ပြည်ပပို့ဆန်အိတ်တွေမှာ Code တွေထည့်ဖို့ လိုအပ်


30 April, 2019

ပြည်ပကို ဆန်တင်ပို့ကြတဲ့အခါ ဆန်အိတ်တွေပေါ်မှာ သက်ဆိုင်ရာတင်ပို့သူတွေရဲ့ code တွေထည့်ဖို့ လိုအပ်ပြီး ဆန်အရည်အသွေး ကောင်းမွန်ဖို့ အခြောက်ခံစနစ်တွေလည်း ကောင်းမွန်ဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းဦးက ဧပြီလ၂၃ ရက်နေ့ နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ဆန်စပါးကဏ္ဍကောင်းမွန်ရေး အစိုးရနဲ့ အရပ်ဘက်အဖွဲ့အစည်းများ ညှိနှိုင်းအစည်းအဝေးမှာ တင်ပြခဲ့တာဖြစ်ပါတယ်။

တင်ပို့တဲ့ဆန်အိတ်တွေအပေါ် သက်ဆိုင်ရာ တင်ပို့သူတွေရဲ့ code တွေထည့်ရာမှာ ဥပမာ- စက်ပိုင်ရှင်၊ သင်္ဘောတင်စက်နံပါတ်၊ ကုမ္ဗဏီအမှတ်အသား၊ supplier စတဲ့ အချက်အလက်တွေကို ရေး သားဖော်ပြရမှာ ဖြစ်ပါတယ်။

ဦးအောင်သန်းဦးက အရင်တုန်းက ကျွန်တော်တို့ ဆန်တင်တယ်၊ ဥပမာ - မနက်မိုးလင်းရင် နွားနို့တစ်ပုံးစီလာထည့်ဆိုတော့ ရေတွေချည်းပဲ ထည့်တာမျိုး မဖြစ်အောင်လို့ နောင်ဆိုရင်တော့ ကျွန်တော်တို့ စက်ပိုင်ရှင်တွေနဲ့ စက်ပိုင်ရဲ့ သင်္ဘောတင်စက်နံပါတ် အစရှိတဲ့ တစ်ဖက်မှာ code လေးတွေ ထည့်ပေးမယ်၊ ဒီသင်္ဘောထဲမှာ အကုန်လုံးစုလိုက်တဲ့အခါမှာ သူ့ဟာလား  ငါ့ဟာလားဆိုတဲ့ အငြင်းပွားမှုတွေမဖြစ်အောင်ပေါ့လို့ ပြောပါတယ်။

ဒါ့အပြင် ဒီနှစ်မှာ လယ်သမားတွေအနေနဲ့ စပါးဝယ်လိုအား လျော့နည်းလာတဲ့အခါ လယ်ထဲမှာပဲ အပင်လိုက် စပါးတွေမှည့်အောင် ထားလာသလို ဆန်စက်တွေကလည်း အစိုအတိုင်းဝယ်ယူဖို့ စက်တွေရဲ့ capacity  မနိုင်၊   ဒီလိုတွေဖြစ်လာတဲ့အခါ အပြင်မှာ အခြောက်ခံပြီးမှ ဆန်စက်တွေဆီ စပါးတွေရောက်လာကြရတဲ့အတွက် ဆန်အထွက်ရော၊ ဆန်အရည်အသွေးပါ နိမ့်ကျလာတယ်လို့ သိရပါတယ်။ ဒီအတွက် အခြောက်ခံစက်တွေ များများရှိဖို့ လိုအပ်လာသလို အခြောက်ခံစနစ်တွေလည်း ကောင်းမွန်ဖို့ လိုအပ်လာပြီလို့ ဆိုပါတယ်။

ဒါ့အပြင် ဆန်စပါးအသင်းချုပ်အနေနဲ့ ဂိုဒေါင် ၁ဝဝ၊ အခြောက်ခံစက် ၁ဝဝ စီမံချက်တွေနဲ့ ရေးပြီး တင်ပြထားပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ငွေကြေးအခက်အခဲတွေကြောင့် ဒီနေ့အချိန်အထိ မဆောင်ရွက်နိုင်သေးပါဘူး။ ဒီအတွက်လည်း အခြောက်ခံစက်တွေ လုံလောက်ဖို့ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်ကြဖို့လိုတယ်လို့ ဦးအောင်သန်းဦးက တင်ပြဆွေးနွေးခဲ့ပါတယ်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးကတော့ မြန်မာ့ဆန်လောက ရေရှည်တိုးတက်ဖို့နဲ့ အိုင်ဗရီကို့စ်နိုင်ငံမှာ ဖြစ်သွားတဲ့ ဆန်ကိစ္စအပေါ်အခြေခံပြီး မြန်မာ့ဆန်တွေ ပြည်ပတင်ပို့တဲ့အခါ အလေးချိန်ပြည့်မီဖို့ ၊ အခြောက်ခံစက်တွေ ဖြည့်ဆည်းကာ အရည်အသွေးကောင်းအောင် ဆောင်ရွက်ဖို့၊ ဆန်တင်ပို့မှုဆိုင်ရာ လမ်းကြောင်းတစ်လျှောက်လုံးမှာရှိတဲ့ မူဝါဒအားလုံးကို ပြန်လည်သုံးသပ်ဖို့တွေ လိုအပ်ကြောင်း အစည်းအဝေးမှာ ပြောကြားပါတယ်။ ဒါ့အပြင် အစိုးရဘက်ကနေ ဘာတွေကူညီပေးနိုင်မလဲ ဆိုတာလည်း တွေးကြည့်ပေးမယ်လို့ ဆိုပါတယ်။

အထူးသဖြင့်  အရင်တုန်းက ဆန်တင်ပို့တဲ့အခါမှာ ကျွမ်းကျင်တဲ့ ပညာရှင်တွေပါတဲ့ ဘုတ်အဖွဲ့ ကြီးတစ်ခုကနေ  အလေးချိန်ပြည့်၊ မပြည့်ဆိုတာကို ပြန်ပြီး check လုပ်ပေးတာမျိုး၊ ဆန်စပါးတင်ပို့မှုနဲ့ ပတ်သက်ပြီးတော့ အငြင်းပွားမှု ဖြစ်လာတယ်ဆိုရင်လည်း ဒီဘုတ်အဖွဲ့ကနေ ကူညီဖြေရှင်းတဲ့ စနစ်တစ်ခုရှိခဲ့ပါတယ်။ အခု ဒီဘုတ်အဖွဲ့ကို ပြန်ထားပေးတာမျိုး လိုအပ်နေပြီလားဆိုတာလည်း စဉ်းစားစရာဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာ့ဆန်တင်ပို့မှုနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ဘဏ္ဍာနှစ်က  တန်ချိန် ( ၃.၆ ) သန်းခန့် တင်ပို့နိုင်ခဲ့ပြီး နောက်နှစ်တွေမှာလည်း တန်ချိန် လေးသန်း/ငါးသန်း မှန်းပြီး တင်ပို့နိုင်အောင် ဆောင်ရွက်ကြ ရမှာဖြစ်တဲ့အတွက် ကိုယ့်ဘက်ကနေ အရည်အသွေးအာမခံချက် ပေးနိုင်တဲ့ ဆန်တွေဖြစ်ဖို့ လိုအပ်ကြောင်းလည်း ဒုဝန်ကြီးက အကြံပြု တင်ပြသွားပါတယ်။

Kumudra

Export, Import Read 1358 times