စပါးအခြေခံဈေးနှုန်း သတ်မှတ်နိုင်ဖို့ ကုန်သည်တွေအကြားညှိနှိုင်းပြီး နိုင်ငံတော်အစိုးရစီ တင်ပြကာ ပြည်သူတွေကိုကြေညာပေးမှာဖြစ်သလို အခြေခံဈေးနှုန်းအောက်ကျဆင်းခဲ့ပါက ဘဏ်တွေနဲ့ နိုင်ငံတော်အစိုးရမှ ဝယ်ယူပေးမယ့်အစီအစဉ်တွေကို ချမှတ်ဖို့ အသင်းချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင် ညှိနှိုင်းအစည်းအဝေမှာ ဆွေးနွေးထားတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ပြောပါတယ်။
စပါးဈေးတည်ငြိမ်ဖို့ဟာ နိုင်ငံခြားငွေလဲနှုန်းဈေး တည်ငြိမ်မှုအပေါ်မှာ များစွာမူတည်နေတဲ့အတွက် လယ်ယာထွက်ကုန်ရောင်းဝယ်မှုမှ ဝင်လာတဲ့ငွေတွေကို ဗဟိုဘဏ်မှ ထိန်းညှိဆောင်ရွက်ပေးနိုင်မယ့် မူဝါဒချမှတ်ပေးဖို့၊ ပြည်တွင်းရှိ ဆန်စက်အမျိုးအစားလိုက် ကြိတ်ခွဲနိုင်မှု စာရင်းပြုစုဖို့၊ နယ်စပ်ကုန်သွယ်သူတွေပါဝင်တဲ့ ဈေးနှုန်းညှိနှိုးမှု၊ ပြည်ပကိုထွက်ပြီး ဈေးကွက်ရှာဖွေမှု၊ နိုင်ငံတကာမှာ မြန်မာ့ဆန် နာမည်ကောင်းရရှိဖို့နဲ့ ပြည်ပနိုင်ငံများနဲ့ တင်ဒါဝင်ပြိုင်နိုင်ဖို့ စတာတွေကိုလည်း ဆွေးနွေးခဲ့ပါတယ်။
အသင်းချုပ်အနေနဲ့ မြန်မာ့ဆန်စက်လုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေး အထောက်အကူပြုဖို့၊ အရည်အသွေး စီမံခန့်ခွဲမှုစနစ်တွေ ကောင်းမွန်တိုးတက်လာစေရန် ဆန်စက်အမျိုးအစားလိုက် စက်ကြိတ်ခွဲမှုအဆင့်အတန်းကို စနစ်တကျ စာရင်းပြုစုဖို့နဲ့ မှတ်ပုံတင်ဖို့တွေကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ဒါ့ပြင် ယူနန်ပြည်နယ် ကူမင်းအခြေစိုက်ကုမ္ပဏီနဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ကုန်ပစ္စည်းခြင်း ဖလှယ်စနစ်နဲ့ ဆန်၊ ဆန်ကွဲတင်ပို့ရောင်းချနိုင်ရေး၊ လုံးတီးဆန်၊ ပေါင်းဆန်လုံးတီးတွေကို ပြည်ပတင်ပို့နိုင်ရေး၊ အင်ဒိုနီးရှားနိုင်ငံကို ဆန်တင်ပို့နိုင်ဖို့အတွက် တင်ဒါခေါ်ချိန်မှာ ပါဝင်ယှဉ်ပြိုင်နိုင်ရေး စတာတွေကို ဝန်ကြီးဌာနအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ ကိုယ်စားလှယ်အဖွဲ့မှ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
အသင်းချုပ်နဲ့ Japan Project - Industry Council ပူးပေါင်းပြီးတော့ ဆန်စပါးကဏ္ဍရဲ့ အခြေခံလိုအပ်ချက်များ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စများ၊ မျိုးကောင်း မျိုးသန့် မျိုးစေ့များ ထုတ်လုပ်ဖြန့်ဖြူးမယ့် စနစ်များ၊ ဆန်စပါးကြိတ်ခွဲခြင်းနဲ့ ဖြန့်ဖြူးရောင်းချခြင်းဆိုင်ရာ လုပ်ငန်းများ၊ ဆန်စပါးမှ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်းဆိုင်ရာ လုပ်ငန်းတွေအပေါ် ညှိနှိုင်းပြီး နှစ်နိုင်ငံကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး လုပ်ငန်းတွေ ကို ပူူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီမှုလည်းရရှိထားပါတယ်။
ဆန်နဲ့ ဆန်ကွဲပြည်ပတင်ပို့မှုကို ၂၀၁၈ ခုနှစ်၊ ဧပြီလ ၁ ရက်မှ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်အထိ နိုင်ငံပေါင်း ၅၀ ကို တင်ပို့နိုင်ခဲ့ပါတယ်။ နိုင်ငံပေါင်း ၂၁ နိုင်ငံကို ဆန်ကွဲ စုစုပေါင်းတန်ချိန် နှစ်သန်းကောျ် ( ကန်ဒေါ်လာ သန်း ၆၉၉ ကျော် ) တင်ပို့ထားနိုင်ပါတယ်။ ကုန်သွယ်မှုတွေထဲမှာတော့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ ဆန်နဲ့ ဆန်ကွဲတန်ချိန် ၁၀ သိန်းကျော်စီ အသီးသီးရရှိထားပါတယ်။
၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်မှာ ပြည်ပကို ဆန်တန်ချိန် ၃ ဒသမ ၅ သန်းတင်ပို့နိုင်ခဲ့ပြီး ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ တစ်ဘီလျံကျော်ရရှိခဲ့ပါတယ်။ အထက်ပါအတိုင်း ပြည်ပကို ဆန်တင်ပို့နိုင်မှုပမာဏဟာ နှစ်ပေါင်း ၅၀ ကျော်အတွင်း တင်ပို့မှုအများဆုံး စံချိန်တစ်ခုလည်းဖြစ်ခဲ့ပါတယ်။
ဒါ့ကြောင့် ဆန်စပါးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးကို ထိထိမိမိ ဆောင်ရွက်နိုင်ဖို့ဆိုရင် တိုင်းဒေသကြီးနဲ့ ပြည်နယ်၊ မြို့နယ်တွေမှာ တိုးချဲ့ဖွဲ့စည်းတဲ့အခါ ဆန်စက်လုပ်ငန်းရှင်တွေ၊ ဆန်ကုန်သည်နဲ့ တောင်သူလယ်သမားတွေပါဝင်လာဖို့လိုအပ်ပါတယ်။
The Farmer Media