ပြည်ပသို့ပဲတင်ပို့မှု ယမန်နှစ်ထက်ကျဆင်း


14 June, 2018

၂၀၁၈ ခုနှစ် ဧပြီနှင့် မေလ နှစ်လအတွင်း ပြည်ပသို့ ပဲမျိုးစုံတင်ပို့ပြီး ယခင်နှစ်ကာလတူထက် တန်ချိန် ၁ ဒသမ ၅ သိန်း လျော့နည်းနေကြောင်း ပြည်တွင်းဈေးကွက်တွင် ဇွန်လမှစ၍ ပဲဈေးဆက်တိုက်ကျဆင်းနေကြောင်း သိရပါသည်။

မြန်မာနိုင်ငံအနေဖြင့် ပဲမျိုးစုံကို ပြည်ပသို့တင်ပို့မှုအနေဖြင့် ၂၀၁၈ ခုနှစ်တွင် တန်ချိန် ၂ သိန်း၊ တန်ဖိုးအားဖြင့် ဒေါ်လာ ၁၂၉ သန်း တင်ပို့နိုင်ခဲ့ပြီး ယခင်နှစ်ကာလတူထက် တန်ချိန်အားဖြင့် ၁ ဒသမ ၅ သိန်း၊ တန်ဖိုး ဒေါ်လာ ၁၃၃ သန်း လျော့နည်းတင်ပို့ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသည်။

မြန်မာနိုင်ငံမှ ပဲအများဆုံးတင်ပို့သည့်နိုင်ငံများမှာ အိန္ဒိယ၊ တရုတ်၊ ဂျပန်၊ ပါကစ္စတန်၊ စင်ကာပူနှင့် မလေးရှားနိုင်ငံတို့ဖြစ်ပြီး ပဲတင်ပို့မှု၏ ၉၀ ရာခိုင်နှုန်းကျော်မှာ အိန္ဒိယနိုင်ငံဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်တွင် ပဲအများဆုံးထုတ်လုပ်သော နိုင်ငံဖြစ်ပြီး ပဲအများဆုံးစားသုံးသောနိုင်ငံလည်းဖြစ်သဖြင့် ပြည်ပမှ ပဲအများဆုံးတင်သွင်းလျက်ရှိကြောင်း သိရပါသည်။

အိန္ဒိယနိုင်ငံအနေဖြင့် ၂၀၁၇ ခုနှစ် သြဂုတ်လတွင် ပဲစင်းငုံတင်သွင်းမှု တစ်နှစ်လျှင် တန်ချိန်နှစ်သိန်းနှင့် မတ်ပဲ၊ ပဲတီစိမ်းတင်သွင်းမှု တစ်နှစ်လျှင် တန်ချိန် သုံးသိန်းကန့်သတ်လိုက်ခြင်းကြောင့် ပဲတင်ပို့မှုလျော့နည်းသွားခြင်းဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံနှင့် G to G သဘောတူညီချက်ဖြင့် ပဲဆက်လက်တင်ပို့နိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့မှုများကြောင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် မတ်ပဲတန်ချိန် ၁ ဒသမ ၅ သိန်း တင်သွင်းခွင့်ပြုသည့်အတွက် ပဲတင်သွင်းမှုကန့်သတ်ချက်များရှိကြောင်း သိရပါသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း အိန္ဒိယနိုင်ငံ၏ ပဲတင်သွင်းမှု ကန့်သတ်ခံခဲ့ရခြင်းကြောင့် တင်ပို့မှုပမာဏလျော့နည်းခဲ့ပြီး နိုင်ငံတကာပဲဈေးများ ကျဆင်းမှုကြောင့် တင်ပို့မှုမှရငွေလည်း သိသိသာသာကျဆင်းသွားကြောင်း သိရပါသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၁၃ သိန်းကျော် တင်ပို့ခဲ့ပြီး ဒေါ်လာ ၈၈၃ သန်းကျော်ရရှိခဲ့ကာ ယခင်ဘဏ္ဍာနှစ်နှင့် နှိုင်းယှဉ်ပါက တန်ချိန် တစ်သိန်းကျော်၊ ရငွေဒေါ်လာ သန်း ၅၀၀ ကျော် လျော့နည်းခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ကုန်သွယ်စာရင်းများအရ သိရပါသည်။

ဘုရင့်နောင်ကုန်စည်ဒိုင်မှရရှိသော စာရင်းများအရ မေ ၄ ရက်တွင်ဖြစ်ပေါ်သော ပဲဈေးနှုန်းများမှာ မတ်ပဲ (FAQ/RC) တစ်တန်လျှင် ကျပ် ၃၈၂၀၀၀၊ မတ်ပဲ (SQ/RC) တစ်တန်လျှင် ကျပ် ၅၂၀၀၀၀၊ ပဲစင်းငုံနီ (RC) တစ်တန်လျှင် ကျပ် ၃၄၀၀၀၀ တို့ဖြစ်ပြီးနောက်ထပ် တစ်လဝန်းကျင်အကြာ ဇွန် ၅ ရက်တွင် မတ်ပဲ (FAQ/RC) တစ်တန်လျှင် ကျပ် ၅၃၄၀၀၀၊ မတ်ပဲ (SQ/RC) တစ်တန်လျှင် ကျပ် ၆၉၃၀၀၀၊ ပဲစင်းငုံနီ (RC) တစ်တန်လျှင် ကျပ် ၅၃၀၀၀၀ အထိမြင့်တက်ခဲ့သည်။

မေ ၄ ရက်နှင့် ဇွန်လ ၅ တွင် ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများကိုနှိုင်းယှဉ်ပါက မတ်ပဲ (FAQ/RC) တစ်တန်လျှင် ၁၆၁၀၀၀၊ မတ်ပဲ (SQ/RC) တစ်တန်လျှင် ကျပ် ၁၇၃၀၀၀၊ ပဲစဉ်းငုံနီ (RC) တစ်တန်လျှင် ကျပ် ၁၉၀၀၀၀ မြင့်တက်ခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ဇွန်လ ၈ ရက်တွင် မတ်ပဲ (FAQ/RC) တစ်တန်လျှင် ၅၀၉၀၀၀ ကျပ်၊ မတ်ပဲ (SQ/RC) တစ်တန်လျှင် ၆၆၁၀၀၀ ကျပ်၊ ပဲစဉ်းငုံနီ (RC) တစ်တန်လျှင် ကျပ် ၅၀၄၀၀၀ ဈေးရှိခဲ့သည်။

ဇွန်လ ၁၂ ရက်တွင် မတ်ပဲ (FAQ/RC) တစ်တန်လျှင် ၄၉၆၉၀၀၀ ကျပ်၊ မတ်ပဲ (SQ/RC) တစ်တန်လျှင် ၆၆၂၀၀၀ ကျပ်အထိ ပဲဈေးဆက်တိုက်ကျဆင်းနေကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ သိရပါသည်။

Daily Eleven

Local News Export, Import Read 502 times