာခြင်း၊ ဗဟိုဘဏ်၏ လုပ်ကိုင်နိုင်စွမ်းကောင်းမွန်လာခြင်း၊ နိုင်ငံခြားဘဏ်များ ဝင်ရောက်လာခြင်းတို့ကြောင့် ယခုနှစ်သည် မြန်မာ့ဘဏ်လုပ်ငန်းနှင့် ငွေကြေးဈေးကွက်ကို ယမန်နှစ်ထက် သာလွန်သည့်အခြေအနေသို့ ရောက်စေမည့်နှစ် ဖြစ်သည်။

ပလေယာအသစ်ဝင်လာမည့် အာမခံဈေးကွက်
******************************

တစ်ချိန်က အားကောင်းမောင်းသန်ရှိခဲ့သော အာမခံဈေးကွက်မှာ ၁၉၆၂ ခုနှစ် နောက်ပိုင်းချိနဲ့သွားပြီး လက်ရှိအချိန်အထိ ကောင်းကောင်း နာလန်မထူနိုင်သည့် အခြေအနေဖြစ်သည်။ပုဂ္ဂလိကအာမခံလုပ်ငန်းများ လုပ်ကိုင်ခွင့်ရနေပြီဖြစ်သော်လည်း လူဦးရေသန်း ၅၀ ကျော်ရှိသည့် မြန်မာနိုင်ငံတွင် အာမခံထားရှိမှုအခြေအနေမှာ လွန်စွာနည်းပါးနေဆဲဖြစ်သည်။ ယခုနှစ်တွင် အာမခံအမျိုးအစားသစ်အချို့ ထပ်မံဆောင်ရွက်နိုင်ခဲ့ပြီး အတိုးရရှိခံစားနိုင်မည့် အသက်အာမခံ အမျိုးအစားကို မိတ်ဆက်နိုင်ခဲ့သည်။

 သို့သော် ပြည်သူလူထု၏ ရင်းနှီးမြှုပ်နှံမှု ပြန်ရချက် တိုင်းတာသည့်ပေတံဖြစ်သော ဘဏ်တိုးနှုန်းနှင့်ယှဉ်လျှင် နည်းပါးခြင်းနှင့် အာမခံ၏ အကျိုးကျေးဇူး၊ သဘောသဘာဝတို့ကို အသိပညာပေးမှုနည်းသေးခြင်းကြောင့် မြို့နေလူထုအချို့မှလွဲ၍ အာမခံကို စိတ်ဝင်စား သူမရှိပေ။ နိုင်ငံတကာတွင် အာမခံမထားသူ မရှိသလောက်ဖြစ်ပြီး ကျန်းမာရေးအာမခံကို မဖြစ်မနေထားရှိကြသော်လည်း မြန်မာနိုင်ငံရှိ ကျန်းမာရေးအာမခံမှာ လက်ရှိအချိန်ထိ ဆွဲဆောင်မှုနည်းပါးပြီး အောင်မြင်မှုမရပေ။

ယခုနှစ်တွင် နိုင်ငံခြားအာမခံလုပ်ငန်းများကို ရာနှုန်းပြည့် သို့မဟုတ် ပြည်တွင်း ပုဂ္ဂလိက အာမခံလုပ်ငန်းများနှင့် ဖက်စပ် လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ရာ ရုန်းကန်နေရဆဲ မြန်မာ့အာမခံလောကအတွက် အလှည့်အပြောင်းနှစ်ဖြစ်သည်။ သက်တမ်းရင့် နိုင်ငံခြားအာမခံလုပ်ငန်းများ၏ အာမခံအမျိုးအစားသစ်များ၊ များပြားသည့် အတွေ့အကြုံနှင့် ပိုမိုကောင်းမွန်သည့်ဝန်ဆောင်မှုများ ဈေးကွက်တွင်း ဝင်ရောက်လာပါက ပြည်သူလူထု၏ စိတ်ဝင်စားမှု မြင့်တက်လာနိုင်ပြီး အာမခံဈေးကွက် ပိုကျယ်ပြန့်လာမည်ဖြစ်သည်။

ပြည်သူလူထုအားလုံး ပါဝင်စေမည့် အာမခံအမျိုးအစားသစ်များ၊ ဥပမာ – ကျန်းမာရေးအာမခံနှင့် စိုက်ပျိုးရေးဆိုင်ရာ အာမခံအမျိုးအစားများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နိုင်မှသာလျှင် မြန်မာ့အာမခံကဏ္ဍ ဖွံ့ဖြိုးမှု အရှိန်မြင့်လာမည်ဖြစ်သည်။အချုပ်ဆိုရသော် ပြည်သူအားလုံး ပါဝင်နိုင်မည့် အောင်မြင်သော အာမခံအမျိုးအစားသစ်များ ပေါ်ထွက်လာခြင်း၊ နိုင်ငံခြားအာမခံလုပ်ငန်းများ ယခုနှစ်အတွင်း ဝင်ရောက်လာခြင်းနှင့် အာမခံပရီမီယံကြေးများကို ပြန်လည်ရင်းနှီးမြှုပ်နှံနိုင်မည့် ခိုင်မာသည့်ဈေးကွက်များ ပေါ်ထွက်လာပါက ယခုနှစ်သည် မြန်မာ့အာမခံလောက အပြောင်းအလဲစတင်မည့်နှစ်ဖြစ်သည်။

The Voice

Banking & Loan Read 3650 times